Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, February 8, 2013
ခံစားမှုပေးတဲ့နေရာလေး
ဒီနေရာလေးကိုစွန့် ခွာရမယ်ဆိုတော့စိတ်ထဲမှာတမျိုးဘဲခံစားရတယ်။
ဒီနေရာလေးမှာအချိန်ရတိုင်းထိုင်ခဲ့တယ်။ စိတ်ညစ်စရာတွေစိတ်ပျော်စရာတွေစိတ်ဓါတ်ကျစရာတွေစိတ်ဓါတ်တက်စရာတွေ
လွမ်းဆွေးစရာတွေတမ်းတစရာတွေမကျေနပ်တာတွေကျေနပ်တာတွေအားငယ်ရတာတွေအားကျရတာတွေ
မချင့်မရဲဖြစ်ရတာတွေအားရတာတွေအလိုမကျတာတွေပီတိဖြစ်ရတာတွေ....အစုံပါဘဲလေ။
အားလုံးကသုံးထပ်တိုက်တွေချည့်ဘဲ။ အဲတိုက်ဆိုလို့ ပြောရဦးမယ်။ တကယ်တော့တိုက်နဲ့ တူအောင်ဆောက်ထားတာတွေပါ။ အမြင်မှာတိုက်အိမ်အတိုင်းဘဲ။ ခေါက်ကြည့်ကိုင်ကြည့်မှသစ်သားလားကြိတ်သားလားအဲဒီလိုအသားမျိုးတွေနဲ့ တည်ဆောက်ထားတာပါ။
ဒါကြောင့်မြန်မာပြည်မှာတုန်းကအမေရိကန်ရုပ်ရှင်တွေကြည့်ရင်ကားတွေဖြတ်တိုက်ပြီးတစ်ဘက်ကပြန်ထွက်လာတာတို့ 
လူတို့ ပစ္စည်းတို့ အင်နဲ့ အားနဲ့ ဆွဲပစ်လိုက်ရင်အိမ်နံရံကိုပေါက်ပြီးထွက်သွားတာတွေမြင်ခဲ့ရတာကိုးလို့ အတွေးတွေရခဲ့ရသေးတယ်။
ထူးခြားတာကဒီဘက်ကအိမ်တွေကမြန်မာပြည်ကလိုမျိုးခေါင်မိုးတွေကိုမမြင်ရဘူး။ နံရံအမြင့်ဆုံးသွားတာနဲ့ တုံးတိတိဘဲပြီးသွားတယ်။ အုပ်မိုးထားတဲ့ခေါင်မိုးကိုမတွေ့ ရဘူး။ မတွေ့ ရဘူးဆိုတာထက်ရှိကို်မရှိဘူး။ ရေလုံမိုးလုံဖြစ်အောင်ဘယ်လိုများဆောက်ထားတယ်ဆိုတာထိတော့လည်း
ဆက်မတွေးချင်တော့မသိချင်တော့ပါဘူး။ ကျမမှာတစ်ခြားတွေးစရာတွေအများကြီးရှိနေသေးတယ်လေ။
အဲဒီတိုက်တွေထိလှမ်းမကြည့်ပဲ အနီးအနားကိုပဲကပ်ပြီးငေးမိမယ်ဆိုရင်တော့ကျမတစ်ခါကမိုးတမနက်ရဲ့ခံစားချက်မှာရေးခဲ့သလိုဘဲ ပြူတင်းနဲ့ ကပ်လျက်မှာ
ရနံ့ ကိုကိုယ်မှာစွဲပြီးရနေတော့တာဘဲ။ ခြံထဲမှာဟိုတိုးဒီတိုးဟိုကြည့်ဒီကြည့်စပ်စပ်စုစုထွေလီကာလီတွေတွေလုပ်နေရင်လည်း
သူ့ စီကအနံ့ ကစွဲပြီးဆက်ရနေတုန်းဘဲ။
ဒီမှာကလည်းအဲဒီလို သံပုရာတို့ ရှောက်တို့ လိုအမျိုးတွေအမျိုးစုံလင်များပြားလွန်းလို့ ဘယ်ဟာကရှောက်ဘယ်ဟာကလိမ္မော် ဘယ်ဟာကသံပုယို၊ သံပုရာမခွဲတတ်နိုင်အောင်ပါဘဲ။ အဲဒီတော့ကျမကခြံထဲကအပင်ကရှောက်သီးပုံနဲ့ ပိုတူလို့ ရှောက်သီးလို့ ဘဲကိုယ့်ဖာသာကိုယ်သဘောတူခေါ်တယ်လေ။
အရွက်ကတော့ရှောက်ရွက်စစ်စစ်နဲ့ မတူပြန်ဘူး။ ဒါပေမဲ့သံပုယိုရွက်နဲ့ လည်းမတူလှပြန်ဘူး။ ဒီတော့ကျမကသူ့ ကိုအပင်ကိုရှောက်ပင်အသီးကိုရှောက်သီးလို့ ဘဲခေါ်တယ်။
ပုတုန်းငှက်လေးတွေဝတ်ရည်လာလာစုတ်တဲ့ပန်းဆီရောင်ပန်းလှလှလေးတွေပွင့်တဲ့အပင်လေးလည်းရှိသေးတယ်။
မြေပြင်ဖက်ကိုစိုက်ကြည့်လိုက်ရင်တော့အိမ်ရှင်စိုက်ထားတဲ့စိမ်းဖါးဖါးအရွက်လှလှတွေကြားထဲက
လိမ္မော်ရောင်ပန်းလှလှတွေလှိုင်နေအောင်ပွင့်နေကြတာအမြဲလိုမြင်နေရတာပေါ့။ ချင်းပြည်မှာအဲဒီပန်းလေးတွေကိုတောင်ကြာလို့ ခေါ်ကြတယ်။ ချင်းပြည်မှာအဲဒီပန်းလေးတွေစတွေ့ ဘူးတုန်းကလည်းသိပ်နှစ်သက်မိတာဘဲ။
အဲဒီပန်းလေးတွေကစားလို့ ရတယ်တဲ့။ ဒါပေမဲ့ကျမတော့အလှဆင်တာကလွဲလို့ မစားဖြစ်ခဲ့ဘူး။ အရွက်တွေသာစားလို့ ရတယ်ဆိုရင်အမြဲအညွန့် လေးတွေနဲ့ စိမ်းစိုလတ်ဆတ်နေတဲ့အဲဒီအရွက်တွေကိုကျမစားဖြစ်ခဲ့မှာ
သေချာပါတယ်။
အဲဒီလိမ္မော်ရောင်ပန်းခြုံခင်းလေးနဲ့ ကပ်လျက်မှာသစ်သားပြားတွေနဲ့ ကာထားတဲ့ခြံစည်းရိုးရှိတယ်။ ပန်းတွေနဲ့ သစ်သားပြားစည်းရိုးကလိုက်ဖက်လွန်းတယ်လို့ ကျမထင်မိတယ်။ သစ်သားပြားကသဘာဝအရောင်ညိုမွဲမွဲနဲ့ လေ။
သစ်သားစည်းရိုးနဲ့ ကပ်လျက်မှာတော့တစ်ဖက်ခြံကစိုက်ထားတဲ့သစ်ပင်စိမ်းတောက်တောက်ကြီးကိုမြင်နေရပြန်ပါတယ်။
အဲဒီအပင်ကြီးကကျမတို့ ဟိုးငယ်ငယ်တုန်းကအမြဲစိတ်ကူးတွေ၊ စာအုပ်တွေပြက္ခဒိန်တွေထဲကအမြင်တွေနဲ့ မှန်းပြီးပုံဆွဲခဲ့တဲ့ခရစ်စမတ်သီးအနီလေးတွေနဲ့  အရွက်ပတ်လည်ချွန်ချွန်လေးတွေနဲ့ စိမ်းတောက်တောက်လေးတွေရဲ့
အပင်ပါလားဆိုတာအဲဒီအပင်ကြီးမှာအသီးနီနီလေးတွေအရွက်ချွန်ချွန်လေးတွေကို အနီးကပ်မျက်စိနဲ့ တပ်အပ်တွေ့ မှသိတော့တယ်။
အဲဒီအသီးနီလေးတွေနဲ့ အရွက်ချွန်တွေကိုမကြာမကြာကြည့်မိမြင်မိတော့ကြည့်မိမြင်မိတိုင်းကျမငယ်ငယ်ကပို့ စကဒ်
ကြည်နူးရတာကတော့သူတို့ ဖန်တီးပေးခဲ့တဲ့ပန်းချီကားတွေ ပို့ စကဒ်တွေနဲ့ အတူကျမကိုချစ်လို့ လုပ်ပေးခဲ့တဲ့ပန်းချီတွေပို့ စကဒ်တွေနောက်ကွယ်ကနွေးထွေးနုညံ့တဲ့မေတ္တာကိုခံစားသတိရမိလို့ ပါ။
အခုကျမဒီနေရာလေးမှာဆက်ထိုင်နိုင်တော့မှာမဟုတ်ဘူးဆိုတော့အမျိုးအမည်မဖေါ်ပြနိုင်တဲ့ခံစားမှုတမျိုးရင်ထဲကို
ရောက်ရောက်လာတယ်။ ကျမဟာဘာဖြစ်လို့ မမြဲတဲ့အရာတွေကိုတွယ်တာမှန်းမသိတွယ်တာနေမိတာလဲလို့ တွေးနေမိတယ်။
တကယ်တော့ဒီမြင်ကွင်းလေးဟာဒီကိုရောက်မှရလာတဲ့မြင်ကွင်းလေးပါ။ ဒါပေမဲ့မြင်ကွင်းလေးနဲ့ တစ်ဆက်တည်းကျမဘ၀နဲ့ ပတ်သက်မှုတွေကို
သယ်ဆောင်ပေးလာတတ်တာလေးကိုကျမနှစ်သက်နေမိသလိုပြူတင်းဘေးကပ်လျက်ကပန်းပင်လေးကပန်းပွင့်လေးတွေကို
အမြဲလာပြီးမနားတမ်းတောင်ပံခတ်ရင်းဝတ်ရည်စုတ်တတ်တဲ့လက်မလောက်ပဲရှိတဲ့ငှက်ပုတုန်း (၀တ်ရည်စုတ်တတ်တဲ့ Humming birds)လေးတွေကိုလည်းတွယ်တာနေမိတယ်။
ကျမဒီနေရာမှာဘဲထိုင်ပြီးဒီစာကိုရေးနေမိတယ်။
နောင်ကိုဒီလိုအတွေးတွေအမြင်တွေကိုစဉ်းစားပြီးရေးရင်ဒီလိုရေးနိုင်မယ်မထင်ဘူး။ ပီပီပြင်ပြင်လေးလည်းမှတ်မိချင်မှမှတ်မိလိမ့်မယ်။ မှတ်မိချင်လည်းမှတ်မိလိမ့်မယ်။ မပြောတတ်ဘူး။ ကျမရင်ထဲမှာဘယ်အထိစွဲနေမလဲဆိုတာတကယ်ခွဲသွားတော့မှသိမှာပေါ့။ ဒါပေမဲ့ကြာလာပြန်တော့အရာအားလုံးေ၀၀ါးပြီးမေ့သွားရပြန်တာပါဘဲ။ ဒါကိုလည်းသိဘူးခံစားဘူးလျက်ရဲ့
ကျမခံစားချက်လေးကိုဒီနေရာလေးနဲ့ မခွဲခွာခင်မှတ်တမ်းရေးထားချင်မိတယ်။
သစ်ပင်လေးတွေစိမ်းစိုနေတဲ့ ဒါမှမဟုတ် စမ်းချောင်းလေးစီးနေတဲ့ ဒါမှမဟုတ် တောင်တန်းပြာမှိုင်းမှိုင်းကြီးတွေလှမ်းမြင်နေရတဲ့ ဒါမှမဟုတ် အရိုင်းပန်းလေးတွေနဲ့ ဝေနေတဲ့ ဒါမှမဟုတ်ငှက်သံလေးတွေကြားရငှက်လေးတွေမြင်ရတဲ့
ဒါမှမဟုတ်စိမ်းစိုဝါလွင်နေတဲ့မြက်ရိုင်းခင်းကြီးကိုလှမ်းမြင်နေရတဲ့ မြင်ကွင်းလေးပေးမဲ့ ပြူတင်းလေးတစ်ခုပိုင်ဆိုင်ချင်မိတယ်။
သိပ်အများကြီးမလိုပါဘူး။ ပြူတင်းလေးတစ်ခုတည်းလောက်ပါ။
 ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
27 comments:
  1. ပန်းလေးတွေကြည့်ပြီးတခုခုကိုလွမ်းသလိုခံစားလိုက်ရပြီ
    ချယ်ရီပင်အောက်က ပွင့်ဖတ်ခရမ်းရောင်လေးတွေ တွဲတွဲလေးကျနေတဲ့ပန်းက
    ဂျက်တို့တောင်ကြီးမှာ အများကြီးပဲ ပန်းနာမည်တော့မသိပါဘူး
    တခြးပန်းလှလှလေးတွေကို အမြဲမြင်ရတဲ့ပြတင်းပေါက်လေးတခု တော့ ဂျက်ကိုယ်တိုင်လဲ လိုချင်မိတယ်
    စ်မးချောင်းလေးပါရှခဲ့ရင်တော့ အတိုင်းထက်အလွန်ပါပဲနော်
    ရှောက်သီးကိုခူးပြီးသုပ်စားလိုက်ချင်တယ်
    ReplyDelete
  2. အယ်.တူနေတယ် ပြတင်းပေါက်ချစ်တာခြင်း..ပန်းကလေးတွေကလည်း လှလိုက်တာ..ဒီဖက်မှာ မတွေ့ ဖူးဘူး..ပြတင်းပေါက်အသစ်လေးကနေ မြင်ရမယ့် အကြောင်းလေးတွေ စောင့်နေပါတယ်နော်..
    ReplyDelete
  3. ပန်းလေးတွေ အရမ်းလှတာပဲ မမ... မမဘယ်သွားမလို့လဲဟင် :( :( :(
    ReplyDelete
  4. ဂျက်..
    ကိုယ်ရှောက်သီးသုပ်စားပြီးပန်းလေးတွေထိုင်ငေးဘူးသေးတယ်အဲဒီနေရာလေးက။
    အဲဒီပန်းနံမည်လေးမြန်မာလိုသိချင်လိုက်တာဂျက်ရယ်။
    စန်းထွန်း..
    ပြူတင်းအသစ်လေးကနေသစ်ပင်တွေနဲ့ ငှက်လေးတွေမြင်ရတယ်စန်းထွန်းရေ။
    စမ်းချောင်းလေးမဟုတ်ပေမဲ့ရေကန်လေးလည်းမြင်နေရတယ်။ ပြူတင်းအသစ်လေးအကြောင်းရေးဖြစ်မယ်ထင်ပါတယ်။ အချိန်အရမ်းရှားနေတယ်ကွယ်။ ပြူတင်းပေါက်ချစ်တာချင်းတူလို့ စန်းထွန်းကိုပိုချစ်သွားပြီ။း)
    ကန်ဒီလေး..
    ရာသီအလိုက်ပွင့်တဲ့တခြားပန်းလေးတွေလည်းရှိသေးတယ်။ သိပ်လှတာဘဲ။ အချိန်ရတဲ့အခါမှတင်လိုက်မယ်နော်။
    နေရာသစ်တစ်ခုကိုပါခလေးရေ။
    ချစ်သော..
    အိုင်အိုရာ
    ReplyDelete
  5. ပန်းလေးတွေရော ....ပြတင်းပေါက်က မြင်နေရတဲ့ ရှုခင်းတွေအားလုံးကိုရော ပြတင်းပေါက်လေးကိုရော
    မမဘယ်လောက်လွမ်းနေမယ်ဆိုတာ ညလေးခံစားမိပါတယ်....အဲလိုပါပဲ...အပြောင်းအလဲဆိုတာ
    အမြဲရှိနေတာမလား.......ဘယ်တတ်နိုင်ပါ့မလဲ မရယ်...ချက်ချင်းကြီးတော့ ဘယ်မေ့နိုင်ပါ့မလဲ
    အချိန်ကြာလာလို့ တခြားနေရာဒေသတစ်ခုမှာ အသားကျကျစီးမြောမိတဲ့အခါကျမှ နေသားကျသွားမယ်ထင်ရဲ့
    အဲလိုပဲ မျှော်လင့်မိတယ်...:) ပန်းလေးတွေ အရမ်းလှတယ်မ ရှုခင်းလေးတွေလဲ အချိန်ရရင်တင်ပေးပါအုံးနော်
    ခင်လျက် မိုးနတ်
    (အမအိမ်လေးကို မိုးနတ်တစ်ခါမှ မရောက်ဖူးခဲ့ပါဘူးးးးးး ခုမှ ပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့တယ်...
    နောက်လဲ အမြဲလာလည်လို့ရအောင် လင့်ချိတ်ထားလိုက်ပါပြီ....)
    ReplyDelete
  6. မမရေ.. အဲဒီပြတင်းလေးကိုမြင်တော့ ညီမလေး ခုနေနေတဲ့အခန်းရဲ့ ပြတင်းပေါက်ကလေးနဲ့တူလို့ နောင်တစ်ချိန် ခုနေရာလေးကို ခွဲပြီး ထားခဲ့ရမယ်ဆိုရင် မမလို ခံစားချက်မျိုးဖြစ်လာမှာ အသေအချာပဲ ;( .. ညီမရဲ့ ပြတင်းပေါက်ရှေ့က တိုက်ခန်းတွေကတော့ ရှေ့မျက်နှာစာတွေ.။ ပန်းပင်တစ်ချို့လည်းရှိတယ်။။။ နေရာသစ်မှာ ပျော်ရွှင်ပါစေ မမ.။
    ReplyDelete
  7. Hey..........Dear!
    You'll find new lovely window soon,i hope.I'll just sit beside with you at that new one watching beautiful scene,trees,bushes,flowers and birds in this blog.Currently I try to go Moeyunngyi for bird watching and miss you.
    With love,
    Gyidaw.
    ReplyDelete
  8. ညလေးမိုးနတ်ရေ..
    ခင်ခင်မင်မင်နဲ့ အရောက်လာခဲ့လို့ ကျေးဇူးတင်ပါတယ်နော်။ အားတဲ့အခါစိတ်ပါတဲ့အခါထပ်လာလည်ပါလို့ လည်းဖိတ်ပါတယ်။း)
    ညလေးအိမ်ကိုလည်းအရင်ရက်တွေအတွင်းမှာလာလည်ဖြစ်ခဲ့ပါသေးတယ်။
    အဲဒီပန်းလေးတွေကလေ..သေချာကြည့်လေချစ်စရာကောင်းလေဘဲ။သိလားညလေး။ နေရာသစ်ကရှုခင်းလေးအားတဲ့အခါတင်ဖြစ်မယ်ထင်ပါရဲ့ ။
    စနိုး...
    ဟုတ်တယ်စနိုးရေ။ နှစ်သက်စရာနေရာလေးကိုခွဲခွာရမယ်ဆိုရင်ဒီလိုဘဲခံစားရမယ်ထင်တယ်။
    ဒီနေရာလေးတွေကတမျိုးဘဲ။ ပန်းခြံတွေကိုအိမ်နောက်တွေမှာထားကြတာများတယ်။ မိသားစုတွေလွတ်လွတ်လပ်လပ်အပန်းဖြေနိုင်ကြအောင်လို့ ထင်တယ်။ နေရာသစ်မှာအသားမကျသေးဘူးစနိုးရေ။ ပျော်ရွှင်ချင်ပါတယ်။
ွMy dearest Gyidaw...
    I think, because of your wish I found a new lovely window giving the scene of beautiful trees and birds and lake. I hope we can sit together feeling the pleasant scene in this blog later or sooner. :)
    You will love the scene of Moeyungyi if it is the same as I had seen before.
    But I think Jan is the best to visit there.
    I miss you too. You always bring the happiness for me.:)
    With love,
    Iora
    ReplyDelete
    Replies
    1. ဒီပို့စ်လေးဖတ်ပြီး ဆရာမခင်ခင်ထူးရဲ့ နွေသီးကိုသတိရမိသွားတယ်....။ ၀တ်ရည်စုတ်ငှက်ကလေးတွေလာနားတဲ့ ပန်းလေးတွေကို သိပ်ကြိုက်တာပဲ အရမ်းလှတယ်...။ အဲလို ပြူတင်းပေါက်တစ်ခုကိုတွယ်တာတတ်တဲ့ ခံစားမှုမျိုးရှိခဲ့ဖူးတယ်... တစ်နေရာတည်းကထိုင်းပြီး လှပပြန့်ပြူးတဲ့ အတွေးစလေးတွေနဲ့ ချစ်စဖွယ် လွမ်းစရာ ပို့စ်ကလေးတစ်ခုကို ရေးသွားတာလေးကြိုက်တယ်...။ ဟုတ်တယ် လူတိုင်းက မမြဲမှန်းသိလဲ တွယ်တတ်ကြသူမျိုးကိုးး...။
      Delete
    2. မိုးငွေ့ ....
      မန့် ထားတာလေး Spam ထဲကနေခုမှတွေ့ လို့ ပြန်တင်လိုက်ပါတယ်။
      ဟုတ်ပါ့..မမြဲမှန်းသိရက်နဲ့ တွယ်မိသွားတာလေ..
      ရေးထားတာကြိုက်တယ်ဆိုလို့ ဝမ်းသာကျေးဇူးတင်ပါတယ်နော့်။း)
      အိုင်အိုရာ
      Delete
  9. ပေါ်မလာတာကြာပေါ့ အိုင်အိုရာရေ... ပေါ်လာပြန်တော့ နှုတ်ဆက်စကားမျိုးကြားရတော့
    ပြူတင်းပေါက်လေးကို ကာယကံရှင်နဲ့အတူ လွမ်းသွားတယ်။
    လှပတဲ့ဝန်းကျင်ကို မခွဲချင်ပေမယ့်လည်း အချိန်တန်ရင်ခွဲရတာ ဘယ်သူမှလွန်ဆန်လို့မရတဲ့
    သဘာဝတရားမို့ ဒီထက်မကကျေနပ်စရာ နေရာလေးတစ်နေရာကို ပိုင်ဆိုင်ခွင့်ရပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  10. ဟုတ်ပါတယ်နော်။
    အချိန်တန်လာရင်မခွဲချင်ပေမဲ့လည်းခွဲကြရတာပါဘဲ။
    ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်။
    တီတင့်လည်းစိတ်အေးချမ်းသာစွာနဲ့ နေ့ စဉ်ပေါင်းများစွာကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်ရှင်။
    အိုင်အိုရာ
    ReplyDelete
  11. အိုင်အိုရာရေ...........
    ပြူတင်းပေါက်အသစ်အကြောင်းလည်းထပ်ရေးနော်
    မလာဖြစ်တာတစ်နှစ်လောက်ဖြစ်သွားတယ်။
    အမြဲသတိတော့ရနေတယ်ဆိုတာ ယုံတယ်မို့လားဟင်
    ReplyDelete
  12. ကောင်းရေ..
    သတိရတယ်ကွယ်။း)
    ပြူတင်းသစ်အကြောင်းရေးဘို့ အရှိန်ယူနေတယ်။ သိတဲ့အတိုင်းဘယ်တော့မှတင်ဖြစ်မယ်တော့မသိ။
    ယုံပါတယ်။ ခလေးတွေနဲ့ ဆိုတော့သိပ်အလုပ်များမဲ့အပြင်တခြားအလုပ်တွေလည်းအရမ်းလုပ်နေတော့ဘယ်အားမလဲနော်။
    အိုင်အိုရာ
    ReplyDelete
  13. မအိုင်အိုရာရေ.. ခုတလော အလုပ်တွေများနေလို့ အခုမှပဲ ရောက်လာရတယ်ဗျာ...၊
    စာတစ်ကြောင်းချင်းစီကို ဖတ်လိုက်၊ ရှင်းပြထားတဲ့ ပုံလေးတွေ ကြည့်လိုက်နဲ့ အဆုံးသတ်လည်းကျရော ဝမ်းနည်းသွားမိတယ်..၊း(
    ဒီလိုမြင်ကွင်းမျိုး၊ ဒီလို ပန်းတွေ ဝေဝေဆာဆာ၊ အရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ရှိတဲ့ မြင်ကွင်းမျိုးဟာ သတိတရနဲ့ အမှတ်ရနေစရာ ဆိုတာ
    ယုံမှားသံသယ မရှိပါဘူး...၊ ချစ်စရာကောင်းတဲ့ ပြူတင်းပေါက်လေးတွေနဲ့ မအိုင်အိုရာ ဆုံစည်း နိုင်ပါစေဗျာ...။
    ReplyDelete
  14. ကိုညီလင်းသစ်..
    ခရီးအတွက်ပြင်ဆင်နေရမှာပေါ့။ ဟုတ်တယ်အလုပ်တွေကများပဲများနိုင်လွန်းတယ်နော်။
    ပေးတဲ့ဆုနဲ့ ထာဝရပြည့်ပါရစေရှင်။
    အိုင်အိုရာ
    ReplyDelete
  15. Iora ရေ .. နေရာသစ်မှာ ပျော်ရွှင်ပါစေနော် ....
    အမေရိကားမှာ .. အဲလိုမျိုးပဲနော် .. နေရာတွေ ရွှေ့နေရတာ ... အလုပ် အခြေအနေပေါ်မူတည်ပီး ပြောင်းရ ရွှေ့ရတာ အမေရိကန် စတိုင်များလားပဲ .... နေရာသစ်မှာ စိတ်သစ်၊ လူသစ်ဖြင့် အစစ လန်းဆန်း တက်ကြွပြီး ပျော်ရွှင်ပါစေ ညီမရေ ...
    ReplyDelete
  16. သက်ရေ...
    ဆုတောင်းလေးနဲ့ ကွန်မန့် လေးအတွက်ကျေးဇူးပါနော်။
    ဟုတ်တယ်သက်ရေ..အမေရိကန်စတိုင်လိုဖြစ်နေပြီ။း)
    ခုတော့အလုပ်တွေများလွန်းလို့ သိပ်မတက်ကြွနိုင်သေးဘူးရယ်။း(
    ချစ်ခင်သော..
    မမအိုင်အိုရာ
    ReplyDelete
  17. ဒီလောက်တောင် အပင်တွေစုံလင်ပြီး အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးကို ခွဲခဲ့ရမှာ ဘယ်သူက စိတ်ချမ်းသာပါ့မလဲနော်။
    ပြူတင်းပေါက်လေးကလည်း တွေးချင်တိုင်း တွေးချင်စရာ ငေးချင်တိုင်း ငေးချင်စရာရယ်။
    ရိုစ့်မေရီခြုံကြီးမြင်တော့ လိုချင်လိုက်တာလို့ ပါးစပ်ကတောင် အသံထွက်မိသေးတယ် အားရစရာကြီး။
    ပန်းတွေကို ချစ်တတ်တဲ့သူဟာ စိတ်သဘောနူးညံ့တယ်တဲ့လေ။ ပြီးတော့လဲ ခင်တွယ်တတ်တယ်လို့ ကြားဖူးတယ်
    ဒါကြောင့်လည်း နေရာသစ်တစ်ခုပြောင်းဖို့ကို ခံစားနေရတာဖြစ်မယ်။
    ဘာဘဲဖြစ်ဖြစ် နေရာသစ်မှာ အမြန်ဆုံးပျော်ရွှင် အဆင်ပြေပါစေနော်။
    ချစ်တဲ့
    ချော
    ReplyDelete
  18. ချော..
    ခုထိသတိရနေတုန်းဘဲချောရေ။
    ကိုယ်ကပန်းတွေလည်းချစ်တယ်။ အပင်တွေလည်းချစ်တယ်။ တိရစ္ဆာန်လေးတွေကိုလည်းချစ်တယ်။ သနားတတ်တယ်။ ခင်တွယ်တတ်တယ်။
    အစွဲအလန်းလည်းကြီးတယ်။
    တရားမရှိဘူးဆိုပါတော့ချောရယ်။
    ကိုယ့်ရဲ့ အဲဒီစိတ်ကိုတော့သတိပေးပေးနေရတယ်ဖာသာ။
    နောက်ဆုံးအကုန်ထားခဲ့ရမှာဘဲမဟုတ်လား။
    ပေးတဲ့ဆုလေးနဲ့ ပြည့်ပါရစေချောရေ။
    ချစ်သော
    အိုင်အိုရာ
    ReplyDelete
  19. အရောင်အသွေးစုံနဲ့ ပန်းပွင့်လေးတွေကြောင့် စိတ်ထဲ ကြည်လင်လန်းဆန်းသွားရတယ်..
    ReplyDelete
  20. မြသွေးနီ..
    လာလည်ရင်းစိတ်ထဲလန်းဆန်းသွားရတယ်ဆိုလို့ ဝမ်းသာကျေးဇူးတင်မိပါတယ်။
    ချစ်ခင်သော
    အိုင်အိုရာ
    ReplyDelete
  21. သတိရလို့ လာဖတ်တာ.
    နှုတ်ဆက်စကားတွေပါနဲ့ လား...
    ဘယ်ဒေသကိုပြောင်းရွှေ့ သွားပြီလဲ...
    နဲနဲ နောက်ကျသွားတယ်လေ..
    တောမှာက ကိုးနတ်ရှင်မကောင်းတာနဲ့ လူမအားတာနဲ့ ..
    အင်တာနက်တို့ အင်တာပြာတို့ ဆိုတာ ကိုယ်တို့ နဲ့ မဆိုင်သလိုပါဘဲ...
    ဟိုပြန်ရောက်ရင် ရှမ်းအစားအစာတွေနဲ့ မအိုင်အိုရာကို ပြန်ဆွယ်မယ်နော်..:P
    ReplyDelete
  22. မီးမီး..
    နေရာသစ်တခုဆိုပါတော့။ အရင်ကတော့လာလည်တဲ့နေရာပေါ့။ နောက်မှပို့ စ်တင်မယ်လေနော်။
    ကိုယ်ကမီးမီးကိုသတိရနေတာ။
    အကြာကြီးရှိပြီနော်။
    ရှမ်းစာလေးတွေနဲ့ အဆွယ်ခံချင်လှပြီနော်။့း))
    အိုင်အိုရာ
    ReplyDelete
  23. မမအိုင်အိုရာရေ ခုမှရောက်လာရတယ် ပန်းလေးတွေကြည့်ပြီးလွမ်းလိုက်တာ
    ReplyDelete
  24. ပန်းလေးတွေလှလိုက်တာ အမရယ်..း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။