Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, July 11, 2015
ဒုတိယအကြိမ်အနိုင်ကျင့်ခံရခြင်း နှင့် တစ်နေ့ သောအခါကအိမ်ချက်ဟင်းလေးများ နဲ့ အချိုပွဲ
တကယ်တော့ ရေးချင်တာက အစားအသောက်အကြောင်း အဓိကမဟုတ်ပါဘူး။
ကိုယ်ခုတစ်လော ရင်ဆိုင်နေရတဲ့ အွန်လိုင်းကြော်ငြာဒုက္ခကို ဖြေရှင်းလိုက်နိုင်တာလေးကို ဘ၀တူတွေကို ဝေမျှရင်း နောက်တစ်ခါဖြစ်ရင်လည်း ဘယ်လိုဖြေရှင်းရမယ်ဆိုတာလေးကို မှတ်ထားချင်လို့ ရေးလိုက်တာပါ။ အရင်တစ်ခါတုန်းက လည်း အနိုင်ကျင့်ခံရခြင်းဆိုပြီး ဒီလိုပြဿနာမူကွဲတစ်မျိုးကို ရေးဘူးပါတယ်။ဒါကြောင့်ဒါကဒုတိယအကြိမ်ပေါ့။
 ရေးလက်စနဲ့ ဒီနေ့ ပြန်ကြည့်မိတဲ့ ဓါတ်ပုံတွေထဲက ကိုယ်ကြိုက်ပြီးမတင်ဖြစ်ခဲ့တဲ့ ဟင်းလေးတွေ့ တာနဲ့ သွားရည်ကျရင်း ကိုယ့်သူငယ်ချင်းတွေလည်း အကြိုက်တူရင် သွားရည်ကျရအောင်ရောတင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အချိုပွဲလေးရောပေါ့။
ကိုယ်အဲဒီနေ့ က မိုက်ခရိုဆော့ အော့ဖစ်စ် လည်း ဖရီးဒေါင်းဖို့ ကြိုးစားခဲ့တယ်။
အဲဒီအချိန်ကစလို့ သူ့ လက်ပ်တော့မှာ PC tech hotline ဆိုတာရယ် Powered by Strong Signal ဆိုတဲ့ ဟာရယ် က ဒုက္ခပေးတော့တာဘဲ။ ဒုက္ခပေးပုံ က ပထမတစ်ခု က စကရင်အပေါ်ညာဖက်ထောင့်နားမှာ လူရုပ်ပုံလေးနဲ့ ပေါ်နေပြီး အကူအညီလိုရင် chat လို့ ရတယ်ဆိုပြီး တစ်ချိန်လုံးပေါ်ပေါ်နေတာ။ တော်တော်အမြင်ကပ်စရာကောင်းတယ်။ ကွန်ပြူတာဖွင့်လိုက်တာနဲ့ သူ့ ပုံက တက်လာပြီ အရင်။ ဒါပေမဲ့ သူ့ ကို right click လုပ်ပြီး exit နှိပ်လိုက်ရင်တော့ ပျောက်သွားတယ်။ ဖွင့်တိုင်းတော့ ပြန်ပေါ်လာတာဘဲ။
ကိုယ်လည်း တော်တော်စိတ်ပျက်နေတာ။
စာဖတ်ဖို့ လည်း အချိန်မပေးနိုင်ဘူးလေ ပြင်ဖို့ က။ ပြီးတော့ ကိုယ်တို့ ကကွန်ပြူတာသမားလည်းမဟုတ်တော့ တစ်ခုတစ်ခုဖြစ်ရင် ဘာကြောင့်ဖြစ်တယ် ဘယ်လိုပြင်လို့ ရတယ်ဆို တာ ဂူဂယ်မှာ ရှာဖတ်ရတာ အချိန်တော်တော်ပေးရတာ။ အဲဒါဖြစ်နေတာ လေးငါးလလောက်တောင်ကြာသွားတယ်။
တိုတိုပြောရရင် မနေ့ ကတော့ကိုယ်ဟိုရှာဖတ် ဒီရှာဖတ်နဲ့ နောက်ဆုံး လွယ်ပြီးအသုံးတဲ့တဲ့ ဗီဒီယိုလေးတစ်ခု You Tube ကနေတွေ့ ပြီး သူပြောတဲ့အတိုင်း လုပ်လိုက်တာ အကုန်လုံး ပျောက်ပြီး အဆင်ပြေသွားတယ်။ တစ်နေ့ လုံးနီးနီး အဲဒါနဲ့ ပြီးသွားရော။
ဒီအောက်ကလင့်လေး နှစ်ခုပါ။ တစ်ဦးတည်းပါဘဲ။
https://www.youtube.com/watch?v=yAz1dpR9WKc
https://www.youtube.com/watch?v=Fl3RMpPIT_w
ခုတော့ အရမ်းစိတ်ချမ်းသာသွားပါပြီ။ ကွန်ပြူတာဖွင့်လိုက်ရင် ဘာမှမတက်လာဘူး။ ဘေးနှစ်ဖက်ကို လာကျူးကျော်ထားတဲ့ ကြော်ငြာဆိုဒ်တွေလည်း မရှိတော့ဘူး။ စကရင်အကျယ်အတိုင်း ပြန်မြင်ရပြီ။
ကဲဒါတွေပြီးတော့...
အစားအသောက်လေးနဲ့ ပိတ်လိုက်ကြစို့ နော်။
အရင်တုန်းက ချက်စားထားတဲ့ အိမ်ချက်ဟင်းရိုးရိုးလေးတွေပါ။ အကြိုက်တူတဲ့သူတွေ ကြည့်ရအောင်ပေါ့။
ငပိထောင်း။ ပုဇွန်ခြောက် ငရုတ်သီးစိမ်းလှော် ကြက်သွန်ဖြူ နဲ့ 
ငပိထောင်း ရယ် ပဲပုတ်ကြော်ရယ် ငါးနဲ့ မုန်လာရယ် တို့ စရာရယ် ရိုးရိုးလေးပါ။
ငါးနဲ့ မုန်လာဥကို ခရမ်းချဉ်သီးများများနဲ့ အချဉ်ချက်ထားတာပါ။ နံနံပင်အုပ်လို့ ပေါ့။
ရှိတာကို တို့ စရာလုပ်ထားတာ။ ကေးလ် ရယ် သခွားသီးရယ် ချယ်ရီခရမ်းချဉ်ရယ်
ဂျပန်ပဲပုတ်ကို ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီး နည်းနည်း နဲ့ ငရုတ်သီးစိမ်းနဲ့ ကြော်ထားတာပါ။
Cat fish ကို ဒီလိုချက်စားတာ တော်တော်ကောင်းတယ်။  ဆီနည်းနည်းနဲ့ အနှစ်လေးအရင်ဆီသတ် ခရမ်းချဉ်သီးများများထဲ့ အရသာထဲ့ ကြေတော့ ငါးထဲ့ အုပ်ထား။ ရေလေးခမ်းသွားတော့ မှ ရေဆူထည့် မန်ကျည်းရည်ထဲ့ ငံပြာရည်ထဲ့ အပေါ့အငံမြည်း ပြီးချခါနီး နံနံပင်အုပ်။
ဒါလည်း အရင်တုန်း က လုပ်စားထားတာ။ ပေါင်မုန့် ထဲကို စထရော်ဘယ်ရီယိုထိုးထားတာတစ်လွှာညှပ် ရှောက်ယိုနဲ့ ချိစ်တစ်လွှာညှပ် အားလုံးကို ထပ်ပြီး မှ ကြိုက်တဲ့ပုံလှီး ပန်းကန်ထဲထဲ့ပြီး အပေါ်က ခရင်မ် နဲ့ စထရော်ဘယ်ရီယို ဆမ်းထားတာပါ။ဆူပါအီးဇီး ။ မြန်ကောင်းသက်သာပါဘဲ။
မမေ့သေးပဲ အရောက်လာခဲ့ကြတဲ့မိတ်ဟောင်းတွေရော..
မျက်စိလည်လမ်းမှားရောက်လာတဲ့ မိတ်သစ်တွေရော..
တမင်လာလည်တဲ့ သူတွေရော..
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ချစ်ခင်လေးစားသော..
အိုင်အိုရာ
12 comments:
  1. ပဲပုပ်ကြော်တော့ ပုံကြည့်ပြီး ဟန်မဆောင်နိုင်အောင်စားချင်နေတယ်။
    ReplyDelete
    Replies
    1. ဂျက်လည်းရှမ်းပြည်ကဆိုတော့ပဲပုတ်ကြိုက်တာပေါ့နော်။
      ကိုယ်လည်းပဲပုတ်ကိုပုံစံမျိုးစုံကြိုက်တယ်။
      အိုင်အိုရာ
      Delete
  2. ဟင်းနော်..
    ငပိထောင်းထည့်တဲ့ဗူးအစတူနေတယ်ဗျို့..
    ဒီကလည်းငပိထောင်းစားတယ်..
    ငရုတ်သီး ၄လုံးကြီးများတောင်ထဲ့မိလို့၊
    အာဘားအာဘားအော်နေရတယ်..
    ငါးမုန်လာဥဟင်းကိုအရမ်းကြိုက်စ်..
    ဒါနဲ့..ချက်တုံးကဆို အရမ်းနံ့တယ်နော်..
    အနံပြင်းတယ်ပြောရမယ်..
း)))
    ReplyDelete
  3. မီးမီးရေ..
    အဲလိုအနံ့ ပြင်းတာတွေဆို အဖုံးပါတဲ့ဘူးတွေနဲ့ ထဲ့မှအဆင်ပြေတယ်လေ။
    ပန်းကန်ထဲထဲ့မိရင် ဘူးထဲပြန်ပြောင်းထဲ့ရတော့ ၂ခါဆေးရတယ်လေ။
    မီးမီးက အစပ်သိပ်မစားဘူးလား။
    ကိုယ်ကအစပ်သိပ်ကြိုက်တာ။ အခုဒီမှာ ငရုတ်သီးစိမ်းတွေ ရှားပြီးဈေးကြီးနေလို့ စိတ်ညစ်နေတာ။ ကုလားဆိုင်က ငရုတ်သီးစိမ်းကို တပေါင် ၁၀ တဲ့လေ။
    မုန်လာဥချက်ရင် ချစ်ချစ်က အစအိမ်ထဲဝင်လာရင် ဘာနံ့ ကြီးလဲဆိုပြောတာ။
    ကိုယ်တို့ အစာတွေ က နံတာခက်တာဘဲကွယ်။း)))
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ကျမအမျိုးသားကအရမ်းအစပ်စားတာ၊
      ဟုတ်တယ် ငရုတ်သီးတွေအရမ်းဈေးကြီးတာဘဲ၊
      အစေ့ရည်ကြည့်လို့ရတယ်။
      ကျမတခါကဆိုဘာခေါက်ဆွဲကိုရုံးယူသွားတာ၊
      စားခါနီးမုန်လာဥအစိမ်းခြစ်ထားတာ၊
      ပဲငံပြာရည်ခွက်ထဲရောထဲ့တာပေါ့..
      ဟီး..ဘယ်ပြောကောင်းမလဲ၊
      အနံ့ကြီးထောင်းကနဲထွက်လာတာ..
      ထမင်းစားခန်းထဲကလူအားလုံး..
      လန့်သွားကြတယ်..
      ဘာအနံ့ကြီးလည်းဟ..
      ဆိုပြီးပြေးကြတာတန်းနေတာဘဲ..
      အဟဲ..
      ဒီကမင်သေသေနဲ့ပြန်စားပြီးပြောလိုက်သေးတယ်၊
      ငါကသတ်သက်လွတ်၊
      ခေါက်ဆွဲနဲ့ပဲငံပြာရည်ဘဲ၊
      လာတီးနိုမ..တွေဖြစ်မယ်လို့..
      ရောကြိတ်လိုက်ရတယ်..
      နို့မို့ဆို..အထောင်းခံရမှာ :P
      Delete
    2. ကိုယ်တော့အနံ့ ပြင်းတာတွေရုံးကိုယူမသွားဘူး။
      သူများတွေနှာခေါင်းရှုံ့ မှာစိုးလို့ လေ။
      ငပိ၊ငါးခြောက်၊ မုန်လာဥ၊ ဂေါ်ဖီကြော်၊ မျှစ်ချဉ်၊မျှစ်၊ အဲလိုမျိုးတွေပေါ့။
      ဒါပေမဲ့တချို့ အမေရိကန်တွေကတော့ ဗီယက်နမ် ဆင်းဒွစ်ကို အရမ်းကြိုက်ကြတာဘဲ ။ ဗီယက်နမ်တွေက မုန်လာဥနဲ့ ခါဂျက်ဥ အချဉ်တည်ထားတာနဲ့ ညှပ်တာလေ။ ဗီယက်နမ်ဆိုင်ရှေ့ ရောက်တာနဲ့ အဲဒီအနံ့ ပြင်းပြင်းကြီး က ကိုယ်တောင်ကြောက်တယ်။ စားတော့သာကောင်းတာ ဟီး။
      အိုင်အိုရာ
      Delete
  4. တတ်နိုင်ရင် ဗိုက်ပြည့်နေတဲ့အချိန်မှ အိုင်အိုရာရဲ့ပို့စ်ကိုဖတ်တယ်။ ဆာလောင်နေချိန်မှာ မခံစားနိုင်လွန်းလို့ပါ။ အခုဒီပို့စ်လေးကို ဖတ်ပြီး ဘယ်လိုပြောရမလဲဟင်? ... အားလုံးအားလုံးကို ကြိုက်နေပြန်တယ် ခက်ပြီကွယ် ♥♥♥
    ReplyDelete
    Replies
    1. တီတင့်..
      ဟင်းတွေချက်တိုင်း ဓါတ်ပုံတွေရိုက်တာ။
      ရိုက်သလောက်သာတင်ဖြစ်ရင် တပါတ်ကို ၂ ခါ ၃ ခါ တင်နေရမှာ။
      တီတင့် တို့ ကံကောင်းတယ်မှတ်နော်။ ဟင်းတွေက ပုံထဲမှာဆိုတော့ ငံတာချဉ်တာပေါ့တာတွေမသိတော့ နှိပ်စက်တယ်ထင်မှာပေါ့။
      စားကြည့်မှ သတ်ချင်မှာ။ ဟင်း..ဟင်း..
      Delete
  5. ဟုတ်တယ်အစ်မရေ...ကျနော်လည်းကြုံဖူးတယ်...ဂျပန်မှာတုန်းက browser ဖွင့်ရင်အဲ့ဒီကြော်ငြာတွေ
    အရင်လိုက်ပိတ်နေရတာကအလုပ်တစ်ခုပဲ...နောက်တော့ကြံရာမရဂူဂယ်မှာလိုက်ရှာရင်းနဲ့ Adblock Plus ဆိုတဲ့
    Add On လေးတွေ့တယ်..အဲ့ဒါကိုကိုယ်သုံးတဲ့ Browser က Add On မှာ install လုပ်ထားလိုက်တာဘာကြော်ငြာ
    မှတက်မလာတော့ဘူး...ဖိလစ်ပိုင်မှာကအဲ့လိုမရှိဘူး...ဂျပန်မှာက အဲ့လိုကြော်ငြာတွေအရမ်းတက်တာ..Lab က
    အစ်မတစ်ယောက်လဲ...အဲ့လိုဖြစ်လို့ ကျနော် ပြောင်းပေးခဲ့သေးတယ်...နောက်ပြီးတော့ Maxthon ဆိုတဲ့ Browser လည်းသုံးရတာအရမ်းအဆင်ပြေတယ်...အဲ့လိုကြော်ငြာတွေကိုတစ်ခါထဲ Block ထားပြီးသားအစောကကျနော်
    ပြောတဲ့ Adblock Plus Add On ကိုတစ်ခါထဲထည့်ထားပေးတော့ ကြော်ငြာမှန်သမျှဘလော့ပြီးသားပဲ။
    နောက်ပြီး Downloader လည်းတစ်ခါထဲပါတယ်။သုံးရတာတော်တော်လေးအဆင်ပြေတယ်အခုနောက်ပိုင်းကျနော်
    Maxton Browser ပဲအသုံးများတယ်..မော်ဇီလာ ဆိုသိပ်မဖွင့်ဖြစ်တော့ဘူး...:) အရင်ကတော့ကွန်ပျူတာပိုင်းဆိုင်
    ရာကိုလေ့လာဖြစ်တယ်..ပြီးတာနဲ့ချက်ချင်းစက်ကိုကလိတာ..အခုတော့အဲ့ဒီဘက်ကိုမလှည့်နိုင်တော့ဘူးအစ်မရေ..
    ဟင်းတွေမြင်တော့သွားရည်ကျမိသေးတယ်...ထမင်းစားပြီးမှရောက်လို့တော်သေးဗျာ...:P
    ကွန်မန့်ရှည်သွားရင် ခွင့်လွတ်ပါဗျာ...ကျနော့်ဘလော့ခ်မှာ ပင်တိုင်ကွန်မန့်ပေးတဲ့အစ်မမို့
    ပို့စ်အသစ်လေးတင်တုန်း တစ်ဝကြီးလာအားပေးတာ...:)
    ပျော်ရွှင်ပါစေဗျ....
    ReplyDelete
    Replies
    1. ရွှေညာသားလေးရေ...
      ကွန်မန့် ရှည်ကြီးရေးသွားလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်။
      Adblock Plus လေးထဲ့ထားအုန်းမှနဲ့ တူတယ်။
      ရွှေညာသားလေးဟင်းတွေက ပိုစားချင်စရာကောင်းတာ။
      ဒီမှာ က ကိုယ်တို့ အသီးအရွက်တွေ လွယ်လွယ်မရတော့ ငတ်တာများတယ်။
      တရုတ်ဆိုင်ကုလားဆိုင်ရောက်ရင် စွတ်ဝယ်ပြီး အလျှဉ်မှီအောင် မစားဖြစ်တော့လွှတ်ပစ်ရပြန်ရော။
      ပို့ စ်အသစ်တင်တိုင်း တ၀ကြီးလာအားပေးမဲ့သူမျိုးမျှော်နေတာဆရာရေ။း) ပေးသာပေး။
      အိုင်အိုရာ
      Delete
  6. ပေါင်မုန့်လေး လုပ်ထားတာ စားချင်သွားတယ်... ရှလွတ်... :D
    ReplyDelete
    Replies
    1. မသက်ဝေရေ..
      အမြင်နဲ့ ဆိုအကုန်ကောင်းသလိုဘဲ။
      စားကြည့ှ်မှ တော်တော် လို့ ဆိုချင်နေမှာ နော်။
      အိုင်အိုရာ
      Delete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။