ပုဇွန်ဆီပြန်ဟင်း။
ပုဇွန်ကို ခေါင်းဖြတ်ထားတဲ့ frozen တွေကို လုံးဝမကြိုက်ပါဘူး။ အဲဒီပုဇွန်တွေ ကမြန်မာပြည်မှာတုန်း ကတခါတခါ မှားဝယ်လာတတ်တဲ့ မြီးနီ ခေါ် ပင်လယ်ပုဇွန်တွေနဲ့ ဆင်ပြီး သူ့ ရဲ့ အနံ့ ကိုရောအရသာကိုရော ကျမမကြိုက်ပါဘုး။ ဒါကြောင့် စားချင်ပြီး အချိန်ရရင်တော့ ခေါင်းပါတဲ့ ပုဇွန်ကို ဘဲအလုပ်ရှုပ်ခံပြီးလုပ်စားပါတယ်။
ပုဇွန်ကိုခေါင်းခွံခွါ ပြီးရင် ကျောကို ကတ်ကျေးနဲ့ အသားပါအောင် ခွဲလိုက်ပြီး သူ့ ရဲ့ အညစ်အကြေးကြောကို ဖယ်ထုတ်လိုက်ပါတယ်။ ပြီးမှ ခြေတွေဖြုတ်၊ ခေါင်းထဲက အညစ်အကြေးကို ထုတ်ပါတယ်။ မမ ကိုလည်းသိပ်သတိရပါတယ်။ ရန်ကုန်မှာ မမဘဲ လုပ်ပါတယ်။ ကိုယ်ကကိုယ်လုပ်ချင်တာတွေ လုပ်ပေမဲ့ ပုဇွန်ကအနံ့ သိပ်စွဲလို့ တော်ရုံနဲ့ မလုပ်ပါဘူး ကြိုက်ပေမဲ့။ ပြီးရင် ဆားရယ်၊ ငံပြာရည်ရယ် ဆနွင်းရယ် နဲ့ နယ်ထားပြီး ခဏထားပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူ၊ နီနဲ့ ဆီသတ်ပြီး ကြက်သွန်နဲနဲနွမ်းရင် အခုန ကဖြုတ်ထားတဲ့ ခြေထောက် တွေကို blender နဲ့ ခြေထားတာတွေကို ရေနဲနဲ နဲ့ စစ်ယူပါတယ်။ (ခရမ်းချဉ်သီးကို ပုဇွန်ဟင်းထဲထဲ့တာမကြိုက်လို့ မထဲ့ပါဘူး။)အဲဒီအရည်တွေ အရင်ထဲ့ပြီး ပွက်နေမှ ပုဇွန်တွေကို ထဲ့ပြီးဆီပြန်အောင်တယ်ပါတယ်။
ကိုယ်က ပုဇွန်သိပ်မာသွားရင် ဟင်းကျန်နဲ့ တူလို့ သိပ်ကြာကြာ မချက်ချင်ပါဘူး။ ပျော့ပြီးထုတ်ထုတ်လေးဖြစ်နေတာကြိုက်ပါတယ်။ ဒါကြောင့် အရည်ကို အရင်ထဲ့တာပါ။ သိပ်မမာသွားမှ လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ အရသာကို ရတယ်လို့ ထင်ပါတယ်။ (ဂျီးသိပ်များတယ်နော်။)
ငါးလေးချဉ်ကြော်။
ရန်ကုန်ကပို့ ပေးလိုက်လို့ သိပ်ပျော်နေတာလေ။ ကြက်သွန်ဖြူ၊ နီ ပါးပါးနဲ့ ခပ်များများလေးလှီးထားတာတွေကို ငြုတ်သီးအကြမ်းမှုန့် လေးထဲ့ပြီး ဆီသတ်ပါတယ်။ ဆီသတ်တုန်းမှာ ဆားလေးပါးပါးထဲ့ပါတယ်။ ပြီးတော့နဲနဲလေးနွမ်းသွားရင် ငါးချဉ်နဲ့  ပါးပါးလှီးထားတဲ့ ငြုတ်သီးစိမ်းတွေကို ထဲ့ပါတယ်။ ငါးချဉ်အရမ်းမကြေသွားအောင် အသာလေးမွှေပြီး ခဏနေရင် နံနံပင်အုပ်ပြီးချလိုက်ရုံပါဘဲ။ ပင်စိမ်းတို့ ၊ ရှမ်းနံနံတို့ နဲ့ လည်း ကောင်းပါတယ်။ ထမင်းဖြူလေးနဲ့ သိပ်လိုက်ပြီး သိပ်ကြိုက်ပါတယ်ရှင်။
မုန်ညင်းကြော် ကို တော့ကြက်သွန်ဖြူ နီဆီသတ်ပြီး ခရုဆီရယ် ကြက်သားမှုန့် ရယ်နဲ့ သိပ်မနွမ်း သိပ်မစိမ်းအောင်ကြော်ပါတယ်။
ဟင်းချိုကိုတော့ ဝက်ကြိတ်သား၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန်၊ ကြက်သွန်နီ နဲနဲ နဲ့ နဲနဲကျအောင်တယ်ပြီးမှ ပွက်ပွက်ဆူနေတဲ့ အချိန်မှာ အသင့်ရေစိမ်ပြီးသား မှိုခြောက် နဲ့ ဂေါ်ဖီလေးထဲ့ပါတယ်။ ရေစိမ်ထားတဲ့ ပဲကြာဖံလေးဖြောက်ဖြောက်လည်းထဲ့လိုက်ပါတယ်။ တစ်ချိန်ထဲမှာ ကြက်သွန်ဖြူ ထုထားတာလေးထဲ့အပေါ့အငန်မြည်းပြီး ငြုတ်ကောင်းမှုန့် လေးထဲ့လိုက်ရင် ဟင်းချိုနံ့ လေးက မွှေးတက်ပြီးစားချင်စဖွယ်ဖြစ်လာမှာပါ။