Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, July 17, 2011
အိမ်ချက်ဒန်ပေါက်၊ ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီးအချဉ်သုပ်
 ဒန်ပေါက်ချက်နည်းတွေက တော့ လွယ်လွယ်တွေ့ နေရတာဆိုတော့ ရေးနေဘို့ မလိုတော့ဘူးထင်ပါတယ်။ ကြက်သားဘဲလွယ်လွယ်ကြော်စားလိုက်မယ်တွေးထားပြီး ရုတ်တရက်စိတ်ကူးပြောင်းပြီး ကမန်းကတန်းဘဲချက်ဖြစ်လိုက်ပါတယ်။ အဲဒီအရင်နေ့ က ကုလားဆိုင်က နေဈေးဝယ်ထားတော့ အာရုံက လွယ်လွယ်ရောက်သွားတာဖြစ်မယ်ထင်ပါတယ်။
 ကုလားဆိုင်က၀ယ်လာတဲ့ သရက်သီးသနပ်နဲ့ တွဲစားပါတယ်။
ကြက်သားကရင်ပုံတွေချည့်ဆိုတော့ သိပ်နှပ်ဘို့ မလိုဘူးလေ။ ခဏလေးနဲ့ နူးတယ်။ ဒိန်နဲ့ မဆလာနဲ့ တော့ ၁၅မိနစ်လောက်နှပ်လိုက်ပါတယ်။ ပြီးမှ ပြုတ်ကြော်ဆန်ဆန်လုပ်ပြီးမှ ထမင်းတလွှာကြက်သားတလွှာထဲ့ပြီးနှပ်တာပါ။ ပုံထဲကအတိုင်း စပျစ်ခြောက်၊ ကြက်သွန်နီကြော်မဆလာမွှေထားတာတွေ၊ ဆီတွေ၊ အရောင်ရည်တွေ ထဲ့ပြီး ထမင်းကိုနှပ်လိုက်တာပါ။
 ချဉ်ပေါင်ဟင်းချိုလေးနဲ့ ဆိုတော့ အအီပြေတာပေါ့။
 ငရုတ်သီးစိမ်းကိုလည်း ဆားနဲ့ တို့ ပြီးကိုက်စားရင် ဒန်ပေါက်နဲ့ လိုက်တယ်လေ။
 သခွားသီးသုပ်ကို ပူစီနံ ထဲ့ ငရုတ်သီးစိမ်းထဲ့ပြီး သံပုရာသီးနဲ့ ချို၊ချဉ်၊စပ်သုပ်ပါတယ်။
ဘာလချောင်ကြော်ကတော့ နောက်တခေါက်စားမှ ကြော်ဖြစ်တယ်။ ပထမတခါက အရမ်းဗိုက်ဆာနေလို့ မစောင့်နိုင်ကြတော့လို့ ဒီတိုင်းစားလိုက်ကြပါတယ်။ ဘာလချောင်ကြော်နဲ့ ဆိုတော့ပိုလိုက်တာပေါ့။
အချိုပွဲအဖြစ် အအီပြေ စတော်ဘယ်ရီ လေးနဲ့ ..
ခုတလော..စိတ်မကောင်းစရာတွေချည့်ကြားနေရလို့ ဘာမှမလုပ်ချင်လောက်အောင်စိတ်တွေ ညှိုးနွမ်းနေမိပါတယ်။ ဒါက ဟိုး ပြီးခဲ့တဲ့ အပါတ်ကလုပ်စားဖြစ်တာပါ။
ခံစားချက်တွေတောင်ရေးဖြစ်တော့မလို့ ၊သိပ်ကိုယ်ရေးကိုယ်တာဆန်ပြီး လာဖတ်သူတွေကို အားနာစရာဖြစ်ကုန်မှာစိုးတာနဲ့ ဘဲ။ ဘရိတ်အုပ်ထားရတယ်။
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေရှင်။
ခင်မင်လေးစားသော
အိုင်အိုရာ
ဂျေဂျေရေ..ငှက်အကြောင်း အချိန်နဲ့ လူအားရင် ရေးမယ်နော်။ ခုတော့ခွင့်လွှတ်။
Friday, July 1, 2011
မြန်ကောင်းသက်သာ ငါးအိုးကင်းပူတို်က် နဲ့ ထမင်းနယ်
 ဟိုးပြီးခဲ့တဲ့ အပါတ်က အပူကန်သလို ဖြစ်ပြီးသွားဖုံးတွေ ကြွနေလို့ အစာစားရင် နာနာနေတာနဲ့ အမာတွေမစားချင်ပါဘူး။ ဆန်ပြုတ် တရက်သောက်ကြည့်ပါသေးတယ်။ ကိုယ်က ဆန်ပြုတ်တို့ ခေါက်ဆွဲပြုတ် တို့ သိပ်ကြိုက်လှတာ မဟုတ်တော့ ဟုတ်တိပတ်တိမစားပါဘူး။
 ပါးစပ်ကသာနာတာ လူကအကောင်းကြီးဆိုတော့ သိပ်ဗိုက်ဆာတာပေါ့။ ဒါနဲ့ ထုံးစံအတိုင်း မြန်ကောင်းသက်သာနည်းကို အမေပြောတဲ့ မဟော်သဓါ ဥာဏ်နဲ့ စဉ်းစားပြီး ကိုယ့်ကိုကိုယ် ပြုစုရင်း သူ့ အတွက် ပါလုပ်ကျွေးဖြစ်ပါတယ်။
 ထမင်းကို ရေလေးတောက်ပြီး မိုက်ခရိုဝေ့နဲ့ အရင်အပူပေးလိုက်ပါတယ်။ ပျော့သွားအောင်လို့ ။ ပြီးတော့ရှမ်းထမင်းချဉ်နယ်သလို ကြေအောင် နယ်ပါတယ်။ မနယ်ခင် ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ ကြက်တံဆိပ်ငရုတ်ဆီ၊ ကြက်သားမှုန့် နဲနဲ ထဲ့။ သူငယ်ချင်းပေးထားတဲ့ ပဲပုတ်မှုန့် ကုန်နေပြီထင်တာ၊။ အမြဲအဆင်သင့်လုပ်ထားတတ်တဲ့ ဆီချက်ပုလင်းတွေ၊ ငရုတ်သီးဆီကြော်ပုလင်းတွေ ဆွဲထုတ်ရင်း နဲ့ ပဲပုတ်မှုန့် ဘူးလေးလည်း တွေ့ တာနဲ့ အဆင်ပြေသွားပြီး ထဲ့နယ်လိုက်ပါတယ်။  အားလုံးသမသွားအောင် ထမင်းကိုလည်း တော်တော်ကြေသွားအောင် နယ်လိုက်ပါတယ်။ အချဉ်ကြိုက်ရင်တော့ သံပုရာသီး တို့ မန်ကျည်းရည်တို့ ထဲ့နယ်နိုင်ပါတယ်။ သူ ကတော့ သံပုရာ သီးညှစ်စားပါတယ်။
ထမင်းအပူမပေးထားခင်မှာလည်း ရေဆေးထားတဲ့မက်ကရယ်ငါးကို ခပ်မြန်မြန်ဘဲ သံပုရာသီး၊ ဆားနဲနဲ၊ ကြက်သားမှုန့် နဲနဲ နဲ့ ဘဲနယ်ပြီးခဏထားလိုက်ပါတယ်။ ပြီးတော့ ထမင်းနယ်နေတုန်းမှာ မကပ်တဲ့ဒယ်အိုးမှာ ဆီပါးပါးလေး ဖြန်းလိုက်ပါတယ်။ ပြီးတော့ ငါးကို ကိုယ်ကြိုက်တဲ့အနေ ခဏဘဲထား ပြီး ပုံထဲက အရောင်မျိုးလေး ဖြစ်လာရင် တဖက်လှန်ပေးပါတယ်။ ငါးကကျက်လွယ်တော့ ခဏလေးနဲ့ ကျက်ပြီးမွှေး တက်လာပါတယ်။ ကြိုက်တတ်ရင် ဂျင်းရည်တို့ ကြက်သွန်ဖြူရည်တို့ ညှစ်ပြီးနှပ်နိုင်ပါတယ်။ ကျမကတော့ မက်ကရယ်ငါး က ငါးသလောက်နံ့ နဲ့ တူတာကြိုက်လို့ သူ့ အနံ့ လိုချင်လို့ မထဲ့ပါဘူး။
ထမင်းလည်းစိတ်တိုင်းကျ နယ်အပြီး ငါးလည်းကျက်။ ပန်းကန်ချ ဘာချ လုပ်တုန်း နဲနဲလေးပြန်အပူပေးလိုက်ပါသေးတယ်။ ပြီးတော့မှ ရှမ်းထမင်းချဉ်စားသလိုမျိုး အလုံးလေးလုပ်ပြီး ပန်းကန်ထဲကို ပြားပြားလေးပြင်ထဲ့ပါတယ်။ နံနံပင်လေး၊ ကြက်သွန်ဖြူဆီချက်ဖတ်လေး၊ ငရုတ် သီးဆီကြော်ဖတ်လေး  အပေါ်ကတင်၊ ပဲပုတ်မှုန့် လေး နဲ့ ငရုတ်သီးတောင့်ကြော်လေး ဘေးမှာ ကပ်ပေးလိုက်တော့ စားချင်စဖွယ်လေးဖြစ်သွားပါတယ်။ ကျမလည်း ထမင်း မစားဖြစ်တာ နှစ်ရက်လောက်ဆိုတော့ အရမ်းစားလို့ ကောင်းသွားပါတယ်။
 ဒါက ညဘက်မှာ အရင်လုပ်စားဖြစ်တာပါ။ နှစ်ယောက်သား လျှာတွေ့ နေကြတော့ (ကိုယ်ကတော့ သွားဖုံးကလည်းနာတုန်းဆိုတော့) ကြက်ဥ မပါတာက နောက်နေ့ လုပ်စားဖြစ်တာပါ။
ပုံတွေ အများကြီးထဲ့ထားပါတယ်။ ကြိုက်တဲ့ပန်းကန်သာ ဆွဲစားပါတော့။ စာတွေများရင် ပျင်းမှာစိုးလို့ လေ။ ဖွင့်မရရင်တော့ ပြန်ဖြုတ်လိုက်တာပေါ့။
အချိုပွဲကတော့ ကော်ဖီခါးခါးစိမ့်စိမ့်ကို ခရင်မ်ထဲ့ပြီး ခွက်ကြီးနဲ့ သောက်ပါတယ်။ ဟုတ်ပါတယ်။ တခါတခါ လူကလုပ်ချင်တာ လျှောက်လုပ်တာ။ ခွက်ကြီး ကိုဇိမ် နဲ့ သောက်တာ။
 ခရင်မ်မထဲ့ခင် အငွေ့ တထောင်းထောင်း နဲ့  ( ခရင်မ် မကြိုက်သူများအတွက် )
ခရင်မ်ထဲ့ပြီး..
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ