Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts
Wednesday, June 8, 2016
ထမင်းဘူးများ (၂ )
ထမင်းဘူးတွေ ရိုက်ထားသလောက်လေးတွေဆက်တင်ပေးချင်လို့ ပါ။
အရင်ပြောဘူးသလိုပါဘဲ ချက်ထားတာ ရိုက်ထားတာ ကြာပါပြီ။
အမှတ်တရ အဖြစ် အပျင်းပြေ ကြည့်ရအောင်တင်လိုက်ပါတယ်။
ကိုက်လံကြော် ငပိထောင်းသံပုရာသီးညှစ် ၀က်သားလုံးအာလူးခြောက်စပ်ကြော်
 ကိုက်လံကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းအနီဒါးပြားရိုက်ဆီသတ်ပြီး ခရုဆီနဲ့ ကြော်၊ ငပိထောင်းကိုသံပုရာသီးညှစ် ။ ၀က်သားလုံးကြော်ကို ဂျင်း ကြက်သွန်ဖြူနီ ငရုတ်သီးအကြမ်းဖတ်နည်းနည်းနဲ့ ဆီသတ်ပြီး အာလူးနဲ့ မဆလာနဲ့ ခပ်ခြောက်ခြောက်လေးပြန်ကြော်ထားတာ။
ပုစွန်ဆီပြန် ငပိကြော် မုန်ညင်းထုတ်ကြော် သံပုရာခွံသုပ်
ပုစွန်ကိုရိုးရိုး ပဲ ကြက်သွန်ဖြူနီနဲ့ ဆီသတ်ပြီး ဆီပြန်ချက်ထားတာပါ။ သံပုရာသီးညှစ်ပြီးသားတွေကို ဆားနဲ့ သန့် သန့် လေးနယ်ပြီး ပုလင်းထဲမှာ နပ်နေအောင်နေပြထားတာကို သရက်ချဉ်အကြမ်းသုပ်သလို မျိုး ကြက်သွန်ဖြူနီ ငရုတ်သီး နံနံပင်နဲ့ ဆီစိမ်းဆမ်းသုပ်ထားတာပါ။
ဝက်အူချောင်းကိုကြက်သွန်နီအကွင်းလိုက်နဲ့ ပြန်ကြော်ထားတာ။ လက်ဖက်သုပ်၊  မက်ကရယ်ငါးပေါင်းကိုငါးသလောက်လိုပေါင်းထားတာပါ။
ဒီဟင်းကတော့မေ့တောင်နေပြီ။ ၀က်သားလားဝက်လျာလား ကြက်မြစ်ကြက်သည်းလားမမှတ်မိတော့ဘူး။ ကြည့်ရတာတော့ ၀က်လျာနဲ့ တူတယ်။ ငပိကြော် နဲ့ မျှစ်ပဲပြုတ်ကြော်
ကြက်ဥလိပ်ကြော် ကြက်မြစ်ကြက်သည်း ခရမ်းချဉ်သီးစပ်ချဉ်ချက် ပန်းမုန်လာပွင့်ကြော်
ခရမ်းချဉ်သီးစပ်ချဉ်ဟင်းလောက်ချက်ရတာလွယ်တာမရှိဘူး။ ခရမ်းချဉ်သီးတွေဖြတ်ညှပ် ကြက်သွန်ဖြူနီငရုတ်သီးထောင်း ထဲ့ ပုစွန်ခြောက်မှုန့် ထဲ့ ငပိကြိုက်ရင်ထဲ့ (အိုင်အိုရာ က ပုစွန်ခြောက်များများနဲ့ ငံပြာရည်နဲ့ ချက်တာများတယ်။ ငပိက အနံ့ ပြင်းတော့ ကိုယ်က ကြိုက်ပေမဲ့ ပတ်ဝန်းကျင်ကမခံနိုင်မှာစိုးလို့ ငံပြာရည်နဲ့ ချက်တာများတယ်။) ဆီမထဲ့လည်းရတယ်။ တခြားဟင်းတွေဆီပြန်ပါရင် ဆီမထဲ့ပဲချက်တယ်။ အရသာတူတူပါဘဲ။ အိုးတည်ပြီး အားလုံးမွှေးကြိုင် ကြေသွားအောင် ရေနည်းနည်းချင်းထဲ့ တည်။ စိတ်ကြိုက်ရပြီဆို ရေကြိုက်သလောက်ထဲ့ ကောင်းကောင်းဆူပွက်ပြီး မပျစ်မကျဲလေးရောက်ရင် ငရုတ်သီးစိမ်း နံနံပင် အုပ်လိုက်ရုံ။ အကြိုက်ဆုံးဟင်းထဲမှာပါတယ်ပြောရမယ်။
ကြက်မြစ်ကြက်သည်း ချက်တာလေးရိုးစင်းစွာ ရေနဲ့ ဆီနဲ့ ရော ပြုတ်ကြော်လုပ်ပြီး ဆီပြန်တော့ချလိုက်တာဘဲ။ အမြစ်အရင်ချက်။ အမြစ်ကျက်ပြီး အရည်ကျန်နေချိန်မှာအသည်းတွေ ထပ်ရော မွှေပေး။ အဖုံးအုပ်ဆက်တည်ထား။ အသည်းကျက်သွားရင် ဆီကောင်းကောင်းပြန်သွားမှချ။ မွှေးကြိုင်နေတဲ့ ကြက်မြစ်ကြက်သည်းဆီလေး နဲ့ ထမင်းပူလေးနဲ့ နယ်စားရတာ အလွန်ကောင်းပေါ့။
ကဲ အရင်ပို့ စ်မှာ ပုံမပါလို့ စိတ်ကောက်နေတဲ့သူတွေ ငိုချင်တဲ့သူတွေ တ၀ကြီးကြည့်ပြီးချက်စားကြတော့နော်။း)
ခင်မင်လေးစားသော...
အိုင်အိုရာ
Sunday, May 15, 2016
သတိရခြင်းများစွာဖြင့်
သတိရခြင်းများစွာဖြင့်...
အမကြီးထောင်းပေးတဲ့ ငပိထောင်းတွေ ဘဲဥကြော်သုပ်တွေ တိုဟူးသုပ်တွေ
မမချက်ကျွေးတဲ့ ငါးချဉ်ပေါင်အုပ်ဟင်း၊ မလွှပွင့်စပ်ကြော်၊ ပင်စိမ်းငရုပ်သီးချက်၊ ကြောင်လျာသီးကြော်၊ ပဲပုတ်ထောင်း၊
ဒက်ဒီဝယ်ဝယ်လာတဲ့ နမ်စင်း က ပုစွန်တွေ ဂဏန်းတွေနဲ့ ကြော်တဲ့ မွှေးကြိုင်နေတဲ့ ခေါက်ဆွဲကြော်၊ သတင်းစာနဲ့ ဖက်နဲ့ နှစ်ထပ်ထုပ်ထားတဲ့  ခေါက်ဆွဲကြော်ပူနွေးနွေးအထုပ်ကို နှီးကြိုးလေးဖြည်ပြီး ဖွင့်လိုက်တဲ့အချိန်မှာရခဲ့တဲ့ ခေါက်ဆွဲကြော်နံ့ ၊ လေဟာပြင်ဈေးက၀ယ်လာတဲ့ ဖာလူဒါချိုအေးမွှေး
အကိုတွေ ညလည်စာချက်စားကြတဲ့ ငန်းသားကာလသားဟင်းတွေ၊ ဂဏန်းမဆလာဟင်းတွေ၊
ကိုကြီးသုပ်သုပ်ကျွေးတဲ့ သဘောင်္ရွက်နဲ့ ချဉ်ငံစပ် လက်ဖက်သုပ်၊
အကိုငယ်တွေ နဲ့ မာလကာပင်ပေါ်တက်ပြီးလတ်လတ်ဆတ်ဆတ်ခူးပြီး ငပိ သို့ မဟုတ် ဆားနဲ့ တို့ စားခဲ့တဲ့ မာလကာသီးတွေ
ခြံထဲကသရက်သီးတွေ၊ မိုးရွာချိန်ဆို ခေါင်မိုးပေါ်ကတဆင့် တဒုန်းဒုန်းနဲ့ ပြုတ်ကျလို့ ကွဲပြဲနေတဲ့ သရက်သီးတွေနဲ့ ငရုပ်သီးမှုန့် နဲ့ ငံပြာရည်ငံငံစပ်စပ်တွေ
 မောင်လေးချက်တဲ့ ဟင်းချိုမျိုးစုံ၊ လက်ဖက်သုပ်ပေါင်းများစွာ
တူမလေးနှပ်တဲ့ လက်ဖက်အသားနှပ်
ယောင်းမငယ်ချက်တဲ့ မုန့် ဟင်းခါး
ယောင်းမကြီးထောင်းတဲ့ ပဲသီးထောင်း
ဒါအကုန်ပဲလားအိုင်အိုရာ၊
ကျန်ဦးမယ်ထင်တယ်။
ဟုတ်တယ် ကျန်နေတာက အစားအသောက်တွေအပြင်
အဲဒီအစားအသောက်တွေနဲ့ အတူ အမြဲတွဲပါနေတဲ့ သူတို့ ရဲ့ 
အေးမြချိုမြိန်ပြီး ထုတ်မပြောခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေ..
ခင်မင်စွာဖြင့်..
အို်င်အိုရာ
Wednesday, February 18, 2015
နယူးအော်လင်းက မာဒီဂရာစ်ပုတီးပစ်ပွဲတော်
မတင်တာကြာလို့ လာလာအော်နေတဲ့ ဘော်ဒါတွေအတွက်ရယ်
ကြားသာကြားဘူးပြီးမမြင်ဘူးကြတဲ့မြန်မာလူမျိုးတွေအတွက်ရယ်
ကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးသူများအတွက်ရည်ရွယ်လို့ 
အဲဒီနေ့ မှာ ပွဲတော်တွေကျင်းပကြ စားကောင်းသောက်ဖွယ်တွေစားကြနဲ့ ဆင်နွှဲကြပါသတဲ့။ တိုက်ရိုက်ဆိုရင်တော့ 'farewell to meat' ဖြစ်ပါသတဲ့။
ဟိုအရင်တုန်းက အခုအမေရိကန်နိုင်ငံ ရဲ့ လူဝီဇီယားနားပြည်နယ် တို့ အလာဘားမားပြည်နယ်တို့ မစ်စီစီပီပြည်နယ်တို့ ဖြစ်လာမဲ့နယ်မြေတွေကို ပြင်သစ်တွေကကိုလိုနီနယ်ချဲ့ ပြီး
တစ်နှစ်မှာတော့ အဲဒီပွဲ ကို လာရောက်တဲ့ ရုရှားတော်ဝင် Alexis Romanov, Grand Duke of Russia, ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ တော်ဝင်မိသားစုရဲ့  အရောင်တွေဖြစ်တဲ့ အစိမ်း၊ ပန်းခရမ်းရောင်၊ နဲ့ ရွှေရောင် တွေနဲ့ ပွဲတော်ကို အလှဆင်ခဲ့ကြပါသတဲ့။ အစိမ်းက သစ္စာတရား။ ပန်းမရမ်းရောင်က တရားမျှတခြင်း  နဲ့ ရွှေရောင် က တန်ခိုးအာဏာ ကိုကိုယ်စားပြု ပြီး ဒီနေ့ တိုင် အဲဒီအရောင်တွေဟာ ပွဲတော်ရဲ့  သင်္ကေတ အရောင်များအဖြစ်သုံးလို့ နေပါတယ်။ အဲဒီနေ့ က တော်ဝင်ဧည့်သည်ကို ကြိုဆိုဧည့်ခံဖို့ ကို လည်း ဘုရင် နဲ့ ဘုရင်မ (ကင်းနဲ့ ကွင်း) ကို ရွေးချယ်ဖန်တီးပြီး ဧည့်ခံစေခဲ့ရာက စလို့ ကင်း နဲ့ ကွင်း ရွေးချယ်လို့ အလှဆင်ထားတဲ့ ယာဉ်တွေပေါ်ကနေ ပုတီး တွေ ခွက်တွေ အရုပ်တွေ ဒင်္ဂါးပြား (အခုတော့ အတု)တွေ ပစ်ကျဲ ကြတဲ့ အလေ့ဟာ ဒီနေ့ ထိစွဲလာကြတာပါတဲ့။
ကဲ..အာလူးပေးတာရပ်လို့ အောက်ကပုံတွေကို ရှုစားကြပါတော့။
အိုင်အိုရာတို့ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ၀င်းဦးနဲ့ ခင်သန်းနုပါတဲ့ မောင်တို့ ချယ်ရီမြေ ဆိုတဲ့ ရုပ်ရှင် ဟာ (အိုင်အိုရာ အမှတ်မမှားရင်) အင်္ဂလိပ်ကား Mardi Gras ကို ပြန်ရိုက်ထားတာဆိုတာ အိုင်အိုရာလည်း အဲဒီ ကားကို အမေရိကန်မှာ ကြည့်ဖူးမှ သိတော့တယ်။ အဲဒီကားမှာ ဒီ မာဒီဂရာစ် ပွဲကို တည်ပြီးရိုက်ထားတာလေ။ မောင်တို့ ချယ်ရီမြေမှာ တော့ မြန်မာသင်္ကြန်ပွဲတော်အလှပြကားတွေနဲ့ ပေါ့။
ဒါကြောင့် သင်္ကြန်နဲ့ သဘောတရားဆင်တဲ့ ဒီပွဲတော်ကို သွားတော့ ပုတီးရဖို့ အော်ရတာ တွေဟာ ရေပက်တော့အော်ကြသလိုမျိုးတွေလိုလို ပန်းကုံးတွေပေးကြသလိုမျိုးလိုလိုဘာလိုလိုနဲ့ ။ လူတွေကလည်းပျော်နေကြတာ တေးသံတွေကလည်း ကားတွေပေါ်မှာ တီးဝိုင်းတင်ပြီးဆိုလာကြတာရော ဘင်ခရာတီးဝိုင်းတွေလျှောက်ရင်းတီးတာရောနဲ့ မြိုင်နေတာဘဲ။ လူတွေကလည်း သီချင်းသံတွေနဲ့ အတူကကြ ယိမ်းကြနဲ့ ။ အိုင်အိုရာလည်း မြန်မာသင်္ကြန် ကိုသတိရလိုက်တာ အရမ်းဘဲ။
အိုင်အိုရာတို့ လည်းပျော်ပျော်ကြီး အော်ဟစ် ယိမ်းခဲ့ပါသေး။ ကဲမဲ့သာကဲရတာ အဲဒီနေ့ က အရမ်းအေးတာ။ ဦးထုတ်တွေရော ဂျာကင်တွေရော ပုဝါတွေရော ပုတီးတွေရော အရုပ်တွေရောနဲ့ ရှုပ်ရှက်ကိုခပ်နေတာဘဲ။း)
ကင်း
ကွင်း
တီးဝိုင်း
လေထဲမှာ ပစ်ကျဲလိုက်တဲ့ ပုတီး
ပွဲတော်က ပြန်လာတော့ လူတွေမှာ ပုတီးတွေ အရုပ်တွေကို စားစရာတွေထဲ့လာတဲ့ရေခဲဘူး တွေထဲရော အိတ်တွေနဲ့ ရော သယ်ပြန်ကြတယ်။ ညောင်းရင် ရေခဲဘူးပေါ်ထိုင်ကြသေးတယ်။း)
ပွဲတော်ကအပြန် သယ်သွားကြတာ
ဒါက ပွဲတော်က အပြန် ကမ္ဘာ့ အရှည်ဆုံးတံတားတစ်ခုပေါ်က မြင်ကွင်း
အိုင်အိုရာတို့ ရလာတဲ့ ပွဲတော်က ပစ္စည်းတွေ
လာလည်တဲ့ သူငယ်ချင်းအသစ်တွေ အဟောင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားလျှက်..
အိုင်အိုရာ