Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Friday, February 18, 2011

Natma Taung National Park, Chin State

နတ်မတောင်အမျိုးသားဥယျာဉ် ဟာအလွန်လှပပြီး သဘာဝအရင်းအမြစ်များ ကလည်း ထူးခြားတဲ့ တန်ဘိုးများရှိတာကြောင့်၊နိုင်ငံခြားသားသိပ္ဗံပညာရှင်များ စိတ်ဝင်စားခြင်းကိုအထူးခံရတဲ့ဒေသဖြစ်ပါတယ်။ သူ့ ရဲ့ ထူးခြားမှုထဲမှာ မျက်ခုံးမွေးဖြူငှက်ပြာခြောက် (White-browed Nuthatch) ဆိုတဲ့မြန်မာပြည်ဒေသစွဲ (Endemic) ငှက်ကလေးကထိပ်ဆုံးကပေါ့။ (သူ့ ပုံလေးကိုဒီမှာ ဒီမှာ သွားကြည့်နိုင်ပါတယ်)

Natma Taung National Park, Chin Hills    photo: Iora

 သူကကမ္ဘာကြီးတခုလုံးမှာမှ မြန်မာပြည်၊ မြန်မာပြည်မှာမှ ဟိုးချင်းပြည်နယ် တောင်တန်းတွေ ကြားထဲက ကန်ပက်လက်နဲ့ မင်းတပ် အနားမှာရှိတဲ့ နတ်မတောင် ရဲ့ ၀က်သစ်ချတော တွေ နဲ့ တောင်ဇလပ်တောတွေကြားမှာမှ မွေ့ ပျော်တာပါရှင်။ ဒါပေမဲ့ လွယ်လွယ်နဲ့ တော့ မတွေ့ နိုင်သေးဘူးနော်။ သူက မီတာ ၂၃၀၀ နဲ့ ၃၀၀၀ ကြားမှာဘဲနေတာပါ။

Natma Taung National Park: photo by Iora
ဒီငှက်ကလေးကို ဒုတိယ ကမ္ဘာစစ်မတို်င်ခင် ၁၉၃၈ လောက်မှာ မှတ်တမ်းတင်ပြီးနောက်ပိုင်းဘယ်သူကမှတွေ့  တယ် လို့ မကြားရတော့ဘဲ သူ ဟာရှိမှရှိသေးရဲ့ လား၊ မျိုးများပြုန်းသွားပြီလားဆိုပြီး အတွေးများစေခဲ့တဲ့ ငှက်ကလေးဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ထဲမှာတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံရပ်ခြား က ငှက်ပညာရှင်များကြားမှာပါ။ တနေ့ တော့ အင်ဂလန် နဲ့ အမေရိကန် က ငှက်ပညာရှင်တွေ ပေါင်းပြီး ဒီငှက်ကလေးကို ရှာဘို့ ရောက်လာကြပါတော့တယ်။ ၁၉၉၄ ခုနှစ်လောက်မှာပါ။ 

ကျမကတော့ ခရီးစဉ်စပြီး မကြာခင်မှာဘဲ Smithsonian Institution ကသိပ္ဗံပညာရှင် နဲ့ ခရီးစဉ်ပြောင်းပြီး ဖလမ်းဘက် ကချင်းတောင်တန်း "ကနေဒီ"တောင်ကြောဘက်က ငှက်တွေကို သွားပြီးသုတေသန လုပ်ဘို့ အကြောင်းဖန်လာခဲ့ လို့ မပါသွားတော့ ဘဲ မြောက်ပိုင်းချင်းတောင်တန်းတွေ ဘက်ရောက်သွားခဲ့ရပါတယ်။ ရန်ကုန် ပြန်ရောက်တော့မှ ကြားရတာကတော့ မချင့်မရဲဖြစ်စရာပါ။ သူတို့ တွေ အဲဒီငှက်ကလေးကို တွေ့ ခဲ့ကြရပါတယ်။ 

သူတို့ ကြောင့် စခဲ့ရတဲ့ ကျမရဲ့ အဲဒီငှက်လေးကို မျက်မြင်တွေ့ ချင်ခဲ့တဲ့ အိမ်မက်လေးလည်း ရပ်တန့် သွားခဲ့ရတယ်လေ။ အဲဒါဟာ သက်ရှိထင်ရှားရှိနေကြတဲ့ ဘယ်သိပ္ဗံပညာရှင် မှ သဘာဝအတိုင်း မမြင်ဘူးဘဲရှိနေကြရာ ကနေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ ရှိခဲ့ရတာဘဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါးကြာမှ ပြန်တွေ့ ခဲ့ရတာပါ။ သူတို့ တွေဟာ အဲဒီငှက်ကလေးကို တွေ့ လိုက်ရချိန်မှာ စိတ်လှုပ်ရှားလွန်းလို့  လက်ထဲက ကိုင်ထားတဲ့ စာအုပ်တွေတောင် ပြုတ်ကျကုန်ကြပါသတဲ့။ 

ဒီငှက်ကလေးအပြင် အခြား Restricted range species လို့ ခေါ်တဲ့ ကျက်စားရာဒေသကျဉ်းကျဉ်းလေးသာရှိတဲ့ အခြား ရှားပါးငှက် အချို့ ကိုလည်းဒီ အမျိုးသားဥယျာဉ် ထဲမှာ ထူးထူးခြားခြား တွေ့ နိုင်ပြန်သေးတယ်လေ။ 
ဒါတင်မကသေးဘူးနော်။ အပင်တွေ (flora) ပိုင်းကို ကြည့်ရင်လည်း ဒေသစွဲ အပင်တွေ ရှိသေးတယ်နော်။ ဒါလည်း ကျမတို့ မြန်မာတွေ ဂုဏ်ယူရမဲ့ သဘာဝအရင်းအမြစ်တွေပါ။ သူတို့ အကြောင်းကို လည်း အလျဉ်းသင့်တဲ့ အခါ မျှဝေချင်ပါသေးတယ်။ ဒီနေ့ တော့ စိတ်ကူးသင့် သလို အတွေးလေးတွေ ဆက်လိုက်ကြပါတော့နော်။



 


3 comments:

  1. ချင်းတောင်လေးလာကြည့်တယ် လှလိုက်တဲ့ရှူခင်းတွေနော်
    အပေါ်ဆုံးက ပုံလေးမြင်ပြီ မြစ်ကြီးနားတောင် ချက်ချင်းပြန်ချင်သွားတယ်

    ReplyDelete
  2. တခါတုန်းက ငှက်ကြည့်ဝါသနာရှင် အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ ခရီးသွားခဲ့ ဖူးတယ်၊ သူပြလို့ ပုဂံမှာ endemic ငှက်တစ်မျိုးကို တွေ့ခဲ့ရတယ်၊ ကျနော် အမှတ်မမှားရင် White-throated Babbler ပါပဲ၊ ပုဂံမှာတော့ အဲဒီငှက်တွေ တော်တော်များများ ရှိနေတုန်းပဲ၊

    ဒီပို့စ်လေးကို စိတ်ဝင်စားတယ်...။

    ReplyDelete
  3. Baby ရေ....
    ဟုတ်တယ်၊ အရမ်းလှတာ..ကချင်ပြည် လည်း အရမ်းလှတာမို့ လို့ ထပ်သွားချင်သေးတယ်။
    ဒို့  ဖွန်ကန်ရာဇီ ရေခဲတောင်ကို ပူတာအို ကနေတဆင့် သွားတက်ခဲ့ဘူးတယ်။ ပူတာအို မှာလည်း project တခုသွားလုပ် ပြီးပြန်တော့ လေယာဉ်လက်မှတ်မရလို့ မြစ်ကြီးနား မှာ တစ်ပါတ်လောက် သောင်တင်နေခဲ့ဘူးလို့ မြစ်ကြီးနားစာ တွေလည်းသဘောကျတယ်။

    ကိုညီလင်းသစ်..
    ဟုတ်တယ်။ ဟုတ်တယ်။ အဲဒီငှက် ကတော့ endemic ဆိုပေမဲ့ range ကကြီးလို့ ထင်တယ် အခြေအနေ ကောင်းတယ်။
    Thanks for sharing your interest. စိတ်ဝင်စားလို့ ဝမ်းသာမိပါတယ်ရှင်။

    ခင်မင်လေးစားသော
    Iora

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။