Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Sunday, March 13, 2016

ထမင်းလွတ် ညစာတစ်မျိုး

ကညွတ်အိုးကင်းပူတိုက်
ဒါလည်း အရင်တုန်း က ချက်စားခဲ့တာတွေပါ။ မတင်ဖြစ်ခဲ့လို့ တင်လိုက်တာပါ။ တခါတခါ ညဖက် ထမင်းလွတ် စားချင်တဲ့အခါ ဒီလိုမျိုးလေး လုပ်စားဖြစ်ပါတယ်။ ကညွတ်ကို အရင်းပိုင်းအရင့်လေးတွေဖြတ် ရေဆေးပြီး    ဆီလေးဖြန်းအိုးကင်းပူတိုက်ထားတာပါ။ အရသာ နှစ်သက်သလိုထဲ့ပေါ့။ ကိုယ်ကတော့ ချစ်ချစ်အကြိုက် ခရုဆီလေးနည်းနည်း နဲ့ လှိမ့်လိုက်တာပါ။ ကြိုက်ရင် နှမ်းဆီလေးနည်းနည်း ထဲ့ရင် ပိုမွှေးတာပေါ့။

ကညွတ်အိုးကင်းပူတိုက် နဲ့ ဖက်ထုတ်ကြော်
ဒီလိုလေး ဖက်ထုတ်ကြော်နဲ့ တွဲစားတယ်လေ။
ဖက်ထုတ်ကြော်
ဖက်ထုတ်ကြော်တာလည်း လွယ်ပါတယ်။ ကိုယ်နှစ်သက်ရာ အသားနဲ့ နှစ်သက်သလို အရသာထဲ့ပြီး အဆင်သင့်ရောင်းတဲ့ ဖက်ထုတ်ခွံလေးထဲထဲ့ထုတ်ပြီးကြော်ရုံပါဘဲ။ အိုင်အိုရာ က တော့ ၀က်သားကြိတ်သားနဲ့ လုပ်ထားတာပါ။ ၀က်သားကြိတ်သားကို ဂျင်းနည်းနည်း ကြက်သွန်ဖြူနည်းနည်း ထောင်းထဲ့ ကော်မှုန့် လေး နည်းနည်းထဲ့ ပဲငံပြာရည် နည်းနည်း ခရုဆီနည်းနည်း နဲ့ ကြက်ဥ ရောမွှေပြီး အစာလုပ်ထားတာပါ။ ပြီးတော့ လေးထောင့်ဖက်ထုတ်ရွက် အသေးလေးတွေထဲထဲ့ အထုတ်လေး လို ဆွဲစေ့ပြီး အသာပုံသွင်းပြီး ဆီပူထဲထဲ့ကြော်ပေါ့။ ဆီပေါကြော်ရတာပါ။

ဒီလိုမျိုးလေးပေါ့။ ဒီပုံကတော့ တခြားအချိန်တုန်းက ဖက်ထုတ်ကြော်ကြော်စားတုန်းက ရိုက်ထားမိတာ။ အခုကြော်ထားတာထက်နည်းတယ်။

ထမင်းလွတ်ညစာ
အာမခြောက်အောင်လို့ ဝက်ကြိတ်သားနည်းနည်းထဲ့ပြီး ဟင်းချိုလေးလုပ်လိုက်တာပါ။ ဟင်းချိုကတော့ ကြက်သွန်ဖြူ နဲ့ ငြုပ်ကောင်းလေးခပ်ထားပြီး ကြေးအိုးအနံ့ မျိုးထွက်အောင် နှမ်းဆီလေးနည်းနည်း ထဲ့စားပါတယ်။ ဆန်ကြာဆံနဲ့  မုန်ညင်းစိမ်းခပ်ထားပါတယ်။
အချဉ်
မြန်မာပြည်မှာတုန်း က ဆိုးဆေးကြောက်လို့ ဒီလိုငြုပ်ဆီ ကိုကြိုက်လျက်နဲ့ ရှောင်ခဲ့ပါတယ်။ ဒီမှာတော့ စိတ်ချလက်ချ စားနိုင်တော့ ကြက်ဖတံဆိပ် ငြုပ်ဆီမပြတ်ဆောင်ထားပါတယ်။   ငြုပ်ဆီနည်းနည်း ထဲ့ ငံပြာရည်နည်းနည်းထဲ့ သကြားလေးနည်းနည်းထဲ့ ကြက်သွန်ဖြူထောင်းထဲ့ ငြုပ်သီးစိမ်းဖြတ်ထဲ့။ မြန်မာပြည်ကသူတွေကတော့ ဆိုးဆေးရှောင်သင့်တော့ သံပုရာသီးလေး မန်ကျည်းရည်လေးနဲ့ ပဲ ဒီလိုလုပ်စားပေါ့နော်။

ကြာဆံနဲ့ မုန်ညင်းစိမ်း ဟင်းချို


ဖက်ထုတ်ကြော်၊ ကြာဆံဟင်းချို နဲ့ ကညွတ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပြီ

ချိစ်ကိတ်
ထုံးစံအတိုင်း အချိုပွဲလေး နဲ့ ပိတ်လိုက်မယ်နော်။ ချိစ်ကိတ်က နှစ်ယောက်လုံးကြိုက်ကြတော့ မကြာခဏလုပ်စားဖြစ်တယ်လေ။ အိုင်အိုရာတို့ အကြိုက် လုပ်တဲ့
ချိစ်ကိတ်လုပ်နည်း တင်ထားပေးပြီးသားမို့ အဲဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အိုင်အိုရာလည်းတင်ထားမိတာ ၀မ်းသာနေတာ။ မလုပ်တာကြာသွားရင် အချိုးအစားတွေက မေ့သွားရော။ ဒီမှာပြန်ပြန်လာကြည့်ရတယ်လေ။ ကိုယ့် စာဖတ်သူတွေလည်း လုပ်နိုင် ကိုယ်လည်း ပြန်လုပ်နိုင်ဆိုတော့ မဆိုးဘူးဘဲ။ ဒီချိစ်ကိတ် က စပျစ်ခြောက်ထဲ့လုပ်ထားတာ။ အိုင်အိုရာ့အတွက်ဆိုရင် တော့ နည်းနည်း ချိုသွားတယ်။ စပျစ်သီးက ချိုတော့ နည်းနည်းပဲ ထဲ့ရင်ထဲ့ ကိတ်သားကို အချိုလျှော့ထဲ့ရင်ထဲ့ ပေါ့ ။

လာအားပေးသူများ အားလုံးကျေးဇူးတင်ပါတယ်ရှင်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ပျော်ရွှင်ကြပါစေ။
ခင်မင်လေးစားသော
အိုင်အိုရာ

13 comments:

  1. စားချင်စရာ ဖွယ်ဖွယ်ရာရာပါပဲ။ ညစာတွေဆို ထမင်းမစားချင်ဘူး။

    ReplyDelete
    Replies
    1. အပြုံးပန်း..
      ညစာထမင်းမစားတာ အမှန်တော့ကောင်းပါတယ်။
      ဒါပေမဲ့ အမြဲတော့မလွှတ်နိုင်ပြန်ဘူးကွယ်။
      အိုင်အိုရာ

      Delete
  2. ဟား..
    စားချင်တယ်ဗျို့..
    အရင်ကအချိုမကြိုက်ခဲူ့းဘူး
    ခုတော့အချိုစားချင်နေတာ
    (အသက်ကြီးလာလို့လားမသိး)))
    မအိုင်အိုရာရဲ့ချိစ်ကိတ်လုပ်ပုံ
    အတိုင်းလိုက်လုပ်ကြည့်အုံးမှ..

    ReplyDelete
    Replies
    1. မီးမီး..
      တူလိုက်တာကွာ။
      ကိုယ်လေ အချိုသိပ်ကြိုက်တဲ့ထဲမပါဘူး။
      ဒါပေမဲ့ အသက်ကြီးလာလို့ ထင်တယ်။ အချိုကို ရှောင်သင့်ပါတယ်ဆိုမှ ခုတလော အချိုအရမ်းစားချင်တာဘဲ သိလား။
      ကိုယ့်ချိစ်ကိတ်ကို အလွန်ချေးများတဲ့ ချစ်ချစ် က အရမ်းသဘောကျတာ။
      စမ်းကြည့် ကြိုက်မှာသေချာတယ်။း) ဟိ..
      အိုင်အိုရာ

      Delete
  3. အားလုံးကြိုက်တယ် ဖက်ထုပ်စားချင်လာပြီ......................

    ReplyDelete
  4. ဂျက်ရေ..
    ခုနောက်ပိုင်းဆို ဖက်ထုတ်ရွက်တွေဝယ်ဝယ်ထားပြီး မလုပ်ဖြစ်တာနဲ့ လွှတ်ပစ်ရတာများတယ်။
    ခုလည်းဝယ်ထားသေးတယ်။း)
    မြန်မာပြည်မှာ အရင်တုန်းက တရုပ်တန်းမှာ ရောင်းတဲ့ဖက်ထုတ်ခွံ ပါးပါးလေးနဲ့ ကြော်တာ အရမ်းကြိုက်တာ။
    အိုင်အိုရာ

    ReplyDelete
  5. ကျနော်တော့ မြန်မာပြည်တုန်းက ကညွတ်ကိုမစားဖူးဘူးအစ်မရေ
    အခုအပြင်ရောက်မှစားဖူးတာ အရမ်းကြိုက်တယ်
    လူနဲ့တည့်တယ်လို့စာထဲမှာဖတ်ရတော့ မကြာခဏ၀ယ်စားဖြစ်တယ်။
    ပျော်ရွှင်ပါစေ :)

    ReplyDelete
    Replies
    1. ရွှေညာသားလေး..
      မြန်မာပြည်က ကညွတ်ကို ဒို့ ကပိုကြိုက်တယ်။
      ချိုခါးလေးနဲ့ သေးသေးသွယ်သွယ် အစိမ်းရင့်ရောင်။
      ရှားပြီးဈေးကြီးတယ်။
      ဒီလိုမျိုးကညွတ်တွေလည်းခုတော့ပေါ်နေပါပြီအဲဒီမှာ။
      ဟုတ်တယ်။ ကင်ဆာအတွက်ကောင်းတယ်တဲ့။
      ပေးတဲ့ဆုနဲ့ အမြဲပြည့်ပါရစေရှင်။
      အိုင်အိုရာ

      Delete
  6. ကြက်ဖတံဆိပ် ငြုပ်ဆီ ဆိုတာလေး ပြပါလားဟင်...

    ReplyDelete
    Replies
    1. မသက်ဝေ
      မကြာခင် ဓါတ်ပုံရိုက်တင်ပေးမယ်နော်။

      Delete
  7. Ma Thet Wai,
    Please go below link for the chili sauce. I lost my connecting cable to connect with my phone. So I cannot transfer my photo of it.
    Sorry for delay. :)
    Iora


    https://www.google.com/search?q=sriracha+image&biw=1104&bih=563&tbm=isch&tbo=u&source=univ&sa=X&ved=0ahUKEwjOyrGZyoDNAhUC5iYKHUxjBIgQsAQIHg

    ReplyDelete
  8. မမရေ..
    မတွေ့တာအတော်ကြာပြီနော်..
    နေကောင်းလား မမ..ဘယ်လောက်ပဲ အလုပ်များများ မမကို ရင်ထဲက တကယ် အမြဲသတိရနေတာပါ..
    မမရဲ့ ပို့စ်တွေ တဝကြီး ဖတ်သွားပါတယ် ချက်ထားတာတွေ ထပ်ကာထပ်ကာ ကြည့်ရင်း..အားပေးသွားပါတယ် မမ..
    မိုးစက်ဝိုင်

    ReplyDelete
  9. ဟေး မိုးစက်လေး..
    ပျောက်ချက်သားကောင်းလှချည်လား။
    နေကောင်းပါတယ်။ မိုးစက်လေးလည်းနေကောင်းတယ်ဟုတ်။
    ဒီကလည်း သတိရပါတယ်နော်။
    ထပ်ခါထပ်ခါကြည့်ရင်းအားပေးသွားသူကို ဒီကလည်း ထပ်ခါ ထပ်ခါ ကျေးဇူးတင်ပါတယ်ရှင်။း)

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။