Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Thursday, July 5, 2012

ငါးရံ့ခြောက်ဆီလည်ရေလည်ချက်၊ ငါးရံ့ခြောက်ဖုတ်၊ တို့ စရာစုံနဲ့ ပဲဟင်းချိုဂွေးထောက်ရွက်ခတ်

မြန်မာ့ရိုးရာဟင်းငါးရံ့ခြောက်ဆီလည်ရေလည်ချက်၊ ငါးရံ့ခြောက်ဖုတ်၊တို့ စရာစုံ၊သရက်သီးမှည့်ယွန်းပြင်းနဲ့ ပဲဟင်းချိုဂွေးထောက်ရွက်ခတ်
ကိုယ်တိုင်လုပ်ငါးရံ့ခြောက် (သုံးရက်မြောက်)

မီးသွေးမရှိတော့ ဂက်စ်မီးဖိုနဲ့ ဖြစ်အောင်ဖုတ်ရပါတယ်။း)

ထုတော့မယ်နော်
ဒါကအသားပိုင်းတစ်ခြမ်းကိုဖုတ်ထားတာပါ။
အရင်ပို့ စ်မှာငါးရံ့ခြောက်ခွဲတဲ့အကြောင်းထဲ့ထားတယ်လေ။ အဲဒါဒီငါးရံ့ခြောက်ပေါ့။ ဒါကပထမနေ့ မှာဖုတ်စားထားတာပါ။
ဆားကိုကိုယ်နှစ်သက်သလောက်လေးဘဲထဲ့ထားတော့အရမ်းစားလို့ ကောင်းပါတယ်။ လတ်လည်းလတ်ဆတ်တော့ထုရတာလည်းမွနေတယ်။အပေါ်ကကြွတ်ကြွတ်လေးနဲ့ အတွင်းကမွမွလေးဆိုတော့အိုင်အိုရာ့အကြိုက်ပေါ့။း)

ထပ်တောင်စားချင်လာပြီနော်။ ဒါကကျန်တဲ့အသားပိုင်းကိုဒုတိယတစ်ခါထပ်ဖုတ်ထားတာပါ။ (သုံးရက်မြောက်မှာရတယ်။ လေးရက်မြောက်နဲ့ ငါးရက်မြောက်မှာဆက်တိုက်စားပစ်လိုက်တယ်လေ။)

ငါးရံ့ခြောက်ဗိုက်သားတွေနဲ့ အရိုးတွေကိုခရမ်းချဉ်သီးနဲ့ ဆီလည်ရေလည်ချက်ထားတာပါ။ (Salty Snake-head fish curry)

ပထမနေ့ ကငါးခြောက်အသားပိုင်းတစ်ဝက်ကိုဖုတ်စားပါတယ်။ နောက်နေ့ ကျတော့ဖုတ်စားတဲ့အပြင်ဖုတ်စား
လို့ မကောင်းတဲ့ဗိုက်သားနဲ့ အရိုးပိုင်းတွေကို ခရမ်းချဉ်သီးများများနဲ့ ဆီလည်ရေလည်လေးချက်စားပါတယ်။ ချက်နည်းကတော့ မြန်မာဟင်းထုံးစံအတိုင်း ကြက်သွန်ဖြူနီအလောတော် (အနှစ်များများကြိုက်ရင်များများထဲ့)ကိုငရုတ်သီးမှုန့် နဲ့ ရောထောင်းပြီးဆီသတ်။
 မွှေးပြီးကျက်လာတော့ခရမ်းချဉ်သီးလှီးထားတာတွေထဲ့ပြီးနှစ်သက်
သလောက်ခြေပေးပေါ့။ အိုင်အိုရာက ခရမ်းချဉ်သီးတွေအရမ်းကြေတာထက် ဖိုးလိုးဖတ်လတ်လေးတွေကိုပိုသဘောကျတော့ လုံးဝကြေသွားအောင်မခြေပဲ ပုံထဲကလောက်ကြေတဲ့အချိန်မှာ ရေဆေးပြီးတုံးတစ်ထားတဲ့ ငါးရံ့ခြောက်တွေကိုထဲ့ပါတယ်။ လုံးပြီးအဖုံးလေးခဏအုပ်။ ရေခမ်းတော့မှ ရေထပ်ထဲ့ပြီး ဆူတဲ့အထိထားပါတယ်။ ငါးရံ့ခြောက်အရသာလေးထွက်အောင် ခဏဆက်ပြီးဆူအောင်ဆက်တည်ထားပါတယ်။ ငါးခြောက်လည်းအလောတော်လေးနူး (သိပ်မပျော့သိပ်မမာလေးမှကျမကကြိုက်ပါတယ်)ရင်အပေါ့အငန်မြည်း။ ငါးရံ့ခြောက်ကချက်လိုက်တော့တော်တော်လေးပေါ့သွားလို့ ငံပြာရည်နဲ့ ဆားနဲနဲထဲ့ပါတယ်။ အားလုံးနှစ်သက်တဲ့အနေအရည်လည်းဆီလည်ရေလည်၊ ဖြစ်ပြီဆိုရင် ညှပ်ထားတဲ့ငရုတ်သီးစိမ်းတွေထဲ့ ပြီးတော့ နံနံပင်တွေ အများကြီးအုပ်ပြီးချလိုက်ရုံပါဘဲ။ ချက်နေတုန်းမှာကိုတအားမွှေးလို့ ဗိုက်ကအရမ်းကိုဆာလာတာပါဘဲ။း)

Burmese taste:  Burmese salty fish curry with tomatoes, green chili and cilantro
 ငါးရံ့ခြောက်ဟင်းချက်နေတုန်းမှာ တစ်ဖက်ကလည်း ပဲနောက်ဟင်းချိုကိုကြဲကြဲလေးတည်ထားပါတယ်။ အိုင်အိုရာက ပဲသိပ်မကြိုက်တော့ တမင်နောက်တယ်ဆိုရုံကြဲကြဲလေးချက်ပါတယ်။ ရေဆေးပြီးသဲမပါအောင်ကျင်ထားတဲ့ပဲကို ဆီနဲနဲလေးနဲ့ ကြက်သွန်နီနဲ့ ဆနွင်းနဲနဲ နဲ့ အရင်လုံးပါတယ်။ ခဏနေတော့မှရေထဲ့ပြီးဆူအောင်တည်ပါတယ်။ ပဲနောက်ဆိုတော့ နူးလွယ်ပါတယ်။ ခဏလေးနဲ့ နူးသွားပြီး အရည်လေးနောက်ရင် ဂျင်းရယ်၊ကြက်သွန်ဖြူနီရယ်ကိုဆီသတ်ပြီးပဲအိုးထဲထဲ့။ ပဲဟင်းရည်နဲနဲဆီသတ်ထားတဲ့အိုးထဲရှဲကနဲလောင်းထဲ့ပြီးပဲအိုးထဲပြန်ထဲ့။ ပဲဟင်းရည်လည်းမွှေးလာတော့ ဆား နဲ့ ငံပြာရည်ထဲ့ပြင်။ ကြက်သားမှုန့် နဲနဲထဲ့။ စားခါနီးကျတော့ ဂွေးထောက်ရွက်ခတ်လိုက်ပေါ့။ (ကျမကဂွေးထောက်ရွက်ကြိုက်လွန်းလို့ မြန်မာဆိုင်ကအခြောက်ထုတ်လေးဝယ်ထားတာထဲ့ရပါတယ်။ အာသာပြေလေးစားချင်တော့လည်း အရွက်ခြောက်လေးတွေကကြေမွနေပေမဲ့ ယုယုယယလေး သိမ်းထားပြီးချက်စားရပါတယ်ရှင်။း)
ပဲဟင်းချိုဂွေးထောက်ရွက်ခတ်

အားလုံးခူးခပ်ပြီးပြီ။း) စားဘို့ အသင့်နော်။ ဓါတ်ပုံတောင်သိပ်မရိုက်ချင်တော့ဘူး အရမ်းစားချင်နေလို့ ။း)
တို့ စရာစုံကိုတော့အဆင်သင့်ရှိနေတာတွေနဲ့ ပြင်လိုက်ပါတယ်။ မျှစ်ဘူးထဲကမျှစ်ကိုရေစင်စင်ဆေး၊ ဓညင်းသီးဆားရည်စိမ် (ထိုင်းကလာတာ)လေးထဲ့၊ ဆလတ်ရွက်၊ နံနံပင်၊ပူစီနံ၊ရှမ်းနံနံနဲ့ ပြင်ပြီးသွားတော့ထမင်းဝိုင်းကိုထိုင်ချင်လှပြီ။

အဲဒီရက်ပိုင်းတွေမှာ Cheese cake ပဲလုပ်လုပ်ပေးဖြစ်နေလို့ အချိုတည်းရအောင်တင်ပေးလိုက်ပါတယ်ရှင်။ တိုက်တိုက်ဆိုင်အိုင်အိုရာထိုးထားတဲ့ပန်းအိုးက ချိစ်ကိတ်ရယ်စတော်ဘယ်ရီရယ်နဲ့ သွားလိုက်ဖက်နေတာဓါတ်ပုံရိုက်ရင်းနဲ့ မှသတိထားမိလို့ ဘာရယ်မဟုတ်ကြည်နူးမိသွားသေးတယ်။း)

အားလုံးလည်းအပျင်းပြေ သို့ မဟုတ် အလွမ်းပြေမြန်မာထမင်းဝိုင်းလေးကိုအားပေးသွားပါအုန်းလို့ ။
လာလည်တဲ့မိတ်ဟောင်း၊မိတ်သစ်၊သူငယ်ချင်းဟောင်း၊သူငယ်ချင်းသစ်၊တိတ်တိတ်လေးပဲဖတ်သွားသူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။ အားတဲ့အခါများနဲ့ ပျင်းတဲ့အခါများမှာလည်းထပ်လာလည်ပါအုန်းလို့ ဖိတ်ပါတယ်ရှင်။ ကျမဘလော့ကိုလာလည်တဲ့သူများစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ......


အားလုံးကိုခင်မင်လေးစားသော...
အိုင်အိုရာ

ငါးရံ့ခြောက်ဖုတ်တင်ပေးအုန်းနော်ဆိုတဲ့သူငယ်ချင်းလေးရေ။ တင်လိုက်ပြီနော်။း)