Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, February 8, 2013
ခံစားမှုပေးတဲ့နေရာလေး
ဒီနေရာလေးကိုစွန့် ခွာရမယ်ဆိုတော့စိတ်ထဲမှာတမျိုးဘဲခံစားရတယ်။
ဒီနေရာလေးမှာအချိန်ရတိုင်းထိုင်ခဲ့တယ်။ စိတ်ညစ်စရာတွေစိတ်ပျော်စရာတွေစိတ်ဓါတ်ကျစရာတွေစိတ်ဓါတ်တက်စရာတွေ
လွမ်းဆွေးစရာတွေတမ်းတစရာတွေမကျေနပ်တာတွေကျေနပ်တာတွေအားငယ်ရတာတွေအားကျရတာတွေ
မချင့်မရဲဖြစ်ရတာတွေအားရတာတွေအလိုမကျတာတွေပီတိဖြစ်ရတာတွေ....အစုံပါဘဲလေ။
အားလုံးကသုံးထပ်တိုက်တွေချည့်ဘဲ။ အဲတိုက်ဆိုလို့ ပြောရဦးမယ်။ တကယ်တော့တိုက်နဲ့ တူအောင်ဆောက်ထားတာတွေပါ။ အမြင်မှာတိုက်အိမ်အတိုင်းဘဲ။ ခေါက်ကြည့်ကိုင်ကြည့်မှသစ်သားလားကြိတ်သားလားအဲဒီလိုအသားမျိုးတွေနဲ့ တည်ဆောက်ထားတာပါ။
ဒါကြောင့်မြန်မာပြည်မှာတုန်းကအမေရိကန်ရုပ်ရှင်တွေကြည့်ရင်ကားတွေဖြတ်တိုက်ပြီးတစ်ဘက်ကပြန်ထွက်လာတာတို့ 
လူတို့ ပစ္စည်းတို့ အင်နဲ့ အားနဲ့ ဆွဲပစ်လိုက်ရင်အိမ်နံရံကိုပေါက်ပြီးထွက်သွားတာတွေမြင်ခဲ့ရတာကိုးလို့ အတွေးတွေရခဲ့ရသေးတယ်။
ထူးခြားတာကဒီဘက်ကအိမ်တွေကမြန်မာပြည်ကလိုမျိုးခေါင်မိုးတွေကိုမမြင်ရဘူး။ နံရံအမြင့်ဆုံးသွားတာနဲ့ တုံးတိတိဘဲပြီးသွားတယ်။ အုပ်မိုးထားတဲ့ခေါင်မိုးကိုမတွေ့ ရဘူး။ မတွေ့ ရဘူးဆိုတာထက်ရှိကို်မရှိဘူး။ ရေလုံမိုးလုံဖြစ်အောင်ဘယ်လိုများဆောက်ထားတယ်ဆိုတာထိတော့လည်း
ဆက်မတွေးချင်တော့မသိချင်တော့ပါဘူး။ ကျမမှာတစ်ခြားတွေးစရာတွေအများကြီးရှိနေသေးတယ်လေ။
အဲဒီတိုက်တွေထိလှမ်းမကြည့်ပဲ အနီးအနားကိုပဲကပ်ပြီးငေးမိမယ်ဆိုရင်တော့ကျမတစ်ခါကမိုးတမနက်ရဲ့ခံစားချက်မှာရေးခဲ့သလိုဘဲ ပြူတင်းနဲ့ ကပ်လျက်မှာ
ရနံ့ ကိုကိုယ်မှာစွဲပြီးရနေတော့တာဘဲ။ ခြံထဲမှာဟိုတိုးဒီတိုးဟိုကြည့်ဒီကြည့်စပ်စပ်စုစုထွေလီကာလီတွေတွေလုပ်နေရင်လည်း
သူ့ စီကအနံ့ ကစွဲပြီးဆက်ရနေတုန်းဘဲ။
ဒီမှာကလည်းအဲဒီလို သံပုရာတို့ ရှောက်တို့ လိုအမျိုးတွေအမျိုးစုံလင်များပြားလွန်းလို့ ဘယ်ဟာကရှောက်ဘယ်ဟာကလိမ္မော် ဘယ်ဟာကသံပုယို၊ သံပုရာမခွဲတတ်နိုင်အောင်ပါဘဲ။ အဲဒီတော့ကျမကခြံထဲကအပင်ကရှောက်သီးပုံနဲ့ ပိုတူလို့ ရှောက်သီးလို့ ဘဲကိုယ့်ဖာသာကိုယ်သဘောတူခေါ်တယ်လေ။
အရွက်ကတော့ရှောက်ရွက်စစ်စစ်နဲ့ မတူပြန်ဘူး။ ဒါပေမဲ့သံပုယိုရွက်နဲ့ လည်းမတူလှပြန်ဘူး။ ဒီတော့ကျမကသူ့ ကိုအပင်ကိုရှောက်ပင်အသီးကိုရှောက်သီးလို့ ဘဲခေါ်တယ်။
ပုတုန်းငှက်လေးတွေဝတ်ရည်လာလာစုတ်တဲ့ပန်းဆီရောင်ပန်းလှလှလေးတွေပွင့်တဲ့အပင်လေးလည်းရှိသေးတယ်။
မြေပြင်ဖက်ကိုစိုက်ကြည့်လိုက်ရင်တော့အိမ်ရှင်စိုက်ထားတဲ့စိမ်းဖါးဖါးအရွက်လှလှတွေကြားထဲက
လိမ္မော်ရောင်ပန်းလှလှတွေလှိုင်နေအောင်ပွင့်နေကြတာအမြဲလိုမြင်နေရတာပေါ့။ ချင်းပြည်မှာအဲဒီပန်းလေးတွေကိုတောင်ကြာလို့ ခေါ်ကြတယ်။ ချင်းပြည်မှာအဲဒီပန်းလေးတွေစတွေ့ ဘူးတုန်းကလည်းသိပ်နှစ်သက်မိတာဘဲ။
အဲဒီပန်းလေးတွေကစားလို့ ရတယ်တဲ့။ ဒါပေမဲ့ကျမတော့အလှဆင်တာကလွဲလို့ မစားဖြစ်ခဲ့ဘူး။ အရွက်တွေသာစားလို့ ရတယ်ဆိုရင်အမြဲအညွန့် လေးတွေနဲ့ စိမ်းစိုလတ်ဆတ်နေတဲ့အဲဒီအရွက်တွေကိုကျမစားဖြစ်ခဲ့မှာ
သေချာပါတယ်။
အဲဒီလိမ္မော်ရောင်ပန်းခြုံခင်းလေးနဲ့ ကပ်လျက်မှာသစ်သားပြားတွေနဲ့ ကာထားတဲ့ခြံစည်းရိုးရှိတယ်။ ပန်းတွေနဲ့ သစ်သားပြားစည်းရိုးကလိုက်ဖက်လွန်းတယ်လို့ ကျမထင်မိတယ်။ သစ်သားပြားကသဘာဝအရောင်ညိုမွဲမွဲနဲ့ လေ။
သစ်သားစည်းရိုးနဲ့ ကပ်လျက်မှာတော့တစ်ဖက်ခြံကစိုက်ထားတဲ့သစ်ပင်စိမ်းတောက်တောက်ကြီးကိုမြင်နေရပြန်ပါတယ်။
အဲဒီအပင်ကြီးကကျမတို့ ဟိုးငယ်ငယ်တုန်းကအမြဲစိတ်ကူးတွေ၊ စာအုပ်တွေပြက္ခဒိန်တွေထဲကအမြင်တွေနဲ့ မှန်းပြီးပုံဆွဲခဲ့တဲ့ခရစ်စမတ်သီးအနီလေးတွေနဲ့  အရွက်ပတ်လည်ချွန်ချွန်လေးတွေနဲ့ စိမ်းတောက်တောက်လေးတွေရဲ့
အပင်ပါလားဆိုတာအဲဒီအပင်ကြီးမှာအသီးနီနီလေးတွေအရွက်ချွန်ချွန်လေးတွေကို အနီးကပ်မျက်စိနဲ့ တပ်အပ်တွေ့ မှသိတော့တယ်။
အဲဒီအသီးနီလေးတွေနဲ့ အရွက်ချွန်တွေကိုမကြာမကြာကြည့်မိမြင်မိတော့ကြည့်မိမြင်မိတိုင်းကျမငယ်ငယ်ကပို့ စကဒ်
ကြည်နူးရတာကတော့သူတို့ ဖန်တီးပေးခဲ့တဲ့ပန်းချီကားတွေ ပို့ စကဒ်တွေနဲ့ အတူကျမကိုချစ်လို့ လုပ်ပေးခဲ့တဲ့ပန်းချီတွေပို့ စကဒ်တွေနောက်ကွယ်ကနွေးထွေးနုညံ့တဲ့မေတ္တာကိုခံစားသတိရမိလို့ ပါ။
အခုကျမဒီနေရာလေးမှာဆက်ထိုင်နိုင်တော့မှာမဟုတ်ဘူးဆိုတော့အမျိုးအမည်မဖေါ်ပြနိုင်တဲ့ခံစားမှုတမျိုးရင်ထဲကို
ရောက်ရောက်လာတယ်။ ကျမဟာဘာဖြစ်လို့ မမြဲတဲ့အရာတွေကိုတွယ်တာမှန်းမသိတွယ်တာနေမိတာလဲလို့ တွေးနေမိတယ်။
တကယ်တော့ဒီမြင်ကွင်းလေးဟာဒီကိုရောက်မှရလာတဲ့မြင်ကွင်းလေးပါ။ ဒါပေမဲ့မြင်ကွင်းလေးနဲ့ တစ်ဆက်တည်းကျမဘ၀နဲ့ ပတ်သက်မှုတွေကို
သယ်ဆောင်ပေးလာတတ်တာလေးကိုကျမနှစ်သက်နေမိသလိုပြူတင်းဘေးကပ်လျက်ကပန်းပင်လေးကပန်းပွင့်လေးတွေကို
အမြဲလာပြီးမနားတမ်းတောင်ပံခတ်ရင်းဝတ်ရည်စုတ်တတ်တဲ့လက်မလောက်ပဲရှိတဲ့ငှက်ပုတုန်း (၀တ်ရည်စုတ်တတ်တဲ့ Humming birds)လေးတွေကိုလည်းတွယ်တာနေမိတယ်။
ကျမဒီနေရာမှာဘဲထိုင်ပြီးဒီစာကိုရေးနေမိတယ်။
နောင်ကိုဒီလိုအတွေးတွေအမြင်တွေကိုစဉ်းစားပြီးရေးရင်ဒီလိုရေးနိုင်မယ်မထင်ဘူး။ ပီပီပြင်ပြင်လေးလည်းမှတ်မိချင်မှမှတ်မိလိမ့်မယ်။ မှတ်မိချင်လည်းမှတ်မိလိမ့်မယ်။ မပြောတတ်ဘူး။ ကျမရင်ထဲမှာဘယ်အထိစွဲနေမလဲဆိုတာတကယ်ခွဲသွားတော့မှသိမှာပေါ့။ ဒါပေမဲ့ကြာလာပြန်တော့အရာအားလုံးေ၀၀ါးပြီးမေ့သွားရပြန်တာပါဘဲ။ ဒါကိုလည်းသိဘူးခံစားဘူးလျက်ရဲ့
ကျမခံစားချက်လေးကိုဒီနေရာလေးနဲ့ မခွဲခွာခင်မှတ်တမ်းရေးထားချင်မိတယ်။
သစ်ပင်လေးတွေစိမ်းစိုနေတဲ့ ဒါမှမဟုတ် စမ်းချောင်းလေးစီးနေတဲ့ ဒါမှမဟုတ် တောင်တန်းပြာမှိုင်းမှိုင်းကြီးတွေလှမ်းမြင်နေရတဲ့ ဒါမှမဟုတ် အရိုင်းပန်းလေးတွေနဲ့ ဝေနေတဲ့ ဒါမှမဟုတ်ငှက်သံလေးတွေကြားရငှက်လေးတွေမြင်ရတဲ့
ဒါမှမဟုတ်စိမ်းစိုဝါလွင်နေတဲ့မြက်ရိုင်းခင်းကြီးကိုလှမ်းမြင်နေရတဲ့ မြင်ကွင်းလေးပေးမဲ့ ပြူတင်းလေးတစ်ခုပိုင်ဆိုင်ချင်မိတယ်။
သိပ်အများကြီးမလိုပါဘူး။ ပြူတင်းလေးတစ်ခုတည်းလောက်ပါ။
 ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ