Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Tuesday, August 28, 2012
အမေ့ထမင်းဝိုင်းအလွမ်းပြေ
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie)
Tomato spicy curry to be served with some veggie
ဒီမှာနေ့ တိုင်းထမင်းဟင်းမချက်ဖြစ်တော့အိုင်အိုရာဒီလိုပုံစံမျိုးအစိုအခြောက်တွဲတဲ့ဟင်းတွဲကိုချက်ဖြစ်တာများပါတယ်။
အသားဟင်းငါးဟင်းခပ်ခြောက်ခြောက်နဲ့ အစိုဟင်းတစ်မျိုးမျိုးတွဲစားနိုင်အောင်လုပ်ပါတယ်။ အိုင်အိုရာကဟင်းတစ်မျိုးတည်းကိုဆက်တိုက်မစားချင်ပါဘူး။ (အမေတို့ အမတို့ တွေကျင့်ပေးလိုက်တာလို့ ဆိုပြီးသူတို့ ကိုဘဲအပြစ်တင်ကြတာပေါ့နော။)း)
အဲဒီတော့အသားတစ်မျိုးတည်းကိုလည်းပုံစံနှစ်မျိုးလောက်တစ်ချိန်တည်းမှာလုပ်ပါတယ်။ အချိန်မရရင်နောက်နေ့ ကျတော့မြန်မာစတိုင်ကတရုတ်စတိုင် သို့ မဟုတ်ကုလားစတိုင်သို့ မဟုတ် တစ်ခြားမြန်မာစတိုင်(အသီးအရွက်နဲ့ ရောတာမျိုး၊ အနံ့ တစ်မျိုးပြောင်းပစ်လိုက်တာမျိုး၊ နံနံပင်အုပ်ထားရာကနေပင်စိမ်း ဒါမှမဟုတ် ရှမ်းနံနံပြောင်းအုပ်တာမျိုး)
ဒီဟင်းတွေချက်စားဖြစ်တဲ့ရက်တုန်းက ၀က်ကြိတ်သားကို ပထမဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့် နဲ့ နယ်ပါတယ်။ ဒီဟင်းကတော့အရမ်းမြန်ပါတယ်။ ၀က်သားကကြိတ်ထားတာဆိုတော့ကျက်လွယ်တယ်လေ။ နယ်ပြီးတာနဲ့ ဒယ်အိုးထဲကိုကိုယ်ကြိုက်တဲ့အနေလုံးပြီးတခါတည်းတန်းထဲ့ပါတယ်။ ၀က်သားသုံးပုံတစ်ပုံလောက်ကိုတော့ ကုလားလေး မဆလာထဲ့၊ ဇီယာထဲ့ပြီး တစ်ခြားဒယ်အိုးနဲ့ ထဲ့ပါတယ်။ အားလုံးထဲ့ပြီးတာနဲ့ ဆီနဲ့ ရေတခါတည်းထဲ့ပြီးအဖုံးအုပ်တည်လိုက်ပါတယ်။ အသားဟင်းတွေချက်ရင်အိုင်အိုရာကတော့ကျက်မှစိတ်ထဲမှာဘ၀င်ကျတော့အမြဲပွက်ပွက်ဆူအောင်တည်ပြီးမှ
မီးကိုပြန်လျှော့လေ့ရှိပါတယ်။ အဓိကကတော့အတွင်းကိုကောင်းကောင်းကျက်စေချင်တာပါ။ ဒီခေတ်ကလည်းဝက်တို့ ကြက်တို့ ကကူးတဲ့ရောဂါတွေပိုများလာတော့ကြောက်တာလည်းပါပါတယ်။
အသားလုံးတွေကိုအထက်အောက်လှန်လှန်ပေးပြီး နောက်ဆုံးရေခမ်းတော့မှ မွှေးပြီးရဲရဲလေးဖြစ်လာအောင်ဆက်လှိမ့်
ပေးပါတယ်။ ကိုယ်ကြိုက်တဲ့အနေအထားလေးရတော့ချလိုက်ရုံပါဘဲ။ အိုင်အိုရာက အရမ်းမကြွတ်ဘဲအထဲကအိအိနဲ့ အပြင်ကကျွမ်းကျွမ်းလေးကိုကြိုက်တော့ပုံထဲကအနေရရင်ချပါတယ်။ 
Meat ball with pork: Burmese style with Indian spice
အပေါ်က၀က်သားလုံးကမဆလာနဲ့ လုံးထားတာပါ။ အထက်ကအတိုင်းတည်ပါတယ်။ သူ့ ကျတော့ဆီပြန်ကတည်းကငရုတ်သီးတောင့်တွေကိုပါထဲ့ပြီးလှိမ့်ပါတယ်။ ငရုတ်သီးလည်းကြွတ်၊ အသားလုံးလည်းခပ်ကျွမ်းကျွမ်းဖြစ်ဆိုအရမ်းမွှေးပြီးနှိုက်စားမိတာဘဲ။ တစ်လုံးပြီးတစ်လုံး။ အိမ်မှာတော့မမက ဟေ့..ယူ တို့ တွေ မီးဖိုထဲမလာကြရင်ကောင်းမယ်ဆိုပြီးနှိုက်စားတဲ့အိုင်အိုရာတို့ တူအရီးတွေကိုနှင်ထုတ်တာဘဲ။း)
အမေဆိုရင်တော့...ဟင်းနံ့ လေးကမွှေးတော့အမေတောင်ဗိုက်ဆာလာပြီ..လို့ မသိမသာနဲ့ သူဆာလာကြောင်း
သတင်းပေးပါလိမ့်မယ်။း)
Pork ball and lettuce
ကြက်မြစ်ကြက်သည်းပြုတ်ကြော်ရိုးရိုးလေး
 ချစ်ချစ်ကလည်းကြက်မြစ်ကြက်သည်းမစားရတာကြာလို့ ချက်ကျွေးပါအုန်းတဲ့။ အိုင်အိုရာတို့ ကမြန်မာဟင်းတွေလည်းကြိုက်။ ထမင်းလည်းကြိုက်ကြတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်သတိထားပြီးတော့တော့ဟင်းကိုတွဲဘို့ ကြိုးစားပါတယ်။
ကြက်မြစ်ကြက်သည်းဆိုဝက်သားကြက်သားထက်၊ ငါးထက် အကြိမ်လျှော့ပြီးချက်ပါတယ်။ ဒါပေမဲ့လည်းကြိုက်ကြတော့ချက်တော့ချက်စားဖြစ်ပါတယ်။ အိုင်အိုရာကအမြစ်ကြိုက်တယ်။ သူကအသည်းကြိုက်တယ်။ နှလုံးကိုတော့နှစ်ယောက်လုံးကြိုက်ပါတယ်။ အဲတော့မျှဝယ်ပြီးချက်ပါတယ်။စားတာတော့အားလုံးစားပါတယ်လေ။ အိုင်အိုရာကမချက်ခင်အမြစ်တစ်ခုချင်း နှလုံးတစ်ခုချင်းစီကရှိနေတဲ့အဆီဖတ်တွေကိုဒါးထက်ထက်လေးနဲ့ အကုန်
လှီးဖယ်ပစ်ပါတယ်။ အနဲဆုံးတော့အသည်းအမြစ်စားပေမဲ့အဲဒီအဆီတွေတော့မပါသွားဘူးပေါ့နော်။
အပေါ်ကဟင်းကတော့ဆားဆနွင်း၊ငံပြာရည်၊ ကြက်သားမှုန့် နယ်ထားတဲ့  အမြစ်နဲ့ နှလုံးတွေကိုအရင်ရေရယ်ဆီရယ်နဲ့ လုံးပြီး အဖုံးအုပ်တည်ပါတယ်။ မကြာခဏမွှေပေးပြီးနောက်ဆုံးနူးပြီး ရေမခမ်းခင်မှာ အသည်းတွေရောပါတယ်။ ရေသိပ်နည်းရင်နဲနဲထပ်ထည့်ပေါ့။ အသည်းကကျက်လွယ်တော့အကြာကြီးတည်စရာမလိုဘူးလေ။ ရေပွက်ပွက်ဆူပြီးအထဲထိအကျက်နဲ့ မှန်းပြီးရေကို
ဆ ထည့်ပြီးဆီပြန်တော့မွှေးလာပြီလေ။
ဒါကျတော့သိပ်မာသွားရင်မကောင်းတော့ ဆီပြန်ပြီးမွှေးလာပြီဆိုချလို့ ရပါပြီ။ များသောအားဖြင့်ကြက်မြစ်ကြက်သည်းတို့ ဝက်သားလုံးတို့ ကိုအနှစ်နဲ့ ချက်တာထက်ခုလို ခြောက်ခြောက်လေး
ချက်တာကိုပိုသဘောကျပါတယ်။
အိုင်အိုရာတို့ မြန်မာတွေအကြိုက် ခရမ်းချဉ်သီးငပိချက်
ဟင်းအခြောက်တွေဆိုတော့နောက်ရက်စားလည်းသိပ်ပြဿနာမရှိလှဘူးလေ။ ဟင်းကအနံ့ တို့ ပုံစံတို့ သိပ်မပြောင်းဘူးလေနော်။ ဒီတော့အဲလိုခပ်ခြောက်ခြောက်ဟင်းတွေချက်ရင်အိုင်အိုရာက ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ ခရမ်းသီးနှပ်တို့ ကြက်ဟင်းခါးသီးကြော်တို့ လိုမျိုးတွေနဲ့ ဖက်စားဖြစ်ပါတယ်။
ဒါပေမဲ့ချစ်ချစ်က(လာပြန်ပြီး)) ခရမ်းသီးတို့ ကြက်ဟင်းခါးသီးတို့ မကြိုက်တော့ ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ နဲ့ ပိုတွဲချက်ဖြစ်ပါတယ်။ အဲဒါဆိုအသီးအရွက်ရှိတာနဲ့ ဖက်စားလိုက်ရင်အလုပ်လည်းမများလှ၊ စားလို့ လည်းမညည်းငွေ့ ၊ ခံတွင်းလည်းတွေ့ ပေါ့။ (အကြံပိုင်သော..ငခွေး..အဲလေ..အိုင်အိုရား)    )
အော်..မေ့လို့ ခရမ်းချဉ်သီးချက်တာမပါလို့ ပို့ စ်တင်ပြီးမှကမန်းကတန်းပြန်လာထဲ့ပေးနေတာ။
ခရမ်းချဉ်သီးငပိချက်ကဆီသတ်ချက်လည်းရတယ်။ လုံးချက်လည်းရပါတယ်။ အိုင်အိုရာက ဆီပြန်မချက်ပဲ အရည်နဲနဲဆီနဲနဲနဲ့ ချက်ထားတာပါ။ သေးသေးစိပ်ထားတဲ့ခရမ်းချဉ်သီးတွေနဲ့ ကြက်သွန်ဖြူ၊နီ၊ ပုဇွန်ခြောက်မှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ငပိနဲနဲ တို့ ကိုဆီနဲနဲထဲ့ပြီးကိုယ်ကြိုက်တဲ့အနေရတဲ့ထိလုံးချက်ချက်ထားတာပါ။ (ထုံးစံအတိုင်းမြန်ကောင်းသက်သာပေါ့) လုံးချက်တဲ့အခါသတိထားရမှာက အစိမ်းစော်နံမနေဘို့ ပါဘဲ။ ကောင်းကောင်းကျက်ပြီးကိုယ်သဘောကျနူးတဲ့အနေကျရင် အရသာမြည်း၊ အရည်အနေအထားလည်းကြည့် နဲရင်ထပ်ထဲ့များရင်နဲနဲထပ်တည်၊အတော်ဖြစ်ပြီဆိုရင်ညှပ်ထားတဲ့ ငရုတ်သီးစိမ်းအုပ်၊ ကျက်ရင် နံနံပင်လေးအုပ်လိုက်ရင်တော့အိုခေပြီပေါ့။ 
ဒီလိုမျိုးဆိုရင်တော့ဘယ်တော့မှမမုန်းတမ်းစားနိုင်တယ်နော် (ခရမ်းချဉ်သီးငပိချက်နဲ့ တို့ စရာစုံ ခ၀ဲသီးပြုတ်၊ ရုံးပတေသီးပြုတ်၊ မုန်လာဥပြုတ်။ ဆလတ်ရွက်ကိုသပ်သပ်ဗူးနဲ့ ထဲ့ထားတာလည်းအပေါ်မှာပါတယ်နော်။)
 ကဲ အားလုံးလည်းချက်လို့ ပြီးပြီ။ ထမင်းဝိုင်းလည်းပြင်လို့ ပြီးပြီ။
တစ်ခုဘဲ ကျန်တော့တယ်။  
အားလုံးသုံးဆောင်နိုင်ပါပြီ။
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie)
Wait..wait..wait.. ခဏ။ ခဏစောင့်ပါအုန်း။
ဘာလေးတွေကူတင်ပေးတယ်။ မြန်မြန်ပြီးမှစားရမှာဆိုပြီးတော့နေမှာ...း) အဲလိုရိုက်မယ်လည်းလုပ်ရော ကင်မရာကဓါတ်ခဲအားနဲနေရင် သေပြီဆရာဘဲ။ မျက်စောင်းကြီးကြီးကြီးတွေထပ်မလာအောင် ကင်မရာလေးအသာချ။ စိတ်လျှော့။ နောက်ချက်တော့မှ ရိုက်တာပေါ့လေဆိုပြီးတေးထား။
ဒီလိုဟင်းမျိုးကတော့အေးလည်းသိပ်ပြဿနာမရှိတော့ချစ်ချစ်ကရိုက်ပါ။ ရိုက်ပါ။ ဆိုပြီးအားပေးပါတယ်။ ဟင်းချိုဟင်းပါရင်တော့လေ သူ့ အတွက်ဟင်းချိုကိုရိုက်ပြီးမှ ခပ်တယ်ဗျာ။ အေးမှာစိုးလို့ တဲ့။
Home made အချိုပွဲ ကိတ်မုန့်  (Cake with Pandan custard)
 Home made ဆိုလို့ အထင်တော့မကြီးလိုက်နဲ့ အုန်းနော်။
ထုံးစံအတိုင်း Cake Mix ကိုဝယ်ပြီးလုပ်ထားတာ။ သူ့ အညွှန်းအတိုင်းလုပ်လိုက်ရင်လွယ်လွယ်လေးနဲ့ ဈေးသက်သာ၊အရမ်းအရသာရှိပြီး သန့် ရှင်းတဲ့ကိတ်မုန့် လေးကိုအချိုတည်းဘို့ ရတာပေါ့။
My favorite cake mix
အဲဒီကိတ်မစ်စ်နဲ့ လုပ်ထားတာပါ။ သူ့ အညွှန်းကအရမ်းလွယ်တော့လုပ်ရတာစိတ်ပါတယ်။ မပင်ပန်းဘဲကောင်းကောင်းစားရတော့ပျော်တယ်။ ကိတ်မုန့် ရိုးရိုးရလာပြီးမှ ကို်ယ်ကြိုက်သလို ကိုယ်စားချင်တာနဲ့ တွဲဖက်ပြီးပြင်ဆင်လိုက်တာပါ။ ပိုလှပြီးဆွဲဆောင်မှုရှိသွားတာပေါ့။ အဲဒါလုပ်နည်းအရင်ပို့ စ်တစ်ခုမှာတင်ဘူးပါတယ်။ ရှာပြီးမှ လင့်လေးတင်လိုက်မယ်နော်။
( ဒီမှာပါ။  http://mamaiora.blogspot.com/2012/02/blog-post_22.html)
အိုင်အိုရာက ထိုင်းကလာတဲ့ ဆွမ်းမွှေးရွက်နံ့ နဲ့ လုပ်ထားတဲ့ အနှစ် (Pandan custard)ကိုလုပ်ပြီး ကိတ်မုန့် တုံးနှစ်ခုကြားမှာညှပ်၊အပေါ်က ဂရိဒိန်ချဉ်အုပ်၊ ဘေးကနေ စတော်ဘယ်ရီလေးခြမ်းပြီးတင်ထားတာနဲ့ တွဲစားဘို့ ပြင်ထားတာပါ။
စားလို့ ကောင်းတော့စမ်းလုပ်ကြည့်တဲ့သူတွေလည်းသဘောကျမှာပါ။
အဲဒီကိတ်ကုမ္ဗဏီကတော့အိုင်အိုရာကိုဆုချဘို့ ကောင်းနေပြီ။ ခဏခဏကောင်းကြောင်းကြော်ငြာနေလို့ လေ။ ဆုမချဘဲ သူ့ တံဆိပ်ကိုတင်ထားတယ်ဆိုပြီးတရားလာစွဲမှဒုက္ခ။း(
အားလုံးဘဲလာလည်လို့ ကျေးဇူးတင်ပါတယ်။
ပျော်ပျော်ပါးပါးဝင်နွှဲရင်း တူတူစားကြ အာလူးပေးကြတာပေါ့နော်။
အလည်လာသူဆွေမွန်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
Sunday, August 19, 2012
ပေါင်မုန့် ဘေးသားတွေလွှတ်မပစ်တော့ဘူး။
ပေါင်မုန့် ဘေးသားတွေကိုကျမနံနက်စာအဖြစ်အသုံးချခဲ့တာလေးတွေကို                                            တင်ပေးမယ်လို့ ပြောထားပြီးအကြွေးတင်နေတာကြာပေါ့နော်။ ဒီတစ်ခါတော့အိပ်လို့ လည်းမပျော်တာနဲ့ ထပြီးပုံတွေရှာပြီးတင်ဖြစ်အောင်တင်ပေးလိုက်ပါပြီ။
 ပထမဆုံး oven ကို ၃၇၅ ဒီဂရီ ဖာရင်ဟိုက်နဲ့ ကြိုဖွင့်ထားပါမယ်။ ကြက်ဥတစ်လုံးကို သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း (အချိုကြိုက်ရင်ပိုထဲ့) ဆားနဲနဲ (မပါလည်းရ) ထဲ့ပြီးခေါက်လိုက်ပါမယ်။ ပြီးတော့မုန့် ဖုတ်မဲ့ဘန်းကို ထောပတ်သုတ်ထားပါမယ်။ ကျမကတော့ paper towel နဲ့ ထောပတ်ကို တို့ ပြီးသုတ်ပါတယ်။ မြန်လို့ ပါ။ ပြီးတော့ မစားလို့ ကျန်နေတဲ့ ပေါင်မုန့် ဘေးသားတွေ (ဒီလိုမလုပ်စားဖြစ်ရင်တော့လွှတ်ပစ်လိုက်ရတာပေါ့) ကိုကြက်ဥနှစ်ထဲခရင်းလေးနဲ့ နှစ်။ ပြီးတော့ဖုတ်မဲ့ဘန်းထဲကိုအောက်ကပုံအတိုင်းသင့်သလိုစီထဲ့။
 အပေါ်ကနေ ထောပတ်နဲနဲ ဒါးလေးနဲ့ ကော်ထဲ့။ ဖုတ်လို့ ရပြီ။
 မိနစ် ၂၀ နဲ့ နာရီဝက်လောက်ဆိုမွှေးပြီးစားလို့ ရပြီ။ ပျော့ပျော့လေးကြိုက်ရင် မိနစ် ၂၀လောက်ဆိုရပါပြီ။ ကိုယ့်မီးဖိုနဲ့ ကိုယ်နဲနဲတော့အတိုးအလျော့ရှိမယ်ထင်ပါတယ်။
အိုင်အိုရာက ကြွတ်ကြွတ်လေးကြိုက်လို့ နဲနဲကျွမ်းကျွမ်းလေးဖုတ်ထားတာပါ။
 စားလို့ ရပါပြီ။ ဘန်းထဲကနေကတ်ကျေးလေးနဲ့ ခွဲပြီးညှပ်ထုတ်လိုက်ပြီးစားမဲ့ပန်းကန်ထဲထဲ့စားလိုက်ရုံပါဘဲ။
မုန့် ဖုတ်ထားတုန်းကော်ဖီအဆင်သင့်လုပ်ထား။ မုန့် ရတော့ရေနွေးထဲ့ပြီးဖျော်လိုက်ရင်တွဲစားလို့ အိုခေပြီနော်။
ဒါတွေက အရင်ကလုပ်စားထားတဲ့ပုံတွေပါ။ 9" x 1 1/2" သတ္တုဘန်းကိုဆေးရသက်သာအောင် အလူမီနမ်ဖွိုင်လ် အုပ်ပြီးမှ ဖုတ်ထားတာပါ။ မုန့် စားပြီး ဖွိုင်လွှတ်ပစ်လိုက်ရင်ပြီးရော ဘန်းဆေးစရာမလိုတော့ဘူးလေ။း)
အောက်မှာကျတော့ ချိစ်ကခြစ်ပြီးသားဝယ်ထားတာထဲ့ထားတာပါ။
အောက်ကပုံတွေကတော့ ညစာတစ်နပ်စားဖြစ်ထားတာလေးပါ။
ဆလတ်ရွက်ကို Mayonnaise, Ricotta cheese နဲနဲ၊ စပျစ်သီးခြမ်းထဲ့၊ ရှောက်ချိုသီးစိတ်ထဲ့။ငံပြာရည်၊ ကြက်သွန်နီနဲနဲ၊၊ နှမ်းထဲ့ပြီး ဘိုဆလတ်နဲ့ မြန်မာအနံ့ အရသာပေါင်းသုတ်ပါတယ်။ ချို ချဉ် မွှေးလေးဆိုပါတော့။
ကိုယ့်ဖာသာအခြောက်လှမ်းထားတဲ့ဝက်သားခြောက်ဖုတ် ရယ် ၀က်သားပြုတ်ထောင်းကြော်ရယ် ဆလတ်ရယ် ထမင်းရယ်နဲ့ တွဲစားထားတာပါ။ ၀က်သားခြောက်လုပ်ရတာတော့တော်တော်ခက်တယ်။း))
မြန်မြန်ခြောက်အောင်ပါးပါးလှီး ဆားနယ်ပြီးလှမ်းလိုက်ရုံပါ။ ပါးလို့ တစ်ရက် တစ်ညနဲ့ ခြောက်သွားတာကိုဖုတ်စားထားတာပါ။ ည ရှစ်နာရီကျော်ထိသာနေတဲ့နေကိုအသုံးချတာလေ။
ဝက်သားပြုတ်ထောင်းကြော် ။ အသားတွေပြုတ်ထောင်းပြီး ဂျင်း ကြက်သွန်ဖြူ နီ ငရုတ်သီးခြောက်နဲ့ ကြွတ်အောင်ကြော်ထားတာပါ။ စိတ်ဝင်စားရင်တော့ ပို့ စ်တစ်ခုတင်ပေးပါမယ်။
အပိုဆု။ ရွှေပဲသီး ပဲပင်ပေါက်နဲ့ အ၀ါရောင် ပန်းငရုတ် ကို ကြက်သွန်ဖြူ နီဆီသတ်ပြီး ပါးပါးလှီးထားတဲ့ ဝက်သားနဲ့ ရောကြော်ထားတာပါ။ ၀က်သားကျက်မှ အသီးအရွက်တွေထဲ့ ခရုဆီထဲ့ပြီး ခဏဘဲမွှေလိုက်ရင်ရပါပြီ။
မေးထားတဲ့သူငယ်ချင်းတွေအားလုံးကြေနပ်ပါစေလို့ ။ ဒီပို့ စ်လေးကကြွေးတင်နေတာကြာလှပါပြီ။ မတင်ဖြစ်ပေမဲ့ အားနာသတိရနေမိပါတယ်။ စိတ်ရှည်တဲ့ဆွေမွန်များကိုလည်း အားနာကျေးဇူးတင်ပါတယ်လို့ ။ ပြီးရင်ချိစ်ကိတ်လုပ်စားထားတာတွေလည်းရှယ်ပေးမယ်နော်။ (လာမယ်..ကြာမယ်နော်)။ ဒါမှအကြွေးတွေကျေသွားမှာ။
လာလည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ .....
ခင်မင်လေးစားသော..
အိုင်အိုရာ
ဂျီးဒေါ်နဲ့ မြတ်ကြည်လေး အပါအ၀င်စိတ်ဝင်စားသူများအတွက်အမှတ်တရ။
Sunday, August 5, 2012
Farmers' Market ကအပြန်
      Burmese lunch with Prawn curry, Chili leave salad, fish paste spicy curry, Roselle leave and Bamboo shoot soup, and veggie
လွန်ခဲ့တဲ့သုံးလေးပါတ်လောက်က Farmers' Market (ယာသမားဈေး)ရောက်သွားပြီးဝယ်လာတာတွေနဲ့ ချက်စားဖြစ်တာလေးတွေတင်ပေးလိုက်ပါတယ်။ အသီးအရွက်တွေဘဲရောင်းတာဆိုတော့လွယ်လွယ်ယာသမားဈေးဘဲခေါ်လိုက်တော့မယ်။ လယ်သမားဈေးဆိုရင် စပါးတွေဆန်တွေမြင်နေမှာစိုးလို့ ။း) နောင်အဆင်ပြေတဲ့အခါကျရင်အဲဒီဈေးကိုရိုက်ထားတာလေးတွေလည်းတင်ပေးပါ့မယ်။
ကျမပြောပြောနေတဲ့ မြန်မာပင်စိမ်း၊ ကျူတီပြောပြောနေတဲ့ ငရုတ်ရွက်၊ ငရုတ်သီးစိမ်း၊ ဖရုံရွက်၊ ဂေါ်ရခါးညွန့် 
ကြက်ဟင်းခါးညွန့် နဲ့ ချဉ်ပေါင်
ချဉ်ပေါင်
မြန်မာပင်စိမ်း (သူ့ အရောင်ကနဲနဲဖျော့တယ်။ ထိုင်းပင်စိမ်းက ခရမ်းရောင်များပြီးအနံ့ ပိုပြင်းတယ်။ တစ်ခါကမေးဖူးထားလို့ ပုံတင်ပေးလိုက်ပါတယ်။း)
ငရုတ်ရွက်နဲ့ ငရုတ်သီးစိမ်း
ဘယ်ဘက်ကဖရုံညွန့် ၊ ညာဘက်ကဂေါ်ရခါးညွန့် (ဘေးက၀ါဝါလေးကဖရုံပွင့်ကြွေလေးကပ်နေတာ)
ချက်ချင်းမလုပ်ဖြစ်ရင်နောက်နေ့ ကျညှိုးပြီးကြွေကုန်ရော။ ဒါ့ကြောင့်ချက်ချင်းခြွေပြီးရေဆေးစစ်ထားလိုက်ပါတယ်။ ရေစစ်သွားတော့ရေခဲရိုက်ထားလိုက်ပါတယ်။
ငရုတ်ရွက်ကိုလည်းရေဆေးပြီးစစ်
ကြက်ဟင်းခါးညွန့် လည်းရေဆေးပြီးစစ်
ငရုတ်ရွက်တွေပြုတ်ထားတာသုတ်စားဘို့ 
သိမ်းထားဘို့ ငရုတ်ရွက်ပြုတ်နဲ့ ကြက်ဟင်းခါးညွန့် ပြုတ်
ချဉ်ပေါင်ဟင်းလည်းလုံးချက်ပါတယ်။ (ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ငပိ၊ မျှစ်နဲ့ လုံးချက်ချက်ပါတယ်။ ဆီပါလေကာနဲ့ ချက်ပါတယ်။ အပေါ့အငန် ရေထဲ့ပြီးဆူတော့မြည်းပြီးပြင်ပါတယ်။)
ပုဇွန်ထုတ် (သိပ်တော့မထုတ်ပါဘူးး) ဆီပြန်ပါ။ ကြက်သွန်ဖြူနီကိုဆီသတ်ပြီး ဆားငံပြာရည်နယ်ထားတဲ့ပုဇွန်ကိုထဲ့ချက်ပါတယ်။ ပုဇွန်ခေါင်းနဲ့ ခြေထောက်တွေကို ဘလင်ဒါနဲ့ ကြိတ် ရေစစ်ပြီးထဲ့ပါတယ်။ ရေခမ်းခါနီးမှ ပုဇွန်ကိုထဲ့တာပါ။ နို့ မို့ ရင်ရေတွေများရင်ပုဇွန်ကအကြာကြီးတည်ရရင်မာသွားလို့ ပါ။ ပုဇွန်မာသွားရင်ရက်ကျန်ဟင်းနဲ့ တူလို့ မမာအောင်ရေမများအောင်သတိထားချက်ပါတယ်။ ပုဇွန်ဆီတွေအများကြီးထွက်တော့ဆီများသလိုတော့ရှိပါတယ်။ ဒါပေမဲ့ပုဇွန်ထုတ်ကတော့ဆီများမှကောင်းတဲ့ဟင်းပါ။ ဆီများမှလည်းမွှေးတယ်လို့ ထင်ပါတယ်။
လာပါပြီ။ ကျူတီပြောတဲ့ငရုတ်ရွက်သုတ်။ ဒါပေမဲ့အိုင်အိုရာကမြန်မာစတိုင်သုတ်ထားတာပါ။ မြန်မာအသုတ်တွေထုံးစံအတိုင်း ကြက်သွန်ဆီချက်၊ နှမ်း၊ ပုဇွန်ခြောက်မှုန့် ၊ နဲ့ သုတ်ထားတာပါ။ ချဉ်ပေါင်ဟင်းနဲ့ စားမှာမို့ လို့ အစိမ့်ကိုကြက်သွန်စိမ်းနဲနဲထဲ့ပြီးသုတ်ပါတယ်။ အရမ်းအရမ်းကိုစားလို့ ကောင်းတာပါဘဲရှင်။ အိုင်အိုရာတို့ အိမ်မှာငရုတ်ရွက်ကို ငါးဟင်းတို့ ခရမ်းချဉ်သီးဟင်းတို့ မှာအုပ်စားလေ့ ရှိပါတယ်။ ပြီးတော့ဟင်းချိုလည်းတခြားအရွက်တွေနဲ့ ရောပြီးချက်ပါတယ်။တစ်ခါမှသုပ်မစားဖူးပါဘူး။ ကျူတီကလက်ဖက်ရွက်လိုလိုဘာလိုလိုဆိုတော့စိတ်ဝင်စားပြီးသုတ်စားဖြစ်တာပါ။ တကယ်ကိုလက်ဖက်ရွက်လိုလို စိမ့်သက်လေးအရမ်းသုတ်စားလို့ ကောင်းပါတယ်။
ဖရုံညွန့် သင်တော့အဖူးလေးတွေသပ်သပ်ဖယ်ထားတာ ပြုတ်တို့ ဘို့ ဆိုပြီး။ တကယ်စားလို့ ကောင်းတယ်။ ကျန်တာတွေက ရုံးပတေသီးပြုတ်၊ ကြက်ဟင်းခါးညွန့် ပြုတ်၊ ဒညင်းသီးဆားစိမ်( ရယ်ဒီမိတ်) သံပုရာစိတ်သေးသေးလေးတွေကတို့ စားဘို့ ။ အိမ်မှာဆိုတစ်အိမ်လုံးကသံပုရာသီးစိပ်လေးတွေသေးသေးလေးလှီးထားတာတို့ ရတာအရမ်းကြိုက်ကြတယ်။ အမေကတို့ စရာလုပ်တိုင်းအမြဲထဲ့ပေးတယ် ဒက်ဒီကအရမ်းကြိုက်လို့ ။ သံပုရာသီးစိတ်အကြီးကတော့ အိုင်အိုရာ့ ချစ်ချစ်က ပုဇွန်ဟင်းဆို အနှစ်ကိုထမင်းနဲ့ နယ်ပြီး သံပုရာသီးညှစ်တာသိပ်သဘောကျတော့သူ့ အတွက်။
ပုဇွန်ဆီပြန်
ညာစွန်ကညဘက်ကကျန်တဲ့ အာလူးကြက်သား
ချဉ်ပေါင်နဲ့ မျှစ်ချဉ်ရည်
ပင်စိမ်းချက်
ငရုတ်ရွက်သုပ်
စိတ်တိုင်းကျ သုံးဆောင်ပါရှင်။း)
အိုင်အိုရာမတင်ဖြစ်ပေမဲ့ရောက်ရောက်လာတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ အိုင်အိုရာလည်းစာရိုက်ရမှာဘယ်လိုပျင်းမှန်းကိုမသိပါဘူး။ စီဘောက်စ်မှာလာနှုတ်ဆက်တဲ့ဆွေမွန်များကိုလည်း ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေနော်။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော....
အိုင်အိုရာ