Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, January 26, 2012
Almost Burmese traditional meal
တို့ စရာ၊ ပန်းပွင့်နဲ့ ကြက်ဥကြော်၊ ကင်မွန်းရွက်ချဉ်ရည်၊ ငါးအိုးကပ်
 ကိုင်း...ဒီတခါတော့ တို့ စရာထဲကဇူခိနိကလွဲရင် အားလုံး Authentic Burmese food လို့ ပြောလို့ ရသလောက်ပါဘဲရှင်။ အင်း..ဒါပေမဲ့ ငါးပိရည်ကလည်းထိုင်းကလာတာဆိုတော့ မြန်မာစစ်စစ်တော့ မဟုတ်ပြန်ပါဘူး။
Watercress ရေမုန်ညင်း ( ဇရစ်ရိုး သို့ မဟုတ် ကန်ဇွန်းရွက် အစားထိုး) နဲ့ ကင်ပွန်းရွက်ချဉ်ရည်
 ကျမတို့ အမေက ကင်ပွန်းရွက်ချဉ်ရည်ချက်ရင် အချဉ်လည်းပြေ၊ ၀ါးစရာအဖတ်လည်းပါအောင် ဇရစ်တို့ ကန်ဇွန်းတို့ ထဲ့ချက်တတ်ပါတယ်။ ပတတ်စာပေါ်ချိန်ဆိုရင်တော့ ပတတ်စာလေးနဲ့ ပေါ့။ ပတတ်စာနဲ့ ကတော့ကျမအကြိုက်ဆုံးပါ။
ငါးအိုးကပ် (ငါးမြစ်ချင်း)
 ငရုတ်သီးမှုန့် ၊ကြက်သွန်ဖြူ၊ နီဆီသတ်။ ခရမ်းချဉ်သီးထဲ့၊ ငံပြာရည်ထဲ့၊ ကျမက ခရမ်းချဉ်သီးသိပ်မကြေဘဲအိုးကပ်လုပ်ချင်လို့ သိပ်မကြေသွားခင်မှာ ငါးထဲ့ပါတယ်။ အိုးကပ်လုပ်မှာမို့ ရေဆူလည်း သိပ်အများကြီးမထဲ့ပါဘူး။ ငါးက အမြီးကလွဲရင် အသားတွေချည့်လွှာထားတာမို့ ရေအများကြီးမလိုပါဘူး။ ငါးထဲ့ပြီး အဖုံးအုပ်ထား၊ ခဏနေတော့မှရေဆူလေးအလောတော်ထဲ့။  အိုးလေးနဲနဲလှုပ် လှုပ်ပေးပြီး ဆီပြန်တဲ့ထိတည်ပြီး တော့ ကပ်အောင်ထားလိုက်တာပါဘဲ။
ငါးပိရည် နဲ့ တို့ စရာ။ စားခါနီးမှ ငရုတ်သီးအလှော်မှုန့် ကြွတ်ကြွတ်လေးထဲ့
ဒညင်းသီးပြုတ်၊ နံနံပင်၊ မုန်ညင်းဖူးပြုတ်၊ ဇူကိနိပြုတ်၊ သံပုရာသီးစိတ်
စိတ်တိုင်းကျတို့ စရာတွေ
စတီးဇလုံနဲ့ ဖျော်ထားတာ ငါးပိရည်ကို
ငါးပိရည်ဖျော်ရင် အများအားဖြင့် ငရုတ်သီးစိမ်း နဲ့ ခရမ်းချဉ်သီးကိုမီးအုံးဒါမှမဟုတ် ငါးပိရည်ထဲထဲ့ပြုတ်ပြီးဖျော်တာပိုသဘောကျလို့ အဲလိုဖျော်ထားတာပါ။
ဆီပြန်ပြီ နံနံပင်အုပ်
နဲနဲလေးအိုးကပ်အောင်ဆက်ထားပြီးတော့
ဒီလိုခပ်ကပ်ကပ်လေးဖြစ်လာပြီး အနံ့ လေးမွှေးလာရင်တော့ သုံးဆောင်လို့ ရပါပြီရှင်                                                                                                                                                                                                                                                                    
Wednesday, January 18, 2012
ကြက်ဥချဉ်ရည်၊ ဘာလချောင်ကြော်၊ ဆလတ်ရွက်သုတ်၊ ငါးပိထောင်း၊ ချဉ်ဖတ်
ကြက်ဥချဉ်ရည်၊ ငါးပိထောင်း၊ ဆလတ်ရွက်ကပြားသုတ် (ကိုယ်ပေးတဲ့နံမည်)
ဘာလချောင်ကြော် နဲ့ လည်းလိုက်တယ်နော်
ဆလတ်ရွက်ကိုဘိုမြန်မာကပြားစတိုင်နဲ့ မြန်မာငံပြာရည် နဲ့ စပျစ်ယို ရောနယ် (ရှာလကာရည်အစား) ကြက်သွန်နီစင်းထားတာပါလေကာရယ် မြေပဲကြော်ရယ် ကြက်သွန်ကြော်ရယ် ဖြူးပြီးဆီပါလေကာနဲ့ ချိုချိုချဉ်ချဉ်သုတ်စားထားတာပါ။
ငါးပိထောင်း
ဘာလချောင်ကြော်
ငါးပိထောင်းကငရုတ်သီးအိုးကင်းပူတိုက်ပြီးခြောက်ခြောက်ထောင်းထားတာပါ
ဘာလချောင်ကြော်အိုးလိုက်
ကြက်ဥချဉ်ရည်အိုးလိုက်
ဆီသတ်ပြီး အာလူးအရင်ထဲ့ အာလူးနူးမှ ရေဆူထဲ့ အချဉ်ထဲ့ အရသာပြင်ပြီးမှ ကြက်ဥများထဲ့ပါတယ်
Watercress (ရေမုန်ညင်း) တွေကို ကန်ဇွန်းတို့ ဟင်းဂလာတို့ လိုချဉ်ဖတ်ပုံမျိုးစားချင်လို့ ချဉ်ဖတ်တည်စားထားတာပါ။ ဖြူဖြူလေးတွေက မုန်လာချဉ်ဖတ်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ရေးချင်တာတွေရေးရင်တော့ တထောင့်တညနဲ့ တောင်ပြီးမှာမဟုတ်လို့ အသာဘဲအောင့်ထားလိုက်ပါတယ်။
ခင်မင်လေးစားသော...
အိုင်အိုရာ
Thursday, January 12, 2012
အချိုပွဲပူတင်း-မက်ဆီကန်ဗားရှင်း (Flan) လုပ်ကြည့်ရအောင်
ဒီတခါတော့ ပြောထားတဲ့အတိုင်း တင်ဖြစ်အောင်တင်ပေးလိုက်ပါတယ်ရှင်။ မြန်မာလိုဆိုရင်တော့ လွယ်လွယ်ဘဲ ပူတင်းလို့ ဆိုရမှာပါ။ ကျမကတော့ မက်ဆီကန်ဗားရှင်း Flan လို့ ခေါ်တဲ့ အချိုပွဲကို လုပ်ထားတာပါ။ မက်ဆီကန်ဆိုင်တွေမှာ ကျမတို့ သွားစားရင်အချိုပွဲကတော့ ဒါလေးနဲ့ အပြီးသတ်လေ့ရှိပါတယ်။ မက်ဆီကန် Chef တွေလုပ်တဲ့ အစီအစဉ်တွေ ကြည့်မိတိုင်းလည်း လုပ်စားကြည့်ချင်မိလို့ လုပ်စားကြည့်ရင်း လွယ်လည်းလွယ် ကောင်းလည်းကောင်းတော့ သဘောကျသွားပါတယ်။ ဒီတခါမှဘဲ ဓါတ်ပုံသေသေချာချာရိုက် လုပ်တဲ့အချိုးကိုလည်းမှတ်ထားဖြစ်ပါတယ်။ မေးထားတဲ့သူငယ်ချင်းတွေအားလုံးအတွက်ရော သိချင်တဲ့သူတွေအတွက်ပါရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ရှင်။
လိုအပ်တာက...
ကြက်ဥ ၃ လုံး (3 eggs)
နို့ စိမ်း ၁ ဘူး (1 can of Carnation Evaporated Milk)
ဗနီလာ လက်ဖက်ရည်ဇွန်းတ၀က် (Vanilla 1/2 tea spoon)
သကြား နှစ်ပုံတပုံခွက် (Sugar 1/2 cup) (အချိုမကြိုက်လျှင်လျှော့ထဲ့ပါ။သူကအချိုကြိုက်လို့ ပါ။ ကျမအတွက်ဆိုရင် ကျမ 1/3 cup ဘဲထဲ့ပါမယ်) အချိုကိုကျမတော့မြည်းကြည့်ပါတယ်။ (ပုံစံခွက်အတွက် နောက်ထပ်သကြား ထမင်းစားဇွန်း ၆ ဇွန်းခန့် လိုပါမယ် ။ ကျမဒါတော့သေချာမမှတ်ထားမိဘူး။ မိမိထဲ့မည့်ခွက်နှင့်မှန်းထဲ့ရန်)
ဆား အနည်းငယ် (နဲနဲဘဲထဲ့ရပါမယ်)
ပထမဆုံး ခွက်တစ်ခုထဲမှာ ကြက်ဥကို ဖေါက်ထဲ့ပါ။ အခွံပါမပါစစ်ပါ။ ပြီးတော့ အထက်ကအချိုးအတိုင်း ဗနီလာနဲ့ ဆားနဲ့ သကြားနဲ့ ထဲ့ပြီး ပွလာတဲ့ထိမွှေပါ။ ဘလင်ဒါသုံးလည်းရပါတယ်။ ကျမကတော့ မွှေတံနဲ့ ခေါက်မွှေပါတယ်။ အော်..မေ့လို့ oven ကို preheat ၃၅၀ နဲ့ လုပ်ထားပါ။
ကြက်ဥတွေပွတဲ့ထိခေါက်မွှေပြီးရင် နို့ စိမ်းထဲ့မွှေပါ။ နှံစပ်အောင်မွှေပါ။ ပြီးရင် ဘေးမှာ ခဏထားပါ။ မိမိထဲ့ချင်တဲ့ခွက်များကို အဆင်သင့်ပြင်ထားပါ။ ခွက်တွေကို ထဲ့ဖုတ်ဘို့ ဘန်းတစ်ခု အသင့်ထားပါ။ အားလုံးအသင့်ပြင်ပြီးရင် သကြားပျော်အောင်လှော်ပါ (caramelize)။ မီးမပြင်းပါနုဲု့ ။ တူးမှာကြောက်ရင် ရေလေးနဲနဲထဲ့ ပြီးပျော်အောင်လုပ်ပါ။ ကျမတော့ ဒီတခါ ရေထဲ့ပြီးလုပ်ပါတယ်။  ညိုလာတဲ့ထိလှော်ပါ။  
အထက်ကလိုလိုညိုလာပြီဆိုရင် အောက်ပုံအတိုင်း မုန့် ဖုတ်မဲ့ ခွက်ထဲကို ညီညီညာညာလောင်းထဲ့ပြီးမျက်နှာပြင်နှံ့ အောင် ခွက်ကိုလှဲ့ ပေးပါ။ သကြားသိပ်စေးနေရင်လည်း ချက်ချင်းခဲသွားတတ်လို့ သွက်သွက်နဲ့ ညီညီလေးရအောင်လှဲ့ ပါ။ မပျစ်မကျဲကတော့အနေတော်ပါ။ လုပ်ကြည့်တဲ့အခါမှန်းတတ်သွားမှာပါ။ ခဏလေးအအေးခံပါ။ (မုန့် မခေါက်ခင်အရင်လုပ်ထားရင်အတော်ပါဘဲ။ စောင့်စရာမလိုတော့ဘူးပေါ့။) ပြီးတော့မှ မုန့် ရည်များလောင်းထဲ့ပါ။
၃ ခွက်ဘဲထဲ့လိုက်ရပါတယ်။ ကျမက ပုံမတူအောင် ခွက်ပုံမတူတာတွေ နဲ့ ထဲ့လိုက်ပါတယ်။
ကျက်ပါပြီ။ ကျမဒါးနဲ့ စမ်းထားတာ ခလယ်ကအရာလေးတွေက။
ကျက်မကျက်သိချင်ရင် ဒါးထဲ့ပြီးပြန်ထုတ်ကြည့်လိုက်လို့ မုန့် သားကပ်မပါလာဘူးဆိုရင် ကျက်ပါပြီ။
ဘာသီးမှမရှိလို့ သလဲသီးထဲ့စားတာ။ (ချဉ်လိုက်တာ) ဘယ်ရီသီးတွေနဲ့ ဘဲလိုက်မယ်ထင်ပါတယ်။
စားမဲ့ပန်းကန်ထဲထဲ့ဘို့ .....
ဒီလို ဘေးကိုဒါးလေးနဲ့ ကိတ်လှီးသလိုဘဲ လှီးပြီးကွာအောင်လုပ်ပါ။
ကျမတို့ ထမင်းပုံသွင်းသလိုဘဲ ထဲ့မဲ့ပန်းကန်ကိုအပေါ်ကတင်ပြီး
ဒီလိုမှောက်ချပါ။ ပြီးတော့ပန်းကန်ကိုသာသာလေးလှုပ်ပြီးဖယ်လိုက်ရင်တော့
ဒီလိုမျိုးလေးရပါမယ်။
စိတ်တိုင်းးကျ သုံးဆောင်ပါရှင်။
မေးထားတဲ့သူငယ်ချင်းစာဖတ်သူများ ကျေနပ်ပါစေလို့ ။
လာလည်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ