Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Salad. Show all posts
Showing posts with label Salad. Show all posts
Saturday, February 20, 2016
ထမင်းဘူးများ
ထမင်းဘူးများ...
ချစ်ချစ်အတွက်ထဲ့ပေးခဲ့တဲ့ ထမင်းဘူးတွေပါ။ အဆင်ပြေရင် ပြေသလို ရိုက်ထားခဲ့တဲ့ပုံတွေပါ။
ရိုက်ထားတာတော့ ကြာလှပါပြီ။ အမှတ်တရ ဖြစ်အောင်နဲ့ ကိုယ့်စီလာလည်တဲ့ဘလော့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်တာပါ။
ကြက်ကင်၊ ကညွတ်ကြော် နဲ့ ပဲပြုတ်အစပ်သုပ်
 ကြက်ကင်က ဆိုင်က၀ယ်ထားတာပါ။ ကညွတ်ကို ပုစွန်ခြောက်၊ ကြက်သွန်ဖြူနီ ခရမ်းချဉ်သီးနည်းနည်းနဲ့ ကြော်ပါတယ်။ ပဲပြုတ်ကိုတော့ ပုံထဲကအတိုင်း ကိုယ်ထဲ့ချင်တာတွေထဲ့ပြီး အအီပြေအောင်သုပ်ပေးထားတာပါ။ ပဲပြုတ်က တော့ ကိုယ့်ဖာသာပြုတ်ထားရတာပေါ့ရှင်။
ငပိကြော်၊ အစိမ်းကြော်၊ သခွားသိးအချဉ်သုပ် နဲ့  ၀က်ဦးနှောက်မဆလာချက်
ကိုက်လံကြော်၊ ၀က်အူချောင်းကြော်၊ သရက်သီးသနပ်၊ ၀က်ခေါင်းသုပ် နဲ့ ကြက်ဥခေါက်ကြော်
ပြောမယ်ဆိုရင် ဒါတွေက သူ့ အကြိုက်တွေပေါ့။ အသီးအရွက် ကို တော်တော်ရွေးတယ်။ ကိုက်လံတို့ ကညွတ်တို့ ဆိုရင်တော့ မညည်းမငြူ စားတယ်။ ၀က်ခေါင်းသုပ် လည်း အကြိုက်တူတယ်။ ကြက်ဥခေါက်ကြော်ကိုလည်း သူတော်တော်ကြိုက်တယ်။ ချက်ထားတာတွေက ကြာလှပြီဆိုတော့ တော်တော်ပြန်စဉ်းစားရတယ်။ ရိုက်ပြီးသွားတော့ ဘလော့မှာ တင်ဖို့ ရည်ရွယ်မိပြီး ချက်ခဲ့တာ ကြာသွားပြီဖြစ်ပေမဲ့ တင်ဖြစ်အောင်တင်ပေးလိုက်တာပါ။ 
မုန်ညင်းစိမ်းဖူးကြော်၊ ငပိကြော်နဲ့  ၀က်ဦးနှောက်ဆီပြန်
ဝက်သားကြာဆံကြော် နဲ့ ကြက်သွန်အချဉ်
ဝက်သားသရက်သီးသနပ်၊ ကိုက်လံနဲ့ ပြောင်းဖူးကြော်၊ ငပိကြော်
ခုတလော ဘလော့မိတ်ဆွေတွေကို သတိရနေလို့ ပို့ စ်တင်လိုက်တာပါ။
ဒီနှစ်မာဒီဂရာစ် ပုတီးပစ်ပွဲတော် နဲ့ မီစီစီပီ ကို အားလပ်ရက်သွားလည်တာ ရေးချင်ပေမဲ့ ပုံတွေ နဲ့ ဗီဒီယိုတွေ တော်တော်များများ ရှာရမှာ အချိန်ယူဖို့ မလွယ်သေးလို့  ရည်ရွယ်ယုံပဲ တတ်နိုင်ပါသေးတယ်လို့ ။
အားလုံးကိုသတိရချစ်ခင်လျှက်..
အသစ်လာလည်သူများကို လည်း ကျေးဇူးတင်ပါတယ်ရှင်။
အိုင်အိုရာ
Sunday, July 19, 2015
ငါးခူရဲယိုရွက်အုပ်အတု ဘူးသီးကြော် ငါးမြွေထိုးကြော် ဂေါ်ဖီသုပ် နဲ့ မုန်ညင်းဟင်းခါး
ငါးခူရဲယိုအတုဟင်း ..Cat fish & Kale
 တခါတခါဆို ငါးခူစင်းကောရဲယိုရွက်အုပ် အရမ်းစားချင်တာ။
အမေရိကားမှာ မြန်မာစာဆင်းရဲတော့ ကြံဖန်လုပ်စားရတာပေါ့။
ဒီဟင်းက Cat fish fillet (ငါးပတ်လိုလိုမျိုးကိုအသားလွှာထားတာ) ကိုစဉ်းပြီးတော့ ကြက်သွန်ဖြူနီဂျင်း ငရုတ်သီးထောင်းကို ဆီသတ် ခရမ်းချဉ်သီးတစ်လုံးလောက်ထဲ့ပြီး ဆားပြားထဲ့ မွှေးပြီးကျက်သွားတော့မှ ငါးစဉ်းထားတာတွေထဲ့ ငံပြာရည်ထဲ့ အဖုံးလေးအုပ်ထား။  ခြောက်သွားတဲ့အချိန်မှာ ရေဆူနည်းနည်းထဲ့  အုပ်ထား။ အရည်အားလုံးမခမ်းခင် မှာ အသင့်လှီးဖြတ်ဆေးကြောရေစစ်ထားတဲ့ ကေးလ်အရွက်တွေ ကိုရဲယိုရွက်အစားအုပ်။
ငရုတ်သီးစိမ်းလေးပါအုပ်။ ငံပြာရည်လေး အရွက်ထဲကို နည်းနည်းထပ်ဖြန်း။ အဖုံးအုပ်ထား။ ဖျစ်ဖျစ်မြည်လာရင် အရွက်လည်း အစိမ်းရောင်မပျက်လေး အိရင်ရပါပြီ။
( ကေးလ်ကခါးသက်သက်နဲ့ နုညံ့ပြီးတော်တော်နဲ့ အစိမ်းရောင်မပျောက်လို့ ကောင်းပါတယ်။)
မြန်မာ့ရိုးရာဘူးသီးကြော် မနက်စာအတွက်
 ဘူးသီးကြော်ကတော့ စားဖြစ်ပါတယ်။ ကုလားဆိုင်မှာ ဘူးသီးရတော့ ကုလားဆိုင်သွားတိုင်းဘူးသီးတစ်လုံးကတော့ပါလာတာဘဲ။
အိုင်အိုရာက အင်တာနက်မှာသူများတွေတင်ထားတဲ့ မှုန့် နှစ်တွေလိုက်လိုက်စမ်းကြည့်တယ်။
တချို့ လည်းပုံမှာတော့ကောင်းပါတယ်။ ကြော်ပြီးကြာကြာမခံတာများတယ်။
အမြန်စားချင်ရင်တော့ အိုင်အိုရာ က တင်ပူရာမှုန့် ထဲကို ဆန်မှုန့် နဲ့ ကောက်ညင်းမှုန့် ထပ်ရောပြီး ကြော်ဖြစ်တယ်။ (ကိုယ့်စိတ်ကြိုက်ဖြစ်တာလေးတွေနောက်မှ ပြန်ရှာပြီးတင်ထားလိုက်အုန်းမယ်။ လွယ်လွယ်ပြန်ရှာလို့ ရအောင်။)
ဆား၊ဂျင်းနဲ့ ကြက်သွန်ဖြူရည်ထဲ့တယ်။ ညှစ်ပြီးသားဂျင်းနဲ့ ကြက်သွန်ဖြူကိုမှ အချဉ်ရည်ဖျော်တဲ့ထဲထဲ့တယ်။ မြန်ကောင်းသက်သာအောင်ပေါ့။ အချဉ်ရည်ကို ကြက်ဖတံဆိတ် ငရုတ်ဆီ ထဲကို မန်ကျည်းရည် နဲ့ ငံပြာရည်ထဲ့တယ်။တခါတခါလည်းပဲကျက်မှုန့် ထဲ့တယ်။ မထဲ့တဲ့အခါများပါတယ်။
ငရုတ်သီးစိမ်း၊နံနံပင်ထဲ့တယ်။ စိတ်ကူးပေါက်သလိုလုပ်တယ်။ တခါတခါ ငရုတ်လှော်မှုန့် နည်းနည်းထဲ့တယ်။ ချိုချိုလေးဖြစ်ချင်ရင် ထညက်လေးနဲနဲ ထဲ့တယ်။ အရောင်လည်းပိုလှတယ်။
ကိုယ်တိုင်လုပ် ငါးမြွေထိုးခြောက်ကြော်
 ကုလားဆိုင်မှာ ငါးမြွေထိုးရေခဲရိုက်ရောင်းတယ်။ အဲဒါငါးမြွေထိုးခြောက်စားချင်ရင် အဲဒီက၀ယ်လာတာကို ရေဆေးဗိုက်ဖေါက်သန့် စင်ပြီးရင် ဆားနည်းနည်းလေးကဲပြီး နယ်။ အခြောက်လှမ်း။ ရာသီပေါ်မူတည်ပြီး သုံးလေးရက်ဆိုရပါပြီ။ ဆီပူနဲ့ ကြွတ်နေအောင်ကြော်ပြီး အဲဒီဆီနဲ့ ထမင်းပူလေးနဲ့ နယ်စားပြီး စားရတာ သဘောကျတယ်။
ဂေါ်ဖီထုတ်သုပ်
တခါတခါ ညနေပိုင်းတွေ ထမင်းမစားပဲ ဟင်းချိုနဲ့ အသုပ်စားဖြစ်တယ်။
ဘာမှသုပ်စရာမရှိရင် ဂေါ်ဖီကိုလှီးပြီး အသုပ်သုတ်သလို သုပ်စားတယ်။ ဆီချက်တို့ ပဲမှုန့် တို့ ပုဇွန်ခြောက်မှန့် တို့ အမြဲအဆင်သင့်လုပ်ထားတော့ သုပ်ရတာမြန်ပါတယ်။
ဆီချက်၊ ပဲမှုန့် ကျက်၊ ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည် ၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့် ထဲ့ပြီး ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်သုပ်ထားတာပါ။
မုန်ညင်းဖြူဟင်းခါးနဲ့ ဂေါ်ဖီသုပ်
Iora's Flan
 မြန်မာလိုတော့ပူတင်းပဲခေါ်ရမှာပါ။ ထုံးစံအတိုင်း အချိုပွဲ လေးနဲ့ အဆုံးသတ်ကြတာပေါ့နော်။
အရင်က ခဏခဏလုပ်စားဖြစ်တာလေးပါ။
လုပ်နည်းကို ဒီမှာ တင်ပေးထားဘူးပါတယ်။
Flan made by Iora
 (ပုံတွေကို အချိန်ကုန်လို့ နံမည်မထိုးထားပါဘူး။ ကော်ပီရိုက်က အိုင်အိုရာပါ။ ဖဘ မှာရောတချို့ ဘလော့တွေမှာ ရောကိုယ့်ပုံတွေရော သူများပုံတွေရော ကိုယ်လုပ်ထားသလိုမျိုးခိုးကူးပြီးပြောင်တင်ကြတဲ့သူတွေကို ရှုံ့ ချပါတယ်။)
Flan made by Iora
ကိုယ့်စီမမေ့မလျော့လာလာလည်တဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ခင်မင်လျက်ပါလို့ ...
အိုင်အိုရာ
Saturday, September 21, 2013
ပုစွန်ချဉ်သုတ် နဲ့ ပဲဟင်းချို
ကိုယ်တိုင်လုပ်ပုစွန်ချဉ်သုတ်နဲ့ ပဲထောပတ်ဟင်းချိုအရွက်ခတ်
 တကယ်တော့ကျမပို့ စ်အသစ်မတင်သေးဘူး။ နောင်အားမှပဲတင်ပါမယ်လေလို့ တွေးထားပေမဲ့ခဏခဏလာလာလည်ပြီး
အသစ်လာရှာသူသူငယ်ချင်းများကိုအားနာမိတာကြောင့်မြန်ကောင်းသက်သာဟင်းလေးတွေမြန်မြန်တင်ပေးလိုက်ပါတယ်ရှင်။
ကောင်းကောင်းသာသုံးဆောင်သွားကြပါတော့ နော်။
ပုစွန်ချဉ်ကိုအရည်ညှစ်၊ သင့်သလိုလှီးပါ။ ကြက်သွန်နီပါးပါးလှီး၊ရေဆေး၊ ငရုတ်သီးစိမ်းညှပ်ထဲ့၊ နံနံပင်ညှပ်ထဲ့။
     ကြက်သွန်ဖြူတမွှာလောက်ပါးပါးလေးလှီးထဲ့။ ငရုတ်သီးလှော်မှုန့် နှစ်သက်သလောက်ထဲ့။ ဆီစိမ်းဆမ်း။ ဖွဖွနယ်ပါ။ ဆားကိုမြည်းကြည့်ပြီးလိုမှထဲ့ပါ။ အချိုမှုန့် နှစ်သက်ရင်နဲနဲထဲ့။ (အချိုမှုန့် သုံးဖို့ မတိုက်တွန်းပါ။ ကျမတော့ဘာမှအလွန်အကျွံမဖြစ်ဖို့ ပဲသတိထားပါတယ်။ သိပ်ငန်၊ သိပ်ချို၊ သိပ်ပေါ့၊ သိပ်ချဉ်။ အဲလိုမျိုးမလုပ်ပါဘူး။ )
ကိုယ်တိုင်လုပ်ထားတာဆိုတော့ တော်တော်စိတ်ချမ်းသာပြီးစားရတာကျေနပ်မိတယ်။ အရောင်ဆိုးဆေးမပါပဲ ပန်းရောင်လေးကိုမြင်နေရတာနဲ့ တင်ပီတိကအပြည့်ဖြစ်နေပြီ။ ဘာကြောင့်များလှပပြီးကျန်းမာရေးနဲ့ ညီညွတ်နေတဲ့သဘာဝအရောင်ကို အတုရောင်ကြီးမှန်းသိသာနေတဲ့ပန်းရောင်ဖြဲဖြဲကြီးတွေ ကျန်းမာရေးနဲ့ မညီတာကြီးတွေဆိုးပစ်ကြတာလဲလို့ လည်းမကျေနပ်စွာတွေးမိပြီး ကိုယ့်ပုစွန်ချဉ်ကို ကျေနပ်စွာအားပေးလိုက်ပါတယ်ရှင်။း)
ဒါကဘူးဖေါက်ပြီးအမြန်ချက်ထားတာပါ။ သိတဲ့အတိုင်းကျမကပဲချစ်သူမဟုတ်တော့ဟင်းလိုက်အောင်သာချက်တာပါ။ အရွက်သာမခတ်ဖြစ်ရင်ပဲဟင်းကိုစားဖြစ်မှာမဟုတ်ပါဘူး။ ဘူးဆိုတော့နူးပြီးသား။ ဆီလေးနဲနဲနဲ့ ကြက်သွန်နီနဲ့ လုံးပြီးခဏတည်ပါတယ်။ ကြက်သွန်ကျက်ပြီးမွှေးသွားမှ ရေပူထဲ့ဆက်တည်ပါတယ်။ ပွက်ပွက်ဆူပြီး ပဲဟင်းအရည်လေးနောက်ပြီး ကျလာတော့မှ ဆားပြားထဲ့။ မြည်းပြီးကြိုက်ရင် အရွက်ခတ်၊ ကြက်သွန်ဖြူထောင်းထားတာထဲ့။ တခါတည်းမွှေးတက်လာပြီးပဲမကြိုက်တဲ့သူတောင်ထမင်းစားချင်လာပါတယ်။း) ပဲဟင်းချိုချက်ရင် ဆူးပုတ်၊ ဂွေးထောက်၊ ပြည်ပန်းညို၊ ဒန့် သလွန်၊ စွယ်တော်၊ ကသစ်၊ ပဲညွန့် ၊ အဲလိုအရွက်လေးတွေခတ်မှကျမစားချင်ပါတယ်။ ခုတော့အဲဒါတွေဘာမှမရှိလို့  ကေးလ် အရွက်ကိုခတ်စားထားတာပါ။ ကောင်းပါတယ်။
ကဲ..ပဲဟင်းချိုလေးဆမ်း၊ ပုစွန်ချဉ်သုတ်လေးထဲ့စားပြီး စိတ်တိုင်းကျသုံးဆောင်တော့နော်။
ပုစွန်ချဉ်သုတ်
ဖြစ်နိုင်ရင်ဒီလို သံဗူးနဲ့ လာတဲ့အသင့်စားအစားအစာတွေမစားချင်ပါ။ မစားဖြစ်တာများပေမဲ့ အစားထိုးအနေနဲ့ တော့တခါတခါစားပါတယ်။
ဝက်ပုခုန်းသားသုတ်။ နောက်နေ့ သုတ်စားထားတာပါ။ ၀က်သားဆိုအခေါက်ပါမှစားချင်တော့ပုခုန်းသားဝယ်ချက်ရပါတယ်။ ပြောထားတယ်လေ။ ဘိုဆိုင်ကပဲဝယ်ရပါတယ်ဆို။း) ၀က်ပုခုန်းသားကို အာဗင်ထဲမှာ ကင်ပြီးမှ ပါးပါးလှီးသုတ်ထားတာပါ။ ရိုမိန်းဆလတ်၊ ချယ်ရီခရမ်းချဉ်၊ ကြက်သွန်နီ၊ နံနံပင်၊ ငန်ပြာရည်နဲ့ သံပုရာသီးညှစ်သုတ်ထားပါတယ်။ ငရုတ်လှော်မှုန့် နဲနဲထဲ့။ ပိုမွှေးတာပေါ့။ ၀က်သားကအဆီပါတော့အသီးအရွက်များများထဲ့ပြီးပြန်ဖြေတဲ့သဘောနဲ့ စားတာလေ။
ဒီကရာသီနဲ့ ဖြစ်မဖြစ်မသေချာလို့ နဲနဲနဲ့ စလုပ်တာ။ ပုစွန်ကသေးတော့ဈေးလည်းသက်သာတယ်။ အခွံချွတ်ပြီးသားဝယ်ထားတာ။
ထမင်းနဲ့ ဆားကိုလက်အိတ်နဲ့ အရင်နယ်တယ်။ ခပ်စီးစီးဖြစ်သွားတော့ပုစွန်နဲ့ ဖြစ်ပြီးနယ်တယ်။
ပလတ်စတစ် နဲ့ ကျစ်အောင်ထုတ်ပါတယ်။ ဒီနေရာမှာကိုယ်လိုသလိုသိပ်ကျစ်ကျစ်မဖြစ်ဖူး။ စိတ်မရှည်တော့ရသလိုဘဲထုတ်တယ်။ အနားနှစ်ဖက်ကိုချိုချဉ်စက္ကူလို လိမ်လိုက်တယ်။ ကျစ်နေအောင်ထုတ်ထားတဲ့အထုတ်လေးတွေကို မီးဖိုအောက်က အာဗင် (oven) ထဲမှာစတီးဇလုံထဲထဲ့ပြီးထားထားပါတယ်။ နွေးတဲ့နေရာမှာထားလိုက်တာပါ။ နေပူလှန်းနိုင်ရင်လည်းလှန်းလို့ ရပါတယ်။ ရာသီဥတုပူရင်သုံးရက်လောက်မှာချဉ်ပါပြီ။ အဲဒီအချိန်ဆို ပုစွန်အရောင်ကလည်းပန်းရောင်လေးသန်းလာတာကိုပျော်ရွှင်စရာတွေ့ ရမှာပါ။ (ဒီနေရာကစပြီး ဓါတ်ပုံရိုက်ဖို့ မေ့သွားလိုက်တာ။ မီးဖိုအောက်က အာဗင်ထဲမှာထဲ့ထားမိတာပါမေ့သွားတာ။ ဖွင့်ကြည့်ဖို့ ကိုမေ့သွားလိုက်တာ။ ဘာကင်မလို့ လဲမသိဘူးလုပ်ဖို့ ဖွင့်မှတွေ့ လို့ သတိရတော့တယ်။ မနက်စာစား၊အလုပ်သွားအလုပ်ပြန်ထမင်းစားပန်းကန်ဆေးခဏနားညအိပ်သံသရာလေ။ တော်သေးတယ်။ ကွက်တိဘဲ။ သုံးရက်လောက်မှာဖွင့်မိတာ အရည်လေးတွေလည်းထွက်နေပြီ။) အဲဒီအချိန်မှာ အရည်လေးတွေကို အပေါက်ဖေါက်ပြီးညှစ်။ ပြီးတော့မာအောင်လို့ အပြင်မှာပဲ အလေးဖိထားလိုက်တယ်။ နောက်နေ့ ကျတော့ ရေခဲသေတ္တာထဲကိုဘူးနဲ့ ထဲ့သိမ်းထားလိုက်တယ်။ ကိုယ်ကတော့ ကြာကြာထားချင်ဖရီဇာထဲဘဲထဲ့ထားတယ် စားမဲ့နေ့ မတိုင်ခင် ရေခဲသေတ္တာထဲပြောင်းထဲ့တယ်။
မုန်ညင်းပေါင်းအကြွေးတင်သွားပြီ ရေးမယ်ဆိုပြီး။
အစားအသောက်တွေနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းအကြောင်းရေးချင်တာလည်းအကြွေးဘဲ။
အတိုးနဲ့ ဆပ်ပါမယ် ချစ်ဆွေတို့ ရေ။ နော်။
ကျေးဇူးတင်လျှက်..
ချစ်ခင်သော...
အိုင်အိုရာ
Sunday, August 25, 2013
အိုင်အိုရာရဲ့ ငါးအသုံးချပုံများနဲ့ ထွေလီကာလီများ
ငါးအသားလွှာဆီပြန်အိုးကပ်ချက်။ ခပ်ပါးပါးလေးတွေလှီးထားပါတယ်။ ဒါက   ခရမ်းချဉ်သီးမသုံးပဲကြက်သွန်ဖြူ၊နီ ၊ ငရုတ်သီးမှုန့် နဲ့ ဂျင်းနဲ့ ကြိတ်ထားတာပဲဆီသတ်ပြီးဆီပြန်ခပ်ခြောက်ခြောက်ချက်ထားတာ။ ဆီသတ်ရင်းငံပြာရည်နဲ့ ဆားနဲနဲထဲ့။ ကြက်သွန်တွေတော်တော်ခြောက်ပြီးမွှေးလာတော့နယ်ထားတဲ့ငါးလွှာတွေထဲ့။ မကြေအောင်မွှေ။ အရင်လုံး။ အဖုံးအုပ်ထား။ ရေကုန်တော့ ရေဆူ (ရေအေးလည်းရပါတယ်။) အသားလွှာကိုမမြုတ်အောင်ထဲ့။ ပါးပါးလှီးထားတာမို့ ရေအများကြီးမလိုဘူး။ အရိုးလည်းမပါတော့ပိုအကျက်မြန်တယ်လေ။ ဖြစ်ဖြစ်မြည်ပြီး ဆီပြန်ခါနီးတော့ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်။ ခရမ်းချဉ်သီးတမင်မထဲ့ဘဲချက်တာ။ အရမ်းစားလို့ ကောင်းပါတယ်။
 Cat fish (ငါးခူမဟုတ် သို့ သော် ငါးခူ နှင့် အလွန်အရသာတူပါသည်။ ပြောမယ်ဆိုရင် ငါးခူအသားပုံစံမျိုးနဲ့ ငါးပတ် တို့  ငါးမြင်းတို့ ကိုယ်လုံးမျိုး) အသားလွှာ အကြီးကြီး ၃ ခုဝယ်ထားတာကို မျိုးစုံအသုံးချပါတော့မယ်။ တချို့ ကို အထက်ကလိုအရင်ချက်လိုက်ပါတယ်။ လက်ငါးလုံးလောက်ဖြတ်ထားတဲ့အတုံးတစ်တုံးကို မုန့် ဟင်းခါးဟင်းရည်ချက်သောက်ဖို့ သပ်သပ်ဖယ်ထားပါတယ်။ ပြီးတော့တချို့ တ၀က်ကို ရွယ်ရွယ်အတုံးလေးတွေတုံးပါတယ်။ ဆားပြားငံပြာရည်နယ်ပြီး နောက်နေ့ ချက်ဖို့ ဘူးထဲအဆင်သင့်ထဲ့ထားပါတယ်။ အဲဒီပထမနေ့ ကတော့
အားရက်မို့ ငါးပိကြော်လည်းကြော်လိုက်ပါတယ်။ ကြော်နေရင်းနဲ့ ငါးခြောက်ကြော်လည်းစားချင်တော့ ကြော်နေတဲ့ထဲကို
အာပြဲခြောက်ဖုတ်တွေပါဖဲ့ထဲ့လိုက်ပါတယ်။ အာပြဲခြောက်လည်း ခုကောင်းကောင်းစားဖြစ်သွားပြီ။ ငတ်လို့ လေ။ ငါးပိကြော်ကတော့ ပျင်းလို့ ကြက်သွန်ဖြူပဲကြော်တယ်။ အနီကို ရယ်ဒီမိတ်ကိုခဏလေးပြန်ကြော်ပြီးဆယ်ထားလိုက်တယ်။ မဟုတ်ရင်လည်းဆီကမမွှေးဘူးလေ။ ဖြူ နီကြော်ပြီးတော့ ဆယ်ပြီးတော့ လက်ကျန်ဆီထဲကို ပုဇွန်ခြောက်မှုန့် ထဲ့၊ ငပိနဲနဲလေးထဲ့၊ ဆီနဲသွားရင်နဲနဲထပ်ထဲ့ ပုဇွန်ခြောက်တအားမခြောက်ခင်မှာ ငရုတ်သီးဖတ်လတ်တွေ ထဲ့။ မှန်မှန်မွှေပေး။ မီး မပြင်းနဲ့ လျှော့ထား။ ငရုတ်သီးကြွတ်ပြီးမွှေးလာတဲ့အချိန် ပုဇွန်ခြောက်လည်း ကြွတ် ကွက်တိချ။ အအေးခံထား။ အေးတော့ဖယ်ထားတဲ့ ဖြူနီကြော်ထဲ့မွှေ။ လေလုံတဲ့ပုလင်းထဲထဲ့။ ကြိုက်တဲ့အချိန်ထုတ်စား။ အဲဒါ ...အိုင်အိုရာ လုပ်နေကျ။း) အိမ်ဦးနတ်က ဒါမျိုးဆိုသိပ်ကြိုက်။
နောက်နေ့ အလုပ်ကို ငါးဆီပြန်နဲ့ တွဲယူသွားတဲ့သခွားသီးသုပ်။ ဘရိတ်ဖတ်စ် မစားခင်သခွားသီးပါးပါးလှီး။ ရှာလကာရည် နဲ့ ဆား၊ သကြားထဲ့ခဏထား။ ဘရိတ်ဖတ်စ်စားပြီးတော့ ကြက်သွန်စိမ်း၊ ဆီချက်ရယ် နှမ်းရယ်နဲ့ ရောနယ်။ ရပြီ။ ကြက်သွန်စိမ်းမထဲ့လည်းရတယ်။ အိုင်အိုရာကကြိုက်လို့ ပါ။ သူကပင်စိမ်းမကြိုက်လို့ အိုင်အိုရာ့ ဘူးထဲတော့ပင်စိမ်းရေခဲရိုက်နဲနဲထဲ့လိုက်တယ်။ ငါးဟင်းလေးနဲ့ လိုက်တယ်။ ဗက်ဂျီလည်းပါသွားတာပေါ့။
မြေပဲလတ်လတ်ဆတ်ဆတ်တွေတွေ့ လို့ ဝယ်လာပြီးပြုတ်စားတယ်။ ဆားထဲ့ ရေမြေပဲမမြုတ်အောင်ထဲ့။ ပေါင်းအိုးနဲ့ ၁၀ မိနစ်ပေါင်း။ ဒန်း။
အင်တာနက်လည်ရင်းစား။
လက်ဖက်လည်းအဲဒီနေ့ ကသုပ်စားလိုက်သေးတယ်။ အားရက်မှာလေ။ ပျင်းလို့ ဇလုံအတိုင်းနှိုက်စားကြတယ်။ အားတော့နာပါတယ်။ ဇလုံကြီးနဲ့ မို့ ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးပေါ့။ အိုင်အိုရာကဂေါ်ဖီထုတ်ကိုထူထူလှီးပါတယ်။ ပါးရင်ပျော့ဖတ်နေတဲ့အရသာကိုမနှစ်သက်လို့ ပါ။ ဒါဆိုကြွတ်ကြွတ်လေးကုန်တဲ့ထိဖြစ်နေတယ်လေ။ (ကညလသအတွက်ငရုတ်သီးဘေးမှာပုံထားတယ်..း)   )
သူကငါးသမားမဟုတ်တော့ သူ့ အတွက်က ၀က်သားလုံးကို အာလူးနဲ့ မဆလာနဲ့ ချက်ပေးပါတယ်။
ရှာဖွေလျှင်တွေ့ ရှိသည်ဆိုတော့ အိုင်အိုရာ ရှာဖွေတွေ့ ရှိထားတာလေးမျှလိုက်ပါအုန်းမယ်။ သိတဲ့အတိုင်းအိုင်အိုရာက မြန်မာထမင်းဟင်းကိုနှစ်သက်တယ်။ ရောက်နေတဲ့နေရာက အဖြူမြို့ ။ ဘိုကြိုက်ဆလတ်တွေ ဘိုစားပဲတွေ ခါဂျက်ဥတွေ ကလွဲရင် တခြားရတတ်တာလေးတွေ က ဂေါ်ဖီထုတ်ဖြူ နီ၊ ပန်းဂေါ်ဖီ (ဈေးကြီးလို့ ဝယ်ကိုမစားဘူး အမြင်ကပ်ပုဒ်မနဲ့ ) မုန်ညင်းစိမ်း၊ ဖြူ၊ (ဈေးလည်းပေါ ကြိုက်လည်းကြိုက်လို့ မှန်မှန်ဝယ်ဖြစ်တာလေးပေါ့။ ကြိုက်သော်ငြားလည်း အမြဲဒါဘဲတော့အိုင်အိုရာကဘယ်စားချင်ပါ့မလဲ။နော့်။)Collared Green နဲ့  Kale။ ဒီနှစ်ခုကိုတော့ စမ်းသပ်စားရာက နေ သဘောကျသွားပါတယ်။ ကိုယ့်နည်းနဲ့ ကိုယ်လေ။ ကော်လာ့ဒ် ဂရင်းကို ရဲယိုရွက် အစားထိုး အနေနဲ့ ငါးနဲ့ ချက်စားတယ်။ ကောင်းတယ်။ ပြုတ်သုပ်စားတာလည်းကောင်းတယ်။ ခုတခါ ကေးလ်ကို စမ်းပြီး ဂွေးထောက်ရွက်တို့ ဂေါ်ရခါးညွန့် တို့ လိုမျိုးကြော်စားတာ။ အလွန့် အလွန်သဘောကျသွားပါတယ်။ ဒီအရွက်ကကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဗက်ဂျီထဲမှာပါတယ်။ ကင်ဆာဖြစ်ခြင်းကိုဟန့် တားနိုင်တဲ့ဓါတ်လည်းပါတယ်တဲ့။ စိတ်ဝင်စားရင် ဒီမှာ http://www.whfoods.com/genpage.php?tname=foodspice&dbid=38  ကြည့်နော်။ ဒီလို (bladder, breast, colon, ovary, and prostate) cancer မျိုးတွေအတွက်အလွန်ကောင်းတယ်တဲ့။ အိုင်အိုရာတော့ဖတ်လိုက်မေ့လိုက်ပါဘဲ။ 
အလယ်ရိုးကမာလို့ ဖယ်ပစ်ပြီးထိပ်နားလေးပဲယူပါတယ်။
နောက်နေ့ တွေအလုပ်ယူသွားတာ။ အားရက်မှာသင်ပြီး ဆေးပြီး စကာနဲ့ စစ်ထားလိုက်တာ။ အရွက်ကမာတော့ဝါတတ်ပေမဲ့အထားခံတယ်။ မရိမပုတ်ဘူး။ ဒါက ပုဇွန်ခြောက်နဲ့ ဂွေးထောက်ရွက်ကြော်သလိုမျိုးကြော်ထားတာ။ ကြက်သွန် ဖြူနီ ကိုငရုတ်သီးကြမ်းဖတ်လေးနဲနဲထဲ့ဆီသတ်။ အရွက်နဲ့ ခရမ်းချဉ်သီးတူတူထဲ့။ ဆားလေးထဲ့ အုပ်ထား။ ရေခြောက်လွန်းရင် ရေလေးနဲနဲချင်းထဲ့။ ကျမက အစိမ်းရောင်မပျောက်ပဲအိတာမျိုးကိုကြိုက်ပါတယ်။ ဒါကြောင့်ရေကို နဲနဲချင်းဆထဲ့တာပါ။ ကဲ...အဆွေတို့ ရေ..မြန်မာအရသာနဲ့ လည်းနီးစပ်။ ကျန်းမာရေးနဲ့ လည်းညီညွတ်တော့ မစားဖူးသေးရင် စမ်းကြည့်လိုက်ပါအုန်းလို့ ။ ဒီကသူငယ်ချင်းကလည်းမြည်းကြည့်ပြီး ကြိုက်လို့ ကက်ဖစ်ရှ် နဲ့ ငါးခူရဲယိုလိုမျိုးချက်စားမယ်တဲ့။ အမေရိကန်တွေက သိပ်ကျန်းမာရေးအလေးထားကြတော့ ရှက်ဖ်တွေကလည်းဒါနဲ့ မျိုးစုံထွင်ကြတယ်။ ကုန်ကုန်ပြောရရင် Cup cake ထဲတောင်ရအောင်ထဲ့ကြတယ်။ စတဲဖရိုင်း လည်းစားတယ်။ ကင်ပြီးလည်းစားတယ်။ ဖုတ်ပြီး ချစ်ပ် လို လည်းစားကြတယ်။
 ကြက်သွန်ဖြူ၊နီ ဆီသတ်ခရမ်းချဉ်သီးတွေများများထဲ့။ အိအောင်ထား။ ခြေ။ လုံးဝမကြေသွားခင်လေးမှာ ခပ်ထူထူလှီးထားတဲ့ မုန်လာတွေထဲ့၊ ဆားထဲ့ ငံပြာရည်ထဲ့။ လုံးထား။ ရေကုန်ရေဆူလေးနဲနဲထဲ့ပြန်အုပ်ထား။
ကဲ...ငါးဇာတ်လမ်းပြန်ဆက်လိုက်အုန်းမယ်နော်။ ချက်နည်းတွေက ပုံမှာရေးပေးထားပါတယ်။
မုန်လာဥကရှားရှားပါးပါးအင်ဒီးယန်းဆိုင်သွားတုန်းကရလာတာ။ ကျမနေတဲ့မြို့ လေးကဘိုဆိုင်တွေမှာဆိုအလွန်ဈေးကြီးလို့ ဝယ်မစားဘူး။
မုန်လာချဉ်ရည်ချက်ရင် စားရရင်ငယ်ငယ်ကသူငယ်ချင်းရဲ့ ထမင်းဘူးကိုသိပ်သတိရတယ်။
သူ့ အိမ်ကကျောင်းနဲ့ နီးတော့သူ့ အဖွားကမုန့် စားကျောင်းလွှတ်မှခြင်းတောင်းကြီးနဲ့ သူတို့ ညီအမတွေ
အတွက်လာပို့ ပေးတာ။ ကျောင်းကဂိတ်ပေါက်မှာသူနဲ့ အိုင်အိုရာတို့ သူငယ်ချင်းတွေက သူ့ အဖွားကိုရောယောင်မျှော်ရတာလေ။
သူ့ ရဲ့ မုန်လာချဉ်ရည်ကပူပူနွေးနွေးနဲ့ အရည်လေးဆမ်းစားလို့ ရတော့ အိုင်အိုရာတို့ သူ့ ခွက်ပဲနှိုက်ကြတာပေါ့။ အိုင်အိုရာတို့ ဘူးတွေက ဟင်းအခြောက်တွေချည့်ပဲလေ။ ဘယ်အရည်ပါပါ့မလဲ။ သူကလည်းစားစားဆိုပြီးထဲ့ပေးတယ်။ အရမ်းစေတနာကောင်းတယ်။ အိုင်အိုရာတို့ ကလည်းကိုယ့်ဟင်းတွေသူ့ ထဲအတင်းထဲ့ပြီး အဲဒီမုန်လာချဉ်ရည်ကိုဘဲ မက်မက်မောမောစားခဲ့ကြတာ။ ခုလည်းသူကအဲလိုစေတနာကောင်းတုန်းဘဲ အိုင်အိုရာတို့ သူငယ်ချင်းတွေအပေါ်မှာ။ မုန်လာချဉ်ရည်ဘယ်ချိန်စားစားသူ့ ကိုသတိရတယ်။ အစားစားရင်သတိရဖြစ်တဲ့အထဲမှာသူက မုန်လာချဉ်ရည်အမြဲလိုပါတတ်လို့ ရယ်ကိုယ်တွေကလည်းစားခဲ့ရလို့ ရယ် သူ့ ကိုသတိရမိတယ်။ခုတော့သူက အောင်မြင်တဲ့စီးပွါးရေးသမားကြီးဖြစ်ပြီး တမိသားစုလုံးကိုတာဝန်ယူထားတယ်။ နောက်တစ်ယောက်ကတော့ တက္ကသိုလ်မှာတုန်း က လက်တွေ့  ၀င်ရတဲ့နေ့ တွေတိုင်း ကြာဆံကြော်ပလိန်းယူလာတတ်တဲ့သူငယ်ချင်းပါ။ လက်တွေ့ ဝင်ရတဲ့နေ့ တွေက စောတော့ အိမ်ကနေလည်းဘာမှကောင်းကောင်းမစားဖြစ်ခဲ့ကြ၊ ထမင်းဘူးလည်းမပါကြနဲ့ ။ အဲဒီသူငယ်ချင်းက ဘူးအပြည့်ကြီး ဘာအသားမှမပါပဲ ဂေါ်ဖီတစ်မျိုးတည်းနဲ့ ကြော်ထဲ့လာတာ ၀ိုင်းဝိုင်းစားကြလို့ သူ့ ကိုတော့ကြာ ဆံကြော်စားတိုင်းသတိရတယ်။ သူကတော့ အလယ်တန်းပြဆရာမလေးအနေနဲ့ နောက်ဆုံးတွေ့ ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။
ကိုယ်ကြိုက်သလောက်နူးရင် (အို်င်အိုရာကတအားနူးပျော့မသွားခင်ငါးထဲ့ပါတယ်) နယ်ထားတဲ့ငါးထဲ့။ ဒါကချဉ်ရည်ဟင်းပုံစံမျိုးပေမဲ့အရည်ကျဲမဟုတ်ပဲသောက်ဆမ်း လေးချက်ထားတာပါ။
 ဒါတွေက ခပ်ရွယ်ရွယ်တုံးထားတဲ့ငါးကိုနောက်နေ့ မှာချက်ထားတာပါ။
အရည်ဆူတော့မကျည်းရည်ထဲ့၊ အပေါ့အငံမြည်း။ အရည်နဲနဲကျအောင်ဆက်တည်ထား။ အရည်လေးနဲနဲကျသွားရင် နံနံပင်အုပ်။ ချလို့ ရပါပြီ။ စားလို့ အရမ်းကောင်းတာဘဲ။ တကယ်။
ကိုရီးယားပဲပုတ်စေ့ချက်မယ်။ ငါးမုန်လာနဲ့ လိုက်အောင်လို့ ။ သူငယ်ချင်း လက်ဆောင်ပေးထားတာပါ။ အစိမ့်မျိုး။ ကောင်းတယ်။
ငါးမုန်လာကအစိုမို့ လို့ ဒါကိုခပ်ခြောက်ခြောက်ချက်ပါတယ်။ ကြက်သွန် ဖြူ၊နီ ငရုတ်သီးအကြမ်းဖတ်ဆီသတ်။ နွမ်းတော့ငရုတ်သီးစိမ်းထဲ့။ ဆားပေါ့လို့ ဆားပါးပါးထဲ့ပါတယ်။ ပြီးတော့ပဲပုတ်ထဲ့ မွှေ။
ရပြီ။ မြန်မှမြန်။ နံနံပင်လေးအုပ်။ မုန်လာချဉ်ရည်နဲ့ ဆိုတော့မိုက်မှမိုက်။
ကျမကစိတ်ပါရင်ပါသလို လျှောက်လုပ်တတ်တယ်။ တဆက်တည်း ငပိထောင်းမစားရတာကြာလှပြီဆိုပြီး ငပိထောင်းပါဆက်လုပ်တယ်။ ငပိထောင်းမစားရတာကဒီလို။ ငပိကိုရန်ကုန်ကပို့ ပေးထားတာ။ ဖရီဇာထဲထဲ့ထားတာမရှာဖြစ်တာရယ် တွေ့ တော့ဘူးထဲထဲ့ရမှာပျင်းတာရယ်ကြောင့်။း) စိတ်ပါတုန်းငပိကို အလူမီနမ်ဖွိုင်လ်နဲ့ ထုတ်ပြီးဖုတ်တယ်။ မွှေးနေတာဘဲ ဖွင့်လိုက်တော့။ ထောင်းတယ်ဆိုပေမဲ့ ဒီမှာငရုတ်ဆုံမရှိလို့ ကြိတ်ထားတာပါ။ ပြီးတော့ဘူးထဲထဲ့ထားလိုက်ပါတယ်။
အဲဒီကေးလ် အရွက်ကိုအစိမ်း ပဲပုတ်နဲ့ တို့ စားတာလည်းအရမ်းစားလို့ ကောင်းတာဘဲ။ ငါးမုန်လာဟင်းက အနံ့ ပြင်းလို့ အလုပ်ထဲယူမသွားဘူး။ အိမ်မှာပဲအားပေးရတယ်။
အရင်နေ့ ဟင်းကျန်တွေနဲ့ ပါတွဲစားလိုက်တယ်။ ဟိုးဖက်က ၀က်သားလုံးအာလူး နဲ့ ကြက်သည်းပြုတ်ကြော်။ အဲဒီရက်တွေတုန်းက ကြက်အသည်းပဲရခဲ့တယ်။ ဒီအပါတ်ကျတော့ ကြက်အမြစ်ပဲရခဲ့တယ်။ အသည်းကသူ့ နေ့ ပေါ့။ အမြစ်က ကျမနေ့ ။ ဟ..ဟ
လိုက်ဖက်တဲ့ဟင်းတွေချက်ပြီး အိုင်အိုရာ ကဘာစားဖြစ်သလဲဆိုတော့ မုန့် ဟင်းရည်နဲ့ ဘူးသီးကြော်စားပါတယ်။ စိတ်ထင်ရင်ထင်သလို ဆက်တိုက်လုပ်တတ်တယ်။ စိတ်မပါရင်တော့နော်။ ဘာမှကိုမချက်ချင်ဘူး။ ထမင်းလေးသုတ်ကျွေးလိုက်။ ကြက်ဥလေးကြော်လိုက်ပဲ။
 ကျန်တဲ့ငါးတစ်တုံးကို တစ်ခြားဟင်းတွေချက်နေချိန်မှာ စပါးလင်နဲ့ ငံပြာရည်နဲ့ ပြုတ်ထားတယ်။ အလွယ်နည်းတောမုန့် ဟင်းခါးလို ချက်တာ။ မုန့် ဟင်းခါးထုတ်ဖေါက်ထဲ့။ ကြက်ဥပြုတ်၊ ငှက်ပျောအူခြောက်ရေစိမ်ထဲ့။ ကြက်သွန်နီကြမ်းကြမ်းလှီးထဲ့။ ငရုတ်ကောင်းလှော်ထောင်းများများထဲ့။ သူ့ ဖာသာကျက်ချင်တဲ့အချိန်ကျက်။ ဟိုပစ်ထဲ့ ဒီပစ်ထဲ့နဲ့ ချက်ထားတာပါ။ မုန့် ဖတ်ပြုတ်ရတာအရမ်းပျင်းတယ်။ ဘူးသီးကြော်ရတာတော့မပျင်းဘူး။ မုန့် နှစ်မြန်မြန်စပ်ပြီးလှီးကြော်လိုက်တာဘဲ။ ချစ်ချစ်ကထမင်းစား။ အိုင်အိုရာက မုန့် ဟင်းရည်နဲ့ ဘူးသီးကြော်စား။  ငရုတ်သီးဆီကြော်နဲ့ ကြက်သွန်ဖြူကြော်ထဲ့စား။ ကျန်သေးတယ်။ ပြောရင်းနဲ့ စားချင်လာပြီ။ ဒါရေးပြီးရင် အဲဒီဟင်းရည်သောက်မယ်။
ဒါကနောက်တစ်ရက်မှာ ဘူးသီးထပ်ကြော်ပြီး မုန့် ဟင်းရည်နဲ့ စားထားတာ။ ဟို..ဘယ်ဖက်ထောင့်က မုန့် ညင်းပေါင်း။
မုန်ညင်းပေါင်း ကြက်သားနဲ့ လုပ်ထားတာ။ သူငယ်ချင်းတွေကိုပေးချင်လို့ လုပ်လိုက်တာပါ။ မုန်ညင်းစိမ်းတွေလည်းအရမ်းလတ်ပြီးနုနေလို့ ။ ဒါတော့နောက်အလှည့်မှတင်တော့မယ်ကွယ်။
ပဲကြော်အရင်ကကြော်ထားတာလေးပါပြန်ကြော်ပြီးထဲ့စားလိုက်သေးတယ်။
စိတ်ထဲမှာထိခိုက်ခံစားနေရတာတစ်ခုရှိတယ်။
မြန်မာပြည်က ကင်ဆာအဖြစ်ဆုံးအဆင့်နှစ် နိုင်ငံထဲမှာပါနေတာ။
ကိုယ့်မိတ်ဆွေတွေ တဆင့်အသိတွေ လူကြီးလူငယ်တော်တော်များများမြန်မာပြည်မှာကင်ဆာနဲ့ ဆုံးပါးနေရတာတွေစိပ်နေတယ်။
ဘာလို့ လည်းဆိုတော့ အစားအသောက်တွေက စံနှုန်းမထားပဲဆိုးဆေး တွေသုံးနေကြတာအဓိကလိုဖြစ်နေတယ်။ အစာဆိုးဆေးကသုံးလို့ ရပါတယ်။ အစာဆိုးဆေးမဟုတ်တဲ့ ဆိုးဆေးသုံးစွဲတာတွေကို ထိထိရောက်ရောက်အရေးယူရပါမယ်။
ကျမဒါကိုအမျိုးသားရေးတစ်ရပ်လို့ မြင်တယ်။ အစိုးရမပါပဲဘယ်လိုမှ အောင်မြင်အောင်မလုပ်နိုင်ဘူး။
ဈေးသည်တွေကိုအင်တာဗျူးတာတွေကြည့်ပြီးအတော်တုန်လှုပ်စိတ်ဆင်းရဲမိတယ်။ တဆက်တည်းမှာပဲ ကျမတို့ အဲဒါတွေနဲ့ ကြီးပြင်းခဲ့ရတာ ကျမတို့ ကိုယ်ထဲမှာ ဘယ်လောက်ဝင်ပြီး ပျိုးနေပြီလဲ။
မျှစ်သည်အမျိုးသမီးက လုပ်နေကျပုံစံအတိုင်း မျှစ်ကိုဆေးဝါ ဆေးနီဆိုးတဲ့အကြောင်းပြောတယ်။ လူတွေက မျှစ်နီကို ပိုကြိုက်လို့ အနီကိုလည်းဆိုးရတယ်တဲ့။ စားသုံးသူတွေရော ရောင်းချသူတွေရောအသိပညာကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ဒီဓလေ့ပျောက်သွားတဲ့အထိအားလုံးပါဝင်ဆောင်ရွက်ရပါမယ်။
ငှက်ပျောသီးသည်ကလည်း အမှည့်မြန်အောင်လို့ ဆေးရည်တွေနဲ့ ငှက်ပျောခိုင်တွေကိုဆေးတာသုံးလေးရက်ဆိုအကုန်ဝါပြီးမှည့်လာရောတဲ့။
ကျမ အခုမြန်မာပြည်ကလာတဲ့ ငရုတ်သီးမှုန့် လေးတစ်ထုတ်ဝယ်ထားမိတယ်။ စားကြည့်တော့ယမ်းနံ့ ရတယ်။ မစားရဲလို့ ကိုယ့်ဖာသာပဲငရုတ်သီးတောင့်ကျော်ပြီး ထောင်းထားလိုက်တယ်။
ဒီကိစ္စကို ပညာပေးဘို့ လည်းလိုတယ်။ ကျမ အားတာနဲ့ ပညာပေးလုပ်ငန်းနဲ့ ပါတ်သက်တာလေးတင်ပါအုန်းမယ်။ (ဒီလိုစိတ်ဆောင်ထားပေမဲ့ကျမလည်း နေ့ တဒူဝအလုပ်ထဲမှာပဲအချိန်ကုန်နေအုန်းမှာပါ။ ....ဟင်း)
ဒီစာလာဖတ်တဲ့သူထဲမှာ မြန်မာပြည်ကလာလည်တဲ့သူပါရင် မိမိမိသားစုကိုဆေးဆိုးထားတဲ့အစာတွေမ၀ယ်ဖို့ မစားဖို့ အသိပေးစေချင်ပါတယ်။
One to one communication...ဆိုတဲ့ အရေးပါတဲ့သူတစ်ဦးကို တစ်ဦးချင်းပညာပေးနိုင်တာလည်း မိသားစု နဲ့ မိမိအသိုက်အ၀န်းမှာ အသုံးဝင်ပါတယ်။ ဆိုပါစို့ ..ကိုယ့်အိမ်မှာ အဓိကဟင်းချက်ဈေးဝယ်သူကို ဒီအသိပေးရပါမယ်။ မိသားစုက လည်း လက်ဝင်တာမျိုးကိုဝိုင်းကူရပါမယ်။
ရေးရင်းရှည်သွားပြီ။
သီးသန့် ပို့ စ်ကျမှ ဆွေးနွေးကြတာပေါ့...
ခင်မင်လေးစားသော...
အိုင်အိုရာ