Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, March 6, 2011
ငါးစုစီကြော်၊ နဲ့ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ အာပြဲခြောက်ဖုတ်
ငါးစူစီကြော်
တကယ်တော့ မကြော်ချင့်ကြော်ချင်နဲ့ ကြော်လိုက်တာပါ။ တနေ့ ညက ငါးကိုဆိုင်မှာ ကြော်ခိုင်းပြီးအိမ်မှာစားဘို့ စီစဉ်ကြပါတယ်။ သူကငါးမုတ်နဲ့ တူတဲ့ငါးကိုရွေးပြီး ကျမကငါးသလောက်နဲ့ တူတဲ့ငါးကိုရွေးပြီးကြော်ခိုင်းကြပါတယ်။ နောက်တော့ငါးမုတ်နဲ့ တူတဲ့ငါးကပိုပြီးစားလို့ ကောင်းနေတော့ ငါးသလောက်နဲ့ တူတဲ့ငါးကအကောင်လိုက်ကျန်နေပါတယ်။ နောက်နေ့  မှာလည်းဟင်းကချက်ဘို့ စိတ်မပါဘူး။။ ဒါပေမဲ့ အချိန်တန်တော့ ဗိုက်ကဆာလာရော။ အဲဒီကျတော့ မှမချက်ချင် ချက်ချင်နဲ့ ကျန်တဲ့ငါးကြော်တစ်ကောင်ကို ဇာတ်လမ်းရှင်းရတာပါ။ ဒါနဲ့ ဘဲစူစီကြော်ပုံစံမြန်မြန်လေးကြော်လိုက်ပါတယ်။
ငါးစူစီကြော်
ကြက်သွန်ဖြူပါးပါးလှီးထားလိုက်ပါတယ်။ ပြီးတော့ဆီပူပူထဲမှာ ပိုင်းဖြတ်ထားတဲ့ ငါးကြော်တွေကို  ပြန်ကြော်လိုက်ပါတယ်။ ငါးကြော်သိပ်မကြွတ်လာခင်လေး မှာ ဒယ်အိုးဘေးမှာ အသာလေးကပ်ထားပြီး လှီးထားတဲ့ကြက်သွန်ဖြူကိုထဲ့ကြော်လိုက်ပါတယ်။ မရှေးမနှောင်းမှာ ဘဲ ready made ကြက်သွန်နီကြော်ကိုဆက်ထဲ့ပါတယ်။  ဆီကိုမွှေးသွားအောင်လို့ ပါ။ သူတို့ ကိုလည်းမကျွမ်းခင်မှာ ဘေးကပ်ထားတဲ့ငါးတွေပေါ်ဆယ်တင်ထားလိုက်ပါတယ်။ ကျန်နေတဲ့ဆီထဲမှာ ငြုတ်သီးအကြမ်းမှုန့် ကိုထဲ့ပြီးမီးကိုပိတ်လိုက်ပါတယ်။ ငြုတ်သီးမကျက်တကျက်မှာ ဘေးကပ်ထားတာတွေပါရောမွှေပါတယ်။ အဲဒီအချိန်မှာ ငံပြာရည်လေးစွက်လိုက်ပါတယ်။ငြုတ်သီးအကျက်လိုရင် မီးကိုနဲနဲလေးဖွင့်ပါတယ်။ ဒယ်အိုးကအပူနဲ့ ငြုတ်သီးကကျွမ်းသွားတတ်လို့ နဲနဲသတိထားရပါတယ်။ ပြီးရင်အားလုံးအနေတော်တာနဲ့ ပန်းကန်ပြားပက်ပက်ထဲမှာ အအေးခံထားရပါတယ်။ ဒါမှ ကြွတ်ကြွတ်လေးဖြစ်သွားမှာပါ။ ကျမက ခဏခဏကြော်လို့ နဲနဲမှန်းနိုင်လို့ အဆင်ပြေသွားပေမဲ့ ကြော်လေ့ကြော်ထမရှိတဲ့သူဆိုရင် အားလုံးသပ်သပ်စီကြော်ပြီးမှ ငြုတ်သီးကြော်ရခါနီးမှာ ငါးကြော်တွေထဲ့ ပြီးငံပြာရည်လေးစွက်တာကောင်းပါတယ်။ အားလုံးအေးသွားမှ ကြက်သွန်ဖြူ၊နီကြော်ကို ရောတာအကောင်းဆုံးပါ။
ဒါက ၀ယ်လာတဲ့ ငါးကြော်တွေပါ။ အတိုက ငါးမုတ်နဲ့ တူတဲ့ငါးပါ။ အရှည်က ငါးသလောက်နဲ့ တူတဲ့ငါးပါ။ ထုံးစံအတိုင်း ဓါတ်ပုံရိုက်တော့ ငါးကမလှပါဘူး။
ဒါနဲ့ ကပ်စားမဲ့ခရမ်းချဉ်သီးတို့ ၊ သခွားသီးတို့ ထဲ့ရိုက်တယ်။ အဆင်မပြေပါဘူး။ ခရမ်းချဉ်သီး နဲ့ သခွါးသီးခွံလေးသုံးပြီးပန်းပွင့်လေးတောင်လုပ်ပြီးကြိုးစားကြည့်သေးတယ်။ နောက်ဆုံးတော့ စိတ်ကမရှည်တော့ဘူး။ ကဲ ဒီလောက်ရုပ်ဆိုးတဲ့ ငါး မြန်မြန်စားပစ်တာဘဲအေးပါတယ်ဆိုပြီး စားပစ်လိုက်တော့တယ်။ အဲဒါတောင် တစ်ကောင်ကကျန်နေလို့ မနက်ကျ ထပ်ရှင်းရသေးတယ်လေ။
လက်ဖက်သုပ်
ငါးဟင်းဘဲဖြစ်နေလို့ လက်ဖက်သုပ်လိုက်ပါတယ်။ လက်ဖက်နှပ် နဲ့ ကြက်သွန်ဖြူကြော် နဲ့ နှမ်းဘဲထဲ့ပါတယ်။ ပဲမကြိုက်လို့ ပါ။ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ငံပြာရည်၊ သံပုရာသီး ၊ အချိုမှုန့် နဲနဲ (လက်ဖက် ဆိုရင်တော့ အချိုမှုန့် ထဲ့ပါတယ်။)
 ကျမကလက်ဖက်ကို ဘယ်လိုပုံစံလာလာအားပေးပါတယ်။ အကြိုက်ဆုံးအစားအစာထဲမှာပါပါတယ်။ ကျမလက်ဖက်သုပ်ရင် ဂေါ်ဖီတို့ ခရမ်းချဉ်သီးတို့ ကိုနုပ်နုပ်လှီးတာမကြိုက်ပါဘူး။ သူများကျွေးရင်တော့စားပါတယ်။ လက်ဖက်အရမ်းကြိုက်လို့ ။ တတ်နိုင်ရင် ready made မ၀ယ်ပါဘူး။ အိမ်နှပ်ကို ပိုသဘောကျပါတယ်။
ခရမ်းချဉ်သီးသုပ်မနယ်မှီ
ခရမ်းချဉ်သီးသုပ်
ညကျတော့ ခရမ်းချဉ်သီးသုပ်သုတ်ပါတယ်။ ငါးစူစီကြော်နဲ့ ဆက်စားပါတယ်။ တကယ်တော့ ဟင်းကိုဆက်စားရတာမကြိုက်ပါဘူး။ မလွှဲသာမှ သာစားချင်ပါတယ်။
ခရမ်းချဉ်သီးကို မထူမပါးလှီးပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေးပြီးစစ်ထားပါတယ်။ ပြီးရင်တော့ မြန်မာ့ရိုးရာ နည်းအတိုင်း အဆာပလာတွေဖြစ်တဲ့ ပုဇွန်ခြောက်မှုန့် ၊ ကြက်သွန်ဖြူ၊ နီကြော်၊ ဆီ စိမ်း သို့ ဆီကျက် ကြိုက်ရာထဲ့။ ပဲမှုန့်  သို့ မြေပဲ ထောင်းထဲ့။ ကျမ က မြေပဲ နဲ့ မကြိုက်လို့ ပဲမှုန့် လေးပါးပါးထဲ့ပါတယ်။ မြေပဲကြိုက်ရင်တော့မြေပဲကပိုစိမ့်ပါတယ်။ ငံပြာရည်သင့်ရုံထဲ့ပြီး နယ်ပါတယ်။ အစိမ့်သုတ်ကြိုက်ရင် သံပုရာသီးမထဲ့ဘဲနေနိုင်ပါတယ်။ အချဉ်လေးနဲ့ သံပုရာသီးနံ့ လေးလိုချင်ရင်တော့သံပုရာသီးလေးထဲ့ပါ။ နံနံပင်ကြိုက်လို့ ထဲ့သုတ်ပါတယ်။
အာပြဲခြောက်ဖုတ်
မြန်မာဆိုင်က၀ယ်ထားတဲ့ နန်းသပြေတံဆိပ်ပါ။ တော်တော်လေးကောင်းပါတယ်။ ဆီလေးဆမ်းလိုက်ရုံပါဘဲ။ ခရမ်းချဉ်သီးသုပ်လေးနဲ့ လိုက်ပါတယ်။ 
13 comments:
  1. လဖက်သုပ်ကတော့ မကြိုက်ဘူးရယ်
    အိမ်မှာ ဂျင်းသုပ်စားတယ်ခရမ်းချဉ်သီးသုပ် စားချင်လိုက်တား)
    နေကောင်းအောင် ဆုတောင်းပေးလို့ ကျေးဇူးပါ ပြောသလောက် နေမကောင်းတာမဟုတ်ဘူး။ အလုပ်တွေရှူပ် ခရီးတွေထွက်နေလို့ပါ
    Baby taster
    ReplyDelete
  2. ညီလင်းသစ်March 6, 2011 at 7:55 AM
    အားပါးပါး..ဒါတွေလည်း စားချင်စရာ...၊
    ဟုတ်တယ်နော်၊ ငါးက ဒီအတိုင်းမလှဘူး၊ ကြော်လိုက်မှ ပိုလှလာတာ..၊း)
    လက်ဖက်ကလည်း သွားရည်ယိုချင်စရာပါပဲ၊ ဒါပေမယ့် ငရုတ်သီးစိမ်းက တော့ ၂ တောင့်ထဲလားဗျာ...၊း(
    ခံတွင်းလေး စိုလာစေလို့ ကျေးဇူး...။
    ReplyDelete
  3. ဟေး ဘေဘီ..
    ဒါဆို..ကိုယ့်ဘ၀မှာ လက်ဖက်သုပ်မကြိုက်တဲ့သူ..ကြုံဘူးတာ ၃ ယောက်ရှိသွားပြီ။
    ကိုညီလင်းသစ်ရေ..
    ငါးကစားစရာမရှိတဲ့ အချိန်လည်းဖြစ်.. ပုံပြောင်းလိုက်မှ သူရောကိုယ်ရောစားဖြစ်မှာလည်းဖြစ်..လွှင့်ပစ်ရမှာကလည်းနှမျောစရာမို့  လေ။ အိမ်ရှင်မဆိုတော့အလေအလွင့်မရှိအောင်စီမံဦးမှ..(တကယ်တော့မချက်ဖြစ်၊မစားဖြစ်၊မစားချင်တော့လို့ လွှင့်ပစ်ရပေါင်းကများနေပါပြီ။) လက်ဖက်ထဲမှာ ငြုတ်သီးကထဲ့နယ်ထားပြီးသား။ ဘယ်နေလိမ့်မလဲ။ အရမ်းစပ်လို့ ၂တောင့်ဘဲ ကိုက်စားဘို့  လုပ်ထားတာ။စိတ်မပူနဲ့ နော်..အထုပ်လိုက်ရှိပါသေးတယ်။ :D
    လာလည်လို့ ကျေးဇူးပါ ဘေဘီ နဲ့ ကိုညီလင်းသစ်ရေ
    Iora
    ReplyDelete
  4. လာလည်ပါတယ်..
    လက်ဖက်သုတ်စပ်စပ်လေးကြိုက်တယ်..
    ပြန်လာလည်ပါဦးလို့လည်းဖိတ်ခေါ်ပါတယ်.
    လင့်လည်းချိတ်လိုက်ပါတယ်နော်..
    http://3rdalphabet.blogspot.com
    ReplyDelete
  5. ဂငယ်လေးရေ..
    လာလည်လို့ ကျေးဇူးပါကွယ်။
    လက်ဖက်သုပ်စပ်စပ်လေး ကြိုက်တယ်ဆိုတော့ အကြိုက်တုတွေပေါ့။
    ခင်မင်လေးစားသော
    Iora
    ReplyDelete
  6. ငါးစူစီကြော်ဆိုသိပ်ကြိုက်။ ငါးခူကိုဆိုအဲလိုစူစီကြော်မှစားတာ။ ချက်ရင်မစားဘူး။ လက်ဖက်သုပ်လေးက စားချင်စရာလေး။ ခရမ်းချဉ်သီးသုပ်လည်း သုပ်မစားဖြစ်တာကြာပြီ။ စားစရာတွေကစုံမှစုံပဲနော်။
    ReplyDelete
  7. ပါရမီဖြည့်ဖက်လေး..
    ကိုယ်တို့ တအိမ်လုံးလည်း စူစီကြော်ကြိုက်ကြတယ်။ ပဲဟင်း ကိုဆူးပုပ်ရွက်တို့ ဂွေးထောက်ရွက်တို့ ခပ်ပြီး တွဲစားဖြစ်ကြတယ်။ ခရမ်းချဉ်သီးသုပ်ကမေ့မေ့နေတယ်။ ဟင်းမရှိမှ ဖြစ်ညှစ်စဉ်းစားတော့မှ စားဘို့ သတိရရလာတယ်။
    လာလည်လို့ ကျေးဇူးနော်။
    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)March 6, 2011 at 11:37 PM
    လက်ဖက်လည်းကြိုက်တယ်
    ခရမ်းချဉ်သီးလဲကြိုက်တယ်
    အာပြဲခြောက်ဖုတ်ဆိုလို့ အမေကိုသတိရတယ်
    အမေ ခဏ အလည်လာတော့ အလုပ်က မောမောနဲ့ပြန်လာတဲ့သမီးအတွက် ညနေစာမစားတဲ့ အမေက အာပြဲခြောက်ဖုတ်လေး ဆီဆမ်းပြီး လုပ်ပေးတာ စားလို့ကောင်းလွန်းလို့ ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ ခုတော့ ပိုသတိရသွားပြီ။
    ReplyDelete
  9. ချောရေ..
    အမေတွေကသိပ်လုပ်ပေးနိုင်တယ်နော်။
    လက်ဖက်ကြိုက်ရင် အကြိုက်ချင်းတူသွားပြန်ပြီ။
    ဒါပေမဲ့ ရန်ကုန်မှာတုန်းကလို ဇွန်းလုစားရတာတို့ ၊ မ၀လို့ ထပ်သုတ်ရတာတို့ မရှိတော့ သိပ်အရသာမရှိဘူး။
    ReplyDelete
  10. ညီမရေအာပြဲခြောက်ဖုတ်နဲ့လက်ဖက်သုတ်ကို
    အရမ်းကြိုက်တယ်ကွယ်။
    အလွမ်းပြေပုံလေးတွေအတွက်ကျေးဇူးပါ။
    ReplyDelete
  11. မမငွေစန္ဒာ..
    လာလည်လို့ ကျေးဇူးပါ။
    I thought I was older than you. Anyway, I like to leave it as puzzle.
    ခင်မင်လေးစားသော
    Iora
    ReplyDelete
  12. ဒီနေရာလေးကို အခုမှရောက်ဖူးပါတယ်...
    ချက်ပြုတ် ပြင်ဆင်ထားတာတွေရော ဓါတ်ပုံတွေရော သိပ်လှလို့ အလွန်သဘောကျသွားပါတယ်...
    Link ယူသွားချင်ပါတယ်...
    ကျေးဇူး...း))
    ReplyDelete
  13. မသက်ဝေ..
    ချီးမွမ်းစကားအတွက်ကျေးဇူးတင်ပါတယ်နော်။
    ပြီးတော့လာလည်တဲ့အတွက်ရော၊ Link ယူသွားတဲ့အတွက်ရော ၀မ်းသာကျေးဇူးတင်ရပါတယ်။ အားတဲ့အခါလည်း ထပ်ပြီးလာလည်ပါဦးလို့ ဖိတ်ပါရစေ။
    ခင်မင်လေးစားသော..
    Iora
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။