Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Showing posts with label Chicken. Show all posts
Showing posts with label Chicken. Show all posts
Sunday, October 6, 2013
ဝက်သားသရက်သီးသနပ်၊ ၀က်သားအချိုချက်၊ ကြက်မြစ်ကြက်သဲ၊ ချဉ်ပေါင်ဟင်းချို၊ ငရုတ်သီးထောင်း
 ဒီတပါတ်ချက်ထားတာတွေမြန်မြန်လေးတင်လိုက်ပါတယ်။ ကြာသွားရင်လည်းမတင်ချင်တော့ဘူး။
ပြီးခဲ့တဲ့အပါတ်က ပုဇွန်နဲ့ ကြက်ဥသီးစုံဟင်းချက်တယ်။ ပြီးတော့ကြက်တစ်ကောင်ချက်ပြီးဘာမှမချက်ဖြစ်တော့ဘူး။ ကြက်သားမစားချင်တော့လို့ အလုပ်ကို ကြက်ဥကြော်ပြီးယူသွားတယ်။ မုန့် ဟင်းခါးရည်နှစ်ယောက်စာအမြန်ပစ်ထဲ့ချက်ချက်ဖြစ်တယ်။
ဒီတပါတ်တော့ ချစ်ချစ်ကိုဝက်သား နဲ့ ကြက်မြစ်ကြက်သဲတစ်လှည့်ချက်ကျွေးမယ်ဆိုပြီးထုံးစံအတိုင်း အခေါက်ပါတဲ့ပုခုန်းသားဝယ်လာပြီး လှီးဖြတ်ချက်ရပါတယ်။ ပုခုန်းသားတစ်ထုတ်ကိုတုံးတစ်ပြီးတဲ့နောက်မှာ လေးပုံရပါတယ်။ တစ်ပုံကို သူ့ အကြိုက်သရက်သီးသနပ်နဲ့ ချက်ပါတယ်။ တစ်ပုံကို အိုင်အိုရာ့ အကြိုက်အချိုချက်ပါတယ်။ကျန်တဲ့ နှစ်ပုံမှာ တစ်ပုံကိုအသားချည့်ကြော်စားမယ်ဆိုပြီးအသားတွေချည့်ပြားပြားလေးတွေလှီးပြီးဆားပြားနယ်ထားတယ်။ တစ်ပုံကခလယ်ကအရိုးကြီးနဲ့ သူ့ နားကအသားတွေပေါ့။ အဲဒါတော့ဆွတ်ပြုတ်တို့ ဟင်းချိုတို့ အတွက်ပေါ့။ အဲဒီနှစ်ပုံကတော့ဖရီဇာထဲမှာ။။ ပြီးတော့ကြက်မြစ်ကြက်သဲကိုတော့ ပြုတ်ကြော်ခြောက်ခြောက်လေးချက်
ပါတယ်။
ကြက်မြစ်ကြက်သဲပြုတ်ကြော်၊ ၀က်သားအချိုချက်၊ ချဉ်ပေါင်ဟင်းချို နဲ့ ငရုတ်သီးစိမ်းထောင်း။ ဟင်းချိုကတော့မြန်မာဟင်းချိုထုံးစံအတိုင်းပုဇွန်ခြောက်မှုန့် ၊ ငပိနဲနဲ ငံပြာရည်နဲ့ ကြက်သွန်နီထဲ့တည်ထား။ ခရမ်းချဉ်သီးလေးတစ်ဝက်လောက်လှီးထဲ့။ အရည်ကျရင် ချဉ်ပေါင်ထဲ့။ ကြက်သွန်ဖြူဒါးပြားရိုက်ထဲ့။ နံနံပင်အုပ်။ ငရုတ်သီးစိမ်းထုထဲ့လည်းကောင်းတယ်။ အိုင်အိုရာကငရုတ်သီးထောင်းပါလို့ ။
ဝက်သားအချိုချက်။ တုံးတစ်ထားတာတွေကို ဆား၊ပဲငံပြာရည်၊ ခရုဆီ၊ ငန်ပြာရည်၊ ရှာလကာရည်နဲ့ နယ်ပြီးနှပ်ထားပါတယ်။ နာရီဝက်လောက်နေတော့ဆီဇွန်းကြီးနဲ့ တစ်ဇွန်းလောက်ထဲ့ပြီးသကြားထဲ့ပြီးမွှေပါတယ်။ သကြားပျော်ပြီးကိုယ်ကြိုက်တဲ့အညိုရောင်ရပြီဆိုမှ ၀က်သားတွေထဲ့လုံးပါတယ်။ ကျစ်သွားအောင်လုံးပြီးမှ ကြိတ်ထားတဲ့ဂျင်း၊ ကြက်သွန်ဖြူ၊နီထဲ့ပြီးမွှေပေးပါတယ်။ အဖုံးခဏအုပ်ထပ်မွှေ၊ အရည်သိပ်ခြောက်ပြီးသိပ်ကပ်နေရင်ရေနဲနဲထဲ့ပြီးမွှေပါတယ်။ ကြက်သွန်အနှစ်တွေကျက်ပြီးမွှေးပြီးအစိမ်းနံ့ ပျောက်သွားတော့မှရေကိုဝက်သားမြုပ်ရုံထဲ့ပါတယ်။ ဦးဆုံးပွက်ပွက်ဆူအောင်အရင်ချက်ပါတယ်။ ၀က်သားအတွင်းသားထဲထိကျက်ပြီး ပိုးတွေဘာတွေရှိရင်သေအောင်လို့ ပါ။ ကောင်းကောင်းဆူပွက်ပြီးကျက်သွားမှ မီးကိုလျှော့ချပြီးမီးအေးနဲ့ အသားနူးတဲ့ထိတည်ထားလိုက်ပါတယ်။ ရေခမ်းတော့အတော်ပါဘဲ။ ၀က်သားလည်းနူးအိပြီးမွှေးကြိုင်နေပါတယ်။ ဒီလိုချက်ထားရင်နူးအိပေမဲ့အသားကကျစ်ပြီးတင်းတင်းလေးနေပါတယ်။ နူးပေမဲ့မကြေပါဘူး။ တကယ်လို့ ဝက်သားမနူးအိသေးရင်ရေကိုနဲနဲချင်းထပ်ထဲ့ပြီးမီးအေးနဲ့ ဆက်တည်ပါ။
ကြက်မြစ်ကြက်သဲပြုတ်ကြော်။ ဆီထဲ့ပြီးဆား၊ဆနွင်းနဲ့ ငံပြာရည်နယ်ထားတဲ့အမြစ်တွေအရင်ထဲ့။ ရေကိုအမြစ်တွေရဲ  တ၀က်လောက်ပဲထဲ့ ။ အဖုံးအုပ်။ မွှေပေး။ အဖုံးပြန်အုပ်ထား။ ရေခမ်းရင်အမြစ်ကိုမြည်းကြည့်။ အမြစ်ကအကြာကြီးတည်ရင်ပိုမာပါတယ်။ ဒါကြောင့်ကျက်တယ်ဆိုရင် နဲနဲလေးနူးအောင်ခဏဆက်တည်ပြီးရင်အတော်ပါဘဲ။ အမြစ်ကျက်သွားမှ အသဲတွေထဲ့။ အသဲကတော့အရည်တွေပါနေတတ်တော့အိုင်အိုရာကရေမထဲ့ပဲ သူ့ အရည်နဲ့ သူကျက်အောင်တည်ပါတယ်။ အသဲတွေကျက်ပြီးနဲနဲလေးကျစ်စပြုရင်ချလို့ ရပါပြီ။ ဆီလည်းအပြန်ပေါ့။ အိုင်အိုရာတို့ တအိမ်လုံးကအဲလိုလုပ်ထားတဲ့ကြက်မြစ်ကြက်သဲဆီနဲ့ ထမင်းနယ်စားရတာကြီုက်ကြပါတယ်။ အမေကအဲလိုပဲကြိုက်တယ်လေ။ အနှစ်နဲ့ ချက်တာသိပ်မကြိုက်ကြဘူး။ ခုတော့အနှစ်ကြိုက်တဲ့ချစ်ချစ်လည်းအိုင်အိုရာတို့ ဂိုဏ်းဝင်ဖြစ်သွားပြီ။ ကြက်မြစ်ကြက်သဲကဒီလိုချက်မှပိုစားကောင်းတယ်နော်တဲ့။ ဒင်းမသိသေးတာတွေအများကြီးဆိုတာဒင်းမသိဘူး။း)
ပုဇွန်ခြောက်၊ ဆား၊ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတဲ့ငရုတ်သီးစိမ်းထောင်း။ ဒီလိုအစပ်လေးပါမှထမင်းစားရတာပိုအရသာရှိတာ။ နို့ မို့ ရင်ပေါ့ပေါ့ကြီးလိုဘဲ။
အိတ်ထဲကငရုတ်သီးကမထောင်းရက်ဘူး။ ချစ်စရာကောင်းတဲ့မမကြီးအိမ်ကနေခူးလာတာ။ ရေဆေးပြီးအဲလိုဇစ်ပ်လော့က် ပလတ်စတစ်အိတ်လေးထဲထဲ့ပြီး ထမင်းစားရင်ဆားလေးနဲ့ တို့ ပြီးကိုက်စားတာ။ လတ်ဆတ်တော့အရမ်းမွှေးတာ။ ညာဖက်ကအကြီးတွေက Walmart က၀ယ်ထားတာ။ အဲဒါနဲ့ အပေါ်ကငရုတ်သီးထောင်းကိုထောင်းထားတာ။
ကောင်းလိုက်တဲ့ချဉ်ပေါင်ဟင်းချိုလေး။ သဘောကောင်းတဲ့မမကြီးအိမ်ကခူးလာတာ။ ၀က်သားဟင်းလည်းမအီတော့ဘူး။ အစပ်လေးနဲ့ လည်းလိုက်။ ကျေးဇူးပါမမရေ။း)
ကြိုက်သလောက်ထဲ့။ အားရပါးရထဲ့။
ကြက်မြစ်တစ်ထုတ်နဲ့ ကြက်သဲတစ်ဗူး။ အများကြီးဘဲ အားရပါးရလွေးပေတော့။း)
ဟိုးထိပ်က ၀က်သားသရက်သီးသနပ်။
ဒါကဒီနေ့ မနက်စာ။ ဂေါ်ရခါးသီးကြော်နဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း
ဒါကတော့ပီဘိ မြန်မာဟင်းဘဲ။ သရက်သီးသနပ်ထဲကဆီတွေကလည်းထွက်။ ၀က်သားကလည်းထွက်နဲ့ ။ အနှစ်ပဲခပ်စားကြတာပေါ့။ နှမြောတယ်ဆိုပြီး ဆီတွေမစားနဲ့ အုန်းနော်။ အနှစ်တွေစားပြီးရင်ပိုတဲ့ဆီတွေ ပစ်ရင်ပစ်။ မပစ်ရင်နောက်လိုက်ဖက်တဲ့ဟင်းတစ်မျိုးထဲထဲ့ချက်ပေါ့။ တစ်ခါလောက်ချက်ထားတာတော့ ထရန်စ်ဖက် မဖြစ်လောက်ပါဘူး။ သေချာတော့မမှတ်မိဘူး။ မီးပြင်းနဲ့ ထပ်ခါထပ်ခါသုံးပြီးကြော်ထားတဲ့ဆီကတော့ကျန်းမာရေးအတွက်မကောင်းဘူး။ ကဲ..မသိတာတွေအသာထား။ ကိုယ်တကယ်သိတာပြောတော့မယ်။ ကိုယ်လိုချက်ထားလည်းဆိုတား)။ ငရုတ်သီးမှုန့် ၊ဂျင်း၊ ကြက်သွန်ဖြူနိကြိတ်ထားတာနဲ့ အစောကနှပ်ထားတဲ့ဝက်သားတွေရောနယ်။ သရက်သီးသနပ်ထမင်းစားဇွန်းနဲ့ သုံးဇွန်း။ ငံပြာရည်ထဲ့။  ဆီနဲနဲထဲ့။  ဆနွင်းနဲနဲထဲ့။ အားလုံးစိတ်တိုင်းကျနယ်ပြီးရင် အဖုံးအုပ်ပြီးလုံး။ မွှေပေး။ ရေခမ်းသွားရင် ၀က်သားမြုပ်ရုံရေထဲ့ပြီးပွက်ပွက်ဆူပြီးဝက်သားကျက်အောင်တည်။ ၀က်သားကောင်းကောင်းကျက်ပြီဆိုရင် မီးလျှော့ပြီးမီးအေးနဲ့ တည်ထား။ မကြာခဏမွှေပေး။ အရည်မခမ်းသေးပေမဲ့အနှစ်တွေကပ်ပြီးတူးတတ်တယ်။ ၀က်သားနူးလာရင်တအားမမွှေနဲ့ အုန်း။ ကြေကုန်မယ်။ အသားကိုမထိုးမိအောင်မွှေပေး။ ရေခမ်းခါနီးဆိုလှုပ်လည်းသိပ်မထိရောက်တတ်ဘူး။ ဇွန်းကိုအသားတဲ့တဲ့မထိအောင်ထိုးမွှေပေးပေါ့။
ချဉ်ပေါင်ရိုးနဲ့ ကန်စွန်းရိုးကိုရေစိမ်ထားတာ။ အမြစ်လေးတွေထွက်လာပြီ။
အချိုပွဲ ဖလန်း။ ဒါလုပ်နည်းတင်ပေးဘူးတယ်နော်။ ကိုယ်လည်းအဲဒီကပြန်ကြည့်လုပ်ရတာ။ မလုပ်တာကြာလို့ ..း)
ဓါတ်ပုံတွေကဖုန်းနဲ့ ရိုက်ထားတာ။ သည်းခံလက်စနဲ့ သည်းခံအားပေးသွားကြပါတော့လို့ ...
ခင်မင်လေးစားသော..
အိုင်အိုရာ
အမြန်ချက်မုန့် ဟင်းခါးဟင်းရည်
 သည်းခံအားစမ်းနေတယ်လို့ တော့မထင်လိုက်ကြပါနဲ့ ။ ဖုန်းပုံနဲ့ ကင်မရာပုံဘယ်လောက်ကွာလည်းသိချင်လို့ ကင်မရာထဲကပုံတွေထပ်တင်ကြည့်လိုက်တာပါ။ ဘာမှမရေးတော့ပါဘူး။ .....(ပရိသတ်ကြီးကိုကြောက်ရတယ်။)
ကန်စွန်းရွက်ခြံထွက်။ ကိုယ့်ခြံထွက်ဟုတ်ပါဘူး။ သူများခြံထွက်လို့ ပြောမလို့ ပါ။း) မမရေ ကျေးဇူးပါ။ အရမ်းလတ်ဆတ်ပြီးရှားရှားပါးပါးစားရတာမို့ နတ်သုဒ္ဒာနဲ့ မလဲဘူးနော်။ မှိုနဲ့ ကြော်စားတယ်။ ဓါတ်ပုံမတွေ့ လို့ ။
တကယ်ပြီးပါပြီ။း)
Friday, August 16, 2013
တမ်းတရတဲ့ရွှေချဉ်ပေါင်
လွမ်းနေရတဲ့ချဉ်ပေါင်ကြော်လေ။
ချဉ်ပေါင်နဲနဲလေးနဲ့ နွမ်းနွမ်းကြီးကိုဝယ်လာပြီး မျှစ်နဲ့ ကြော်တယ်လေ။
မစားရတာကြာလှပြီဆိုတော့ပျော်လိုက်တာ။  ကြော်နေကတည်းကတအားမွှေးနေတာလေ။
ထုံးစံအတိုင်းကြက်သွန်ဖြူ၊နီနဲ့ ငရုတ်ကြမ်းမှုန့် ကိုဆီသတ်၊ ပုဇွန်ခြောက်မှုန့် ထဲ့။ မျှစ်ထဲ့ ငံပြာရည်ထဲ့။
ငါးပိမထဲ့ထားဘူး။ ဒီကချဉ်ပေါင်တွေက သိပ်မချဉ်လို့ ။ ပြီးတော့အလုပ်ထဲမှာလည်းအနံ့ ထွက်မှာစိုးလို့ ။
လုံးထားတဲ့ချဉ်ပေါင်ထဲ့ အရသာမြည်း။ ပုဇွန်ခြောက်နဲ့ ငံပြာရည်နဲ့ တင် အိုခေပါတယ်။ ဆီပြန်ခါနီးတော့ ငရုတ်သီးစိမ်းညှပ်ထားတာထဲ့။ နံနံပင်ထဲ့။ အိုးချ...စားဘို့ အဆင်သင့်ပေါ့။
 အဲဒီနေ့ က အင်ဒီးယန်းဆိုင်မှာ ငါးမြွေထိုးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။ မစားရတာကြာလှပြီဆိုတော့ကြိုက်တယ်မကြိုက်တယ်သိပ်မရှိလှပေမဲ့ငါးခြောက်လုပ်မလားဆိုပြီးဝယ်လာခဲ့တယ်။
 အိမ်ရောက်တော့ လေးငါးကောင်ကို မဆလာနဲ့ ဆီပြန်ချက်လိုက်ပြီးကျန်တာအားလုံးဆားနယ်ပြီးငါးခြောက်လှမ်းလိုက်တယ်။ ပေါ့ပေါ့လေးစားလို့ ကောင်းတယ်။
အိုင်အိုရာ့ မမက ငါးမြွေထိုးခြောက်ကြော်နဲ့ ထမင်းအဆာပြေစားရတာကြိုက်တယ်။ မမကိုသတိရမိတယ်။
ကျက်ပြီ။
ဒီတစ်ပန်းကန်ပဲရတယ်။
အခြောက်လှမ်းထားတာ။
ငါးမြွေထိုးမဆလာဆီပြန်။ ချစ်ချစ် ငါးမစားတဲ့သူတောင်တော်တော်ကြိုက်သွားတယ်။
ငါးပိရည်ထဲငရုတ်သီးထဲ့ပြုတ်
အင်ဒီးယန်းဆိုင်ကမြေပဲ။ မြန်မာမြေပဲနဲ့ အရမ်းတူတယ်။ သူ့ အကြိုက်ပဲဆိုပါတော့။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတာထဲ့။ ပုဇွန်ခြောက်ထဲ့။ မွှေးနေတာဘဲ။
မြေပဲကြော်ရင်ဆီနဲနဲလေးဘဲလိုတယ်။ အများကြီးထဲ့ဘို့ မလိုဘူး။ မှန်မှန်တော့မွှေပေးနေမှ။ ဒါမှ အကျက်ညီတယ်။ အားလုံးကျက်ရင်အနံ့ လေးကလည်းမွှေးလာရော။ အရောင်လည်းပြောင်းလာတယ်။ မတူးအောင်သတိထားရတယ်။ မီးသိပ်များရင်လည်းကျွမ်းသွားရော။ ဒီက အကိုတစ်ယောက်ကပြောဘူးတယ်။ အမေရိကားက မြေပဲကြီးတွေကအီးပေါလောမြေပဲတဲ့။ အရွယ်ကြီးပြီးဘာမှအရသာမရှိဘူးတဲ့။ ဒီတော့အိုင်အိုရာတို့ နှစ်ယောက်ကမြေပဲတွေ့ ရင် အီးပေါလောမြေပဲကြီးတွေလို့ နောက်ဖြစ်ကြတယ်။ အိုင်အိုရာက ပဲတွေသိပ်မကြိုက်လှဘူး။ ဒီရောက်တော့အရင်မစားတာ တွေငတ်ငတ်နဲ့ စားရင်း စားဖြစ်လာတာ။
ချဉ်ပေါင်ကြော်နဲ့ တွဲစားဘို့ ကြက်သားပြုတ်ကြော်ရိုးရိုးလေး။ မကုန်နိုင်လို့ နဲနဲချင်းခွဲချက်ထားတာ။
စားလို့ ရပါပြီ။
ငါးပိရည်ကတော့ရှယ်နော်။
ကြက်သားကတော့နဲနဲပဲစားဖြစ်ပါတယ်။ အတို့ တွေ နဲ့ ချဉ်ပေါင်ကြော်နဲ့ တင်သဘောကျနေတာ။
ငါးမြွေထိုးဆီပြန်
မထူးဘူး ။ ဟင်းလိုက်သွားအောင် အရည်သောက်ပဲနီလေးနဲ့ ကြာဆံပါချက်လိုက်တယ်။ ပဲကိုရေနဲနဲ ဆီနဲနဲနဲ့ လုံး။ ပြီးတော့မှရေထဲ့ပြီးထား။ မဝေအောင်သတိထား။ ပဲချက်တိုင်းဝေလို့ သန့် ရှင်းရေးလုပ်ရတာစိတ်ကိုကုန်ရော။ နူးသွားမှ လိုသလောက်ရေဆူထပ်ထဲ့တယ်။ ပဲနူးတော့မှ ဆားထဲ့ အရသာမြည်း။ကြာဆံထဲ့။ ပဲကချိုပြီးသားဆိုတော့ဆားနဲ့ တင်အိုခေပါတယ်။ အိုင်အိုရာကတော့ငံပြာရည်နဲနဲလေးထဲ့တယ်။ ဂျင်း၊ ကြက်သွန်ဖြူ။ နီ နဲ့ ပျဉ်တော်သိမ်ရွက်ဆီသပ်ထဲ့လိုက်တာနဲ့ မွှေးသွားရော။
တို့ စရာ ရှိတာလေးတွေပြုတ်ထဲ့။ လှီးထဲ့။
မြန်မာပြည်မှာတုန်းကခဏခဏခရီးထွက်ရတယ်လေ။ နယ်မှာမနက်စာဆို အဝေးပြေးလမ်းပေါ်မှာ ထမင်းဆီဆမ်း မြေပဲလေး ဆတ်သားခြောက်လေး။ ဆိတ်သားလုံးကြော်လေးတွေ နဲ့ သရက်ချဉ်သုတ်လေးတွေနဲ့ တွဲစားဖြစ်တယ်။ ချစ်ချစ်ကတော့ဒီလိုကြော်ပေးထားရင်သိပ်ကြိုက်ပေါ့။ အိုင်အိုရာတို့ မိဘတွေလည်းမြေပဲကြော်ကြိုက်ကြတယ်။
ဦးဆုံးထဲ့တာငါးပိရည်။း) အဲဒီနေ့ ကသူမရှိဘူး တစ်ယောက်တည်းစားရတယ်။ မျက်စေ့လေးနဲ့ အားပေးသွားအုန်းနော်။
အိုင်အိုရာတို့ အမေကခရီးသွားရင် အမြဲတမ်း ကြက်သားပြုတ်ကြော်ရယ်၊ ချဉ်ပေါင်ကြော် ရယ် ငါးပိကြော်ရယ်၊ လက်ဖက်ရယ် ကြက်ဥပြုတ်ရယ် လုပ်သွားလေ့ရှိတယ်။                                          အဲဒါနဲ့ နောက်နေ့ ကျတော့ငါးပိကြော် နဲ့ လက်ဖက်နဲ့ ပါအမေ့အလွမ်းပြေတွဲစားလိုက်သေးတယ်။
ဟင်းအသစ်မတွေ့ လို့ ပြန်သွားရတဲ့သူလေးရေ..တင်ပေးလိုက်တယ်နော်။
နောက်အသစ်မမျှော်နဲ့ အုန်းနော်။း) အဆင်ပြေသလို အချိန်အားလူအားနဲ့ မုဒ်လေးရှိမှလည်းတင်ဖြစ်ပါတယ်။
လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ချစ်ခင်သော...
အိုင်အိုရာ
ထိုင်းကလာတာပါ။ အကောင်လိုက်ပါပါတယ်။ ဒီတံဆိပ်ကိုကျမလည်းနှစ်သက်ပါတယ်။ အမည်မသိသူရေ တင်ပေးလိုက်ပြီနော်။း)
Tuesday, May 8, 2012
မြန်ကောင်းသက်သာနဲ့ ဝမ်းနည်းဝမ်းသာနှုတ်ဆက်ပွဲ
ကန်စွန်းရွက်ကြော်၊ ကြာဆံကြော်၊ ကြက်သားအာလူး၊ သခွားသီးနဲ့ ကြက်သွန်ချဉ်၊ တရုတ်နံနံရိုး နဲ့ ခါဂျက်ဥ၊ ချစ်ပ်စ်၊ ၀က်သားလုံးကြော် နဲ့ ဆလတ်ရွက်၊ ဟင်းချို၊ လက်ဖက်သုပ်
မြန်မြန်နဲ့ စားကောင်း သူတို့ လည်းစားနိုင်၊ အမြင်မှာလည်းလှ လူလည်းသက်သာ၊ ငွေလည်းသိပ်မကုန်၊ သိပ်လည်းအလုပ်မရှုပ်မဲ့ဟင်းတွေကို သူနဲ့ တိုင်ပင်ပြီးစီစဉ်ချက်လိုက်ပါတယ်။ ကျမစီစဉ်လိုက်တာကတော့ ကြက်သားအာလူး(အာလူးကရှိပြီးသား)မဆလာချက်ရယ်၊ ၀က်သားလုံးပြုတ်ကြော်ခြောက်ခြောက်လေးရယ်၊(မကြော်ဘူးလေ။ ကြော်ရင်အချိန်ပေးရတယ်။ လူပင်ပန်းတယ်။ညှော်တယ်။ ပျော့သွားရင်လည်းစားမကောင်းဘူးလေ)လက်ဖက်သုပ်ရယ်  (ဒါလည်းအဆင်သင့်ရှိပြီးရယ်ဒီမိတ်အထုတ်)၊ ကညွတ်ဖြစ်ဖြစ်အစိမ်းရောင်အရွက်တစ်မျိုးကြော်ရယ် (ကန်စွန်းရွက်ကြော်ဖြစ်သွားပါတယ်။ မြန်တယ်လေ။ကညွတ်ကဈေးကြီးနေပြီးကန်စွန်းရွက်ကသက်သာနေတယ်။)   နောက်ဆုံးတင်ထားတဲ့ပို့ စ်က ပုံစံမျိုး ကြာဆံကြော်ရယ်၊ ကြက်ရိုးပြုတ်ဟင်းချိုကို ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းခတ်နဲ့ Appetizer ကိုတော့လွယ်လွယ်ရှိနေတာကိုဘဲလှအောင်ပြင်ထဲ့လိုက်ပါတယ်။ အာလူးကြော်ရယ်၊ နောက်ထပ်ချစ်ပ်တစ်မျိုးရယ်၊ ကျမတော့သိပ်သဘောကျတာမဟုတ်ပေမဲ့ဒီကဘိုပွဲတွေမှာအမြဲလိုပါလေ့ပါထရှိတဲ့ တရုတ်နံနံရိုးရယ်၊ ခါဂျက်ဥရယ်နဲ့ သူနဲ့ တွဲစားဘို့ ဟုမ်းမိတ်ဆော့စ်တစ်မျိုးကိုပဲပြုတ်နဲ့ ဖန်တီးလိုက်ပါတယ်။
သူငယ်ချင်းတို့ လည်း ပွဲရှိလို့ မစဉ်းစားချင်ရင်ဒီလိုပဲလုပ်ကြည့်ရင်သိပ်မပင်ပန်းပဲလှလှပပနဲ့ ပြီးသွားပြီး အားလုံးလည်းအားပေးကြတာတွေ့ ရပါလိမ့်မယ်။ ကျမက တနင်္ဂနွေနေ့ ခင်းပိုင်းမှာစားဘို့ စီစဉ်ထားတာပါ။ အားလုံးအဆင်ပြေတဲ့အချိန်ညှိလိုက်ကြတာလေ။ အဲတော့သောကြာနေ့ ညမှာ ကျောက်ကျော နှစ်ဘန်း (အဖြူသက်သက်ရယ် သာကူပန်းရောင်နဲ့ အစိမ်းရောထားတာရယ်)အရင်ထိုးထားလိုက်ပါတယ်။ အဲဒါကလည်းဘာမှမကြာပါဘူး။ ပင်လည်းမပင်ပန်းဘူး။ နာရီဝက်ဆိုတစ်ဘန်းရတာပါဘဲ။ အဲဒီညကတည်းကတစ်ဘန်းကိုလှီးပြီးဘူးတွေထဲထဲ့ပြီးရေခဲသေတ္တာထဲထဲ့ထားလိုက်တယ်လေ။ နောက်နေ့ တဘန်းကိုလှီးပြီးထဲ့ပေါ့။   ကျောက်ကျောကတော့လွယ်လို့ ထိုးနည်းမလိုပါဘူးနော်။
 သောကြာမှာဈေးဝယ်တယ်။ ကြက်သားကိုစနေနေ့ မနက်ပိုင်းမှာဆားဆနွင်း၊မဆလာ၊ ဒိန်ချဉ်၊ ကြက်သားမှုန့် ၊ ငံပြာရည်နဲ့ နယ်ပြီးနှပ်ထား။ ကြက်သားနယ်ပြီးတော့ကန်စွန်းရွက်ရယ်၊ ကြာဆံကြော်ရယ်ထဲထဲ့မဲ့ အသီးအရွက်တွေ (ခါဂျက်ဥ၊ ဘရော့ကလီ၊ ပန်းမုန်လာ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ ကိုလည်းသင်ပြီးလှီးချွတ် ရေစစ်ထားပါတယ်။ ပြီးတော့ရေအရမ်းစစ်အောင်မစောင့်ပဲ   ရေခဲသေတ္တာထဲမှာ ထဲ့ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့နကိုယ်တည်းကသင်ပြီးသားတွေရှိတော့သင်စရာမလိုတော့ဘူး။ ဂျင်းပဲသင်ထားလိုက်တယ်။ ပဲပြုတ်နဲ့ ပုဇွန် အထုတ်တွေကိုရေခဲသေတ္တာအောက်ထပ်မှာရွှေ့  ထားလိုက်တယ်။ နောက်နေ့ သုံးရင်မခဲနေအောင်လို့ လေ။
ညနေပိုင်းကျတော့ကြက်သားကိုဂျင်း၊ ကြက်သွန်ဖြူနီ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ဇီယာနဲ့ ဆီသတ်ပြီးမှ ပေါင်းအိုးထဲမှာရေကိုကြက်သားမြုတ်ရုံထဲ့ပြီးတည်လိုက်ပါတယ်။ ပေါင်းအိုးနဲ့ ဆိုတော့ ဆယ်မိနစ် ကျော်ကျော်လောက်ဆိုအသားကကျက်ပြီး အာလူးရောလို့ ရတဲ့အနေရပြီ။ ဆီလည်ရေလည်အနှစ်နဲ့ ချက်မှာဆိုတော့ ရေကိုများများထဲ့ထားပါတယ်။ အာလူးကလည်းအရည်တွေစုတ်အုန်းမှာဆိုတော့များများထဲ့မှ မခြောက်မှာပါ။ တနင်္ဂနွေမနက်ကျတော့မှ အာလူးဆားနယ်ပြီးရောလိုက်ပါတယ်။ အာလူးကိုနဲနဲလည်းကြေစေချင်။ အားလုံးလည်းမကြေစေချင်ဆိုတော့ တ၀က်ကိုဒီတိုင်းရော၊ တ၀က်ကိုဆီနဲ့ လှိမ့်ပြီးမှထဲ့လိုက်ပါတယ်။ ချခါနီးတော့မဆလာလေးထပ်အုပ်တော့မွှေးမွှေးလေးပေါ့။
ကြာဆံကြော် (ပြီးခဲ့တဲ့ပို့ စ်မှာကြော်တဲ့အတိုင်းကြော်ထားတာပါ။ အသားမပါပါဘူး။ ပုဇွန်နဲ့ ကြက်ဥနဲ့ အသီးအရွက်တွေပဲပါပါတယ်။)
သခွားသီး၊ကြက်သွန်နီ နဲ့ ငရုတ်ဆီ၊ သကြားလေးနဲနဲထဲ့ပါတယ်။
သူတို့ တွေလာပြီးတော့မှ ကန်စွန်းရွက်ကြော်ပါတယ်။ စားပြီးတော်တော်လေးကြာမှရိုက်ရလို့ နဲနဲမဲနေပြီ။               
ဧည့်သည်တွေစားနေတုန်းမှာမြန်မြန်ရိုက်ရတော့မြင်တဲ့အတိုင်းဝါးတားတားဘဲ။ မကုန်ခင်မြန်မြန်ရိုက်ရတာ။ဝက်သားလုံးကိုလည်းစနေနေ့ ကတည်းက ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ခရုဆီ၊ ကြက်သားမှုန့် နယ်လုံးပြီးပြုတ်ကြော်လုပ်ထားလိုက်ပါတယ်။ ကျမကစနယ်ကတည်းကချက်မဲ့ဒယ်အိုးကြီးထဲထဲ့ပြီးနယ်ပြီးဘေးမှာလုံးပြီးစီသွားလိုက်တာ။ ဆေးရတာသက်သာအောင်ရယ်၊ အချိန်ကုန်သက်သာအောင်ရယ်ပေါ့။ ပြီးတော့ရေနဲ့  ဆီနဲ့ တစ်ခါတည်းထဲ့ပြီး အသားလုံးတွေမာသွားတော့မှတစ်လုံးစီပုံမပျက်အောင်ဇွန်းနဲ့ အသာလေးမွှေရင်းခွဲသွားပါတယ်။ ဆီပြန်တဲ့ထိတည်ထားလိုက်ပါတယ်။ မနက်စားခါနီးကျမှ ရဲရဲလေးဖြစ်အောင်အပူပေးပြီးပြန်လှိမ့်ပြီးမှ ပွဲပြင်လိုက်ပါတယ်။ ပန်းကန်လည်းလှ တွဲစားလို့ လည်းရအောင် အမေရိကန်ရိုမိန်းဆလတ်ရွက်နဲ့ ဘေးမှာစိတ်ထားတဲ့သံပုရာသီးနဲ့ တွဲထဲ့လိုက်ပါတယ်။
ပုံတွေဝါးနေတာတော့သီးခံလက်စနဲ့ သီးခံတော့နော်။ ဒါကလက်ဖက်သုပ်။ သူ့ ကိုလည်းဂေါ်ဖီတွေစနေနေ့ ကတည်းကလှီးပြီးနယ်မဲ့အိုးထဲအဆင်သင့်ထဲ့အုပ်ထားလိုက်တာ။ ခရမ်းချဉ်သီးပါရေဆေးပြီးထဲ့ထားလိုက်တယ်။ မနက်ကျတော့ကြက်သားထဲအာလူးရောနေချိန်မှာခရမ်းချဉ်သီး ရော သံပုရာသီးရောလှီးထဲ့ထားလိုက်တယ်။ လက်ဖက်ပုလင်းတွေအဆင်သင့်ဘေးမှာထားထားလိုက်တယ်။ မြန်အောင်လို့ ။ စားခါနီးမှလက်အိတ်စွတ်ပြီးအားလုံးထဲ့ငံပြာရည်၊ နဲ့  ဆီထဲ့ပြီးနယ်ပေးလိုက်ပါတယ်။ ငရုတ်သီးမစားနိုင်ကြတော့ဘေးမှာပဲပုံပေးလိုက်ပါတယ်။
ချစ်ပ်စ်..နဲ့ ပဲပြုတ် Humus . Humus ဆိုတာ popular ဖြစ်တဲ့ Middle Eastern dip တစ်မျိုးပါ။ သူတို့ အရှေ့ အလည်ပိုင်းမှာတော့ဘယ်လိုစားတယ်မသိ။ Bread နဲ့ စားတယ်လို့ တော့ကြားဘူးတယ်။ ဒီမှာတော့အဲဒီတရုတ်နံနံရိုးတို့ ၊ ခါဂျက်ဥတို့ ၊ ငရုတ်သီးအပွတောင့်ရောင်စုံတွေလှီးထားတာတို့  နောက်ပြီး မက်ဆီကန်အစာတစ်မျိုးဖြစ်တဲ့ တော်တီးယာလို့ ခေါ်တဲ့ချစ်ပ်စ်တွေနဲ့ တွဲစားကြပါတယ်။( Tortilla chips ကို ခရမ်းချဉ်သီးပန်ထွေဖျော်ပုံစံမျိုးစုံနဲ့ လည်းစားကြပါသေးတယ်။) အိုင်အိုရာလည်းကိုယ်ကြိုက်တာတွေကိုယ်ထဲ့ပြီးအိုင်အိုရာ့စတိုင်လုပ်လိုက်ပါတယ်။ ပဲပြုတ်ကို ရေနဲနဲ့ ထဲ့၊ ကြက်သွန်နီကြော်ထဲ့၊ ဆားနဲနဲထဲ့၊ မဆလာနဲနဲထဲ့ သံပုရာသီးနဲနဲညှစ်ထဲ့ပြီး ဘလင်ဒါနဲ့ ကြိတ်လိုက်တာ အပေါ်ကလို တို့ စားလို့ ရသွားပါတယ်။ သူတို့ လည်းအရမ်းကြိုက်ကြလို့ လုပ်နည်းမေးနေသေးတယ်။း)) အတုကို။
ကျောက်ကျော..ကိုယ့်ဖာသာကိုယ်လည်းမြည်းရသေးတာပေါ့နော်။း)
ကျောက်ကျော..ဘယ်တော့မှမမုန်းတဲ့ကျောက်ကျော
စနေနေ့ ကတည်းကဘူးထဲထဲ့ထားပြီးဘူးလိုက်ပဲချကျွေးလိုက်တော့တယ်။း)
အုန်းထမင်း နဲ့ ရိုးရိုးထမင်းနှစ်မျိုးချက်ပါတယ်။ ဒါကအုန်းထမင်း။ ထမင်းနှစ်အိုးလုံးကို နေ့ ခင်း ၁၂ နာရီမှာစတည်ပါတယ်။ ဒါမှ နေ့ ခင်း ၁နာရီကျော်မှာအဆင်သင့်လည်းဖြစ်နေအောင်ပူလည်းပူနေအောင်ပလတ်မဖြုတ်သေးဘဲတင်ပေးထားလိုက်ပါတယ်။ ပန်းကန်တွေဇွန်းတွေခရင်းတွေခွက်တွေအားလုံး ဘူဖေးလိုကိုယ့်ဖာသာကိုယ်ထဲ့စားနိုင်အောင်အဆင်သင့်တင်ပေးထားလိုက်ပါတယ်စနေနေ့ ညကတည်းက။ ပြီးတော့အပေါ်ကနေအားလုံးကိုအုပ်ထားပြီး မနက်ကျမှအုပ်ထားတာကိုဖယ်ထားလိုက်ပါတယ်။ သူတို့ လည်းစိတ်ကြိုက်ထဲ့။ အိမ်ရှင်လည်းသက်သာပေါ့။
ပုံတွေဝါးနေတာသီးခံပါနော်။
အိုင်အိုရာတို့ အိမ်ကလက်ဖက်သုပ်ရင်ဂေါ်ဖီဖတ်ကြီးမှကြိုက်တယ်။ သေးရင်နယ်ပြီးရင်နွမ်းဖတ်သွားလို့ မကြိုက်ဘူးလေ။
ကျောက်ကျောအတွင်းသား
အချိုပွဲ အုန်းနို့ သာကူကျောက်ကျော
အုန်းနို့ ကျောက်ကျော
ကျောက်ကျောဘန်းအအေးခံထားတာ
ကဲ..လာပါပြီ ကိုကိုတို့ မောင်မောင်တို့ အကြိုက်၊ ခလယ်ကပုလင်းကဘီယာပုလင်း။ဘယ်ဘက်က စက္ကူဘူးကလည်းဘီယာဘူးဘဲ။
လာပါပြီ။ ကိုကိုကာလသားတို့ အကြိုက် Tequila. တီကီးလာဆိုတာမက်ဆီကန်အရက်တစ်မျိုးပါ။ သိပ်ပြင်းပါတယ်။  သူ့ ကိုသောက်ရင် ဖန်ခွက်သေးသေးလေးထဲကိုထဲ့ပြီး straight  သောက်ရင်သောက်။ " lick..sip.. suck" လို့ ပြောပြီးသောက်တဲ့ နည်းနဲ့ သောက်ရင်သောက်။ လက်ညှိုးအရင်းနားမှာ ဆားကိုတင်၊ ရှောက်သီးစိပ်ကို အဆင်သင့်ထား ဖန်ခွက်သေးသေးထဲကိုတီကီးလာထဲ့။ ၀မ်း တူး သရီး ဆို ဆားကိုအရင်လျက်၊ တီကီးလာကိုမော့၊ ရှောက်သီးစိပ်ကိုပါးစပ်နဲ့ မြန်မြန်စုတ်။ ပြင်းလွန်းအားကြီးလို့ လျှာတွေအာတွေပူဆင်းသွားတာပေါ့။ အိုင်အိုရာကတော့တီကီးလာကိုပင်းတယကိုအမေရိကန်သူငယ်ချင်းမလေး (ကြယ်ကြွေတာကြည့်တဲ့သူငယ်ချင်းလေ)နဲ့ သူ့ သူငယ်ချင်းတွေနဲ့ သွားကြတုန်းကဟိုတယ်မှာညစာမစားခင် အပေါ်ကနည်းကိုသင်ပေးခဲ့လို့ မြန်မာပြည်မှာတတ်လာခဲ့တာပါ။ ပြင်းသလားတော့မမေးနဲ့ ဘဲ။ ဒီမှာလည်းသူငယ်ချင်းယောက်ျားလေးတွေဂုဏ်ပြုကြ နှုတ်ဆက်ကြရင်အဲဒါနဲ့ ဘဲလေ။ တစ်ချိန်လုံးကြုံနေရတယ်။
ဒီပွဲလည်းထုံးစံအတိုင်းလက်ကျန်တွေရှိနေသေးတယ်လေ။ သူကတော့ကြက်သားဟင်းတွေမကုန်ခင် အုန်းထမင်းထပ်ချက်ကြွေးပါတဲ့လေ။ ၀က်သားလုံးကတော့အကုန်ပြောင်ပြီ။
သူငယ်ချင်းသွားတော့မယ်ဆိုတော့ရှိနေတုန်းက ခဏခဏမတွေ့ ဖြစ်ခဲ့တာနောင်တရနေတာ။
အမြဲပါဘဲလေ။ နေ့ တစ်ဓူဝကိစ္စတွေနဲ့ ဘ၀ကကုန်နေရတယ်။
တွေ့ ကြုံ ဆုံကွဲ ဓမ္မတာဘဲ ဆိုပေမဲ့ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကိုတော့   လွမ်းနေမိဦးမှာပါ။     
ကဲ...ရေးတာလည်းရှည်နေပြီ။ ဖတ်ရတဲ့သူလည်းစိတ်မရှည်ဖြစ်နေလျော့မယ်။
အိုင်အိုရာလည်းအိပ်ချင်လှပြီ။ ဘုရားလည်းမရှစ်ခိုးရသေးဘူး။ မနက်လေးနာရီထိုးသွားပြီ။ မြန်မြန်အိပ်မှ။
မနက်ကျခေါင်းကိုက်နေရင်ဒုက္ခ။း))
ထုံးစံအတိုင်းလာလည်လို့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ