ကော်ဖီပြင်းပြင်းတစ်ခွက်ဖျော်တယ်။ ဘာစားစရာရှိလည်းဝေ့၀ိုက်ကြည့်ပြီး မျက်စိထဲရောက်လာတဲ့ ခရိုဆန့် ပေါင်မုန့် ထုတ်ထဲကခရိုဆန့် တစ်ခုကို ပန်းကန်ပြားထဲထဲ့ပြီး အပူနဲနဲပေးလိုက်တယ်။ မိုက်ခရိုဝေ့ကနေ ထုတ်ယူလာပြီး ပြူတင်းပေါက်ဘေးက ကော်ဖီစားပွဲမှာ လာထိုင်တယ်။
အပြင်မှာမိုးတွေရွာနေတုန်းဘဲ။ ညကတည်းကရွာနေတာ။
ပြူတင်းအပြင်က မိုးစက်တွေကို ဘာရယ်မဟုတ်ငေးကြည့်နေခဲ့မိတယ်။
ပြူတင်းပေါက်မှန် နဲ့ ခြင်စကာကိုကျော်ပြီး မိုးတွေရွာနေတဲ့ အပြင်ကို ကြည့်နေရတာ လွမ်းစရာလိုလို ဆွေးစရာလိုလို ခံစားရတယ်။
အပြင်က ရို့ စ်မေရီ ခြုံပင်ကြီးက ကျမနှစ်သက်တဲ့ ခရမ်းရောင်ပန်းလေးတွေ ကတော့ မိုးကိုအံတုပြီး မကြွေသွားအောင်လေနဲ့ အတူ အလိုက်အထိုက်ယိမ်းထိုးလို့ နေတယ်။ ပြူတင်းပေါက်နဲ့ ကပ်လျက်က California Fuchsia အပင်မှာလည်း သူ့ ရဲ့ သိပ်လှတဲ့ ပန်းရောင်နဲ့  ခရမ်းရောင်ရောယှက်ထားတဲ့ အပွင့်လေး နှစ်ပွင့်ဆင့်လေးကလည်း သူ့  ကိုအမြဲလာနှုတ်ဆက်တတ်တဲ့ ၀တ်ရည်စုတ်ငှက်တစ်မျိုး Ana’s Hummingbird ကိုမျှော်နေကြသလိုဘဲ။
ဟိုအရင်အချိန်တွေတုန်းက မိုးရာသီမြင်ကွင်းတွေနဲ့  အသံတွေ စိတ်အမြင်နဲ့ စိတ်အကြားထဲကို ရောက်လာတယ်။ တကယ်တော့ တွေးမယ်လို့ မရည်ရွယ်ထားသလို တွေးနေ မြင်ယောင်နေ ကြားယောင်နေမိမှန်းတောင် သတိမထားမိလိုက်ပါဘူး။ သတိမရှိတဲ့အခိုက်အတန့်  လေးတစ်ခုပေါ့။
မြန်မာပြည်မှာဆိုရင်တော့ ဒီလိုမိုးတွေရွာနေပြီဆိုရင် အိမ်ဘေးက ပိတောက်ပင်တွေ သရက်ပင်တွေ ခေါင်မိုးနဲ့  ထိတိုက်လို့ မြည်တဲ့ အသံတွေ ကြားနေရပြီး အိမ်ရှေ့  ကိုထိုင်ကြည့်နေရင် သစ်ပင်မှာ ချိတ်ထားတဲ့ သစ်ခွပင်တွေ မိုးရေထဲမှာ လေနဲ့  ယိမ်းနေကြတာပေါ့။ ပြီးတော့ မိုးရနံ့ ။ ဒီမှာဘယ်တော့မှ မရတဲ့ မိုးရနံ့ ။ မိုးရနံ့ ဆိုတာ တခါတလေ ပိတောက်နံ့  လေးသင်းတတ်တယ်။ တခါတလေ သရက်သီးတွေကြွေကျပြီး ကွဲလို့ ထွက်လာတတ်တဲ့ သရက်သီးစိမ်းနံ့ လေးသင်းတတ်တယ်။ များသောအားဖြင့်တော့ အိမ်ရှေ့ က ဇီဇ၀ါပင်ကြီးကနေ တပင်လုံးဝေနေအောင်ပွင့်နေတတ်တဲ့ ကျမနှစ်သက်တဲ့ ဇီဇ၀ါနံ့  လေးတွေလည်းသင်းနေတတ်တာပေါ့။
ဟော…. မျှော်လင့်နေမိတုန်းမှာဘဲ လာနေကျ ၀တ်ရည်စုတ်ငှက်လေးက ပန်းရောင်နဲ့  ခရမ်းရောင်ရောယှက်ထားတဲ့ ပန်းပွင့်လေးတွေကို လာလို့  ၀တ်ရည်စုတ်နှုတ်ဆက်နေကြတယ်။ သူလာရင် " ဖျီးးး…..” လို့ သံရှည်လေးတခုကို တချက် နှစ်ချက် အော်တတ်တယ်။ ဒါမှမဟုတ်ရင် “ tic တစ်က်” ဆိုပြီး သူ့ အမြီးကိုတစ်မျိုးရိုက်ပြီး အသံထွက်အောင်ပေးတတ်တယ်။ အဲဒီအသံလေးကို ကြားလိုက်ပြီဆိုရင် ကျမလည်း လှည့်ပတ်ပြီး မျက်လုံးကရှာဖွေမိတာ အကျင့်ဖြစ်နေတယ်လေ။ ဒီတခါတော့ သူလေးက ကျမထိုင်နေ တဲ့ပြူတင်းဘေးက နှစ်ပွင့်ဆင့်နေတဲ့ပန်းလေးတွေစီ တဲ့တဲ့မတ်မတ်လာပြီး သူ့ ရဲ့  တောင်ပံလေး နှစ်ခုကို စဉ်ဆက်မပြတ် ပျားပုတုန်းတစ်ကောင်လို ခပ်ထားပြီး ပန်းပွင့်လေးတွေထဲက ၀တ်ရည်ကို မိုးရေစက်တွေကြားမှာ နှစ်ခြိုက်စွာနဲ့ စုတ်ယူနေလေရဲ့ ။ သူနှစ်ခြိုက်မှာ သေချာပါတယ်လေ။ ဒီပန်းလေးတွေ ပွင့်တိုင်း သူတို့ နေ့ တိုင်းလာပြီး ၀တ်ရည်စုတ်ကြတယ်လေ။ ကျမတို့ ကို ပြူတင်းမှန်တွေ သံစကာတွေသာမခြားထားရင်လက်နဲ့ လှမ်းပြီး ကိုင်ရင်တောင်ထိနိုင်တယ်။ ကျမစိတ်ဟာအလွန်ဘဲဝမ်းသာကျေနပ်နှစ်သက်သလိုဖြစ်ပြီး ကော်ဖီခွက်ကို အသာချလို့ သူ့  ကိုဘဲ ကြည်နူးစွာကြည့်နေမိတော့တယ်။
ဒါပေမဲ့ကြည့်နေရင်းနဲ့ ကျမရဲ့ စိတ်အတွေး က ကျမမက်မက်မောမော ကြည့်ခဲ့ မြင်ခဲ့ဘူးတဲ့ ကျမရဲ့ မြန်မာပြည်ကငှက်လေးတွေစီ ရောက်သွားပြန်တယ်။ ဒီလိုမိုးတွေ ရွာနေရင် အိမ်ရှေ့  ကသစ်ပင်တို့ ၊ အုတ်ရေကန်ဘောင်လေးတို့ ၊ ဓါတ်ကြိုးတန်းတို့ ပေါ်မှာ ဗွတ်ကလုံငှက်လေးတွေ၊ တေးဆိုပြီးလာနားချင်နားမယ်။ ဒါမှမဟုတ် ဗွတ်ဖင်နီ ငှက်ကလေးတွေ၊ ဒါမှမဟုတ်ရင်တော့ တစ်တစ် တစ်တစ်နဲ့  ၀ါးရုံတွေကြားမှာ ဆင်းလိုက်တက်လိုက် လုပ်ပြီး အော်နေတတ်တဲ့ နှံပြီစုတ်ငှက် သံလေးကိုကြားနေ ရလိမ့်မယ်။ တောင်ငုံးငှက်တစ်မျိုးလာတတ်တဲ့မိုးတချိန်ဆိုရင်တော့ သူ ကအိမ်ရှေ့ ကိုဘယ်တော့မှ မလာဘူး။ အိမ်နောက်ဘက်က သစ်ပင်တွေအောက်မှာ တရစပ်အော်ရင်း မြေပေါ်ကရွက်ကြွေတွေကြားကို ဖွပြီးတွေ့ တဲ့ အစာစားလိုက် သူ့  အဖေါ်ကို အသံပေးပြီး ခြုံပင်လို အနိမ့်ပင်ရဲ့ ကိုင်းတွေပေါ်တစ်ခါတစ်ရံခုန်တက်လိုက်လုပ်ရင်း မိုးထဲမှာပျော်နေတာတွေ ကြားရမြင်ရမှာပေါ့။
ငှက်ကလေးတွေကိုတွေးနေရာကရုတ်တရက်သူ့  စီစိတ်ကရောက်သွားပြန်တယ်။သူလည်းမိုးတွေရွာတာကို ထိုင်ကြည့်ရတာသဘောကျတတ်တာကို အနားမှာသူရှိနေလျက်နဲ့  သတိရမိသွားတယ်။
သူထလာတော့ ကျမရဲ့ အတွေးတွေရပ်ပြီး ကော်ဖီဖျော်နေတဲ့သူ့ ကို မြန်မာပြည်ကမိုးရာသီကိုလွမ်းမိတဲ့
အကြောင်း ဆက်ပြောမိပြန်တယ်။ မိုးရနံ့ နဲ့  မိုးတွေကြားထဲက အသံတွေ ကိုလွမ်းမိတဲ့အကြောင်း ဒီလိုမိုးတွေရွာနေရင် ဘယ်လိုငှက်လေးတွေ လာတတ်တဲ့ အကြောင်းနဲ့ အဲလိုငှက်တွေရဲ့  အသံကိုဒီမှာမကြားရကြောင်းတွေ တမ်းတမ်းတတပြောမိတယ်။
ပြီးတော့ငယ်ဘ၀တုန်းက မိုးရာသီနေ့ တွေကို ဆက်လွမ်းသွားမိပြန်တယ်။ ငယ်ငယ်တုန်းက မိုးတွေရွာရင် သရက်သိးတွေ တဒုန်းဒုန်း နဲ့ ကြွေတာ၊ ပိန္နဲသီးမှည့်တွေကြွေပြီး အပင်အောက်မှာ ကွဲပြဲပြိး ပြုတ်ကျတာတွေ အဲဒီအကြွေတွေက ရတဲ့သရက်သီးနံ့ တွေ ပိန္နဲသီးနံ့ တွေတခြံလုံးမှာ မွှေးနေတာတွေ ဆက်ပြောနေမိတယ်။ မိုးတိတ်သွားရင် သရက်သီးတွေ ပိန္နဲသီးတွေစားကြရတယ်။ ပြီးတော့ နေ့  ခင်းဘက် မိုးတွေရွာရင်တစ်အိမ်လုံးမီးတွေ ဖွင့်ထားပြီးလင်းနေတာကို သိပ်သဘောကျခဲ့ ပျော်ခဲ့သေးတယ်။ မိုးရေချိုးပြီး ရေချိုးခန်းထဲကရေကိုပြန်ချိုးလိုက်ရင် နွေးသွားတာကို ခံစားရတဲ့ ခံစားမှုကအစပြန်သတိရမိတယ်။ မိုးရေချိုး၊ ရေချိုးပြီးတော့အနွေးထည်လေးဝတ် စောင်လေးခြုံပြီးအိပ်ယာထဲမှာ ကွေးနေရတာကို လည်းကြိုက်တာဘဲ။ သူကဖြတ်ပြောလာသေးတယ်။ သူကတော့မိုးရွာရင် မိုးရေထဲမှာ ဘော်လုံးကန်ရတာအကြိုက်ဆုံးဘဲတဲ့။ ဘော်လုံးကန်ပြီးပြန်လာရင်ဇလုံထဲထမင်းတွေထဲ့ပြီး အပြတ်စားတာဘဲတဲ့။
ဒီလိုအတွေးနယ်မချဲ့ ဖြစ်တာလည်းကြာပြီဆိုတော့ သည်မိုးတမနက်လေးကနေပြန်လည်ရရှိခဲ့တဲ့ဆွတ်ပျံ့ ကြည်နူးဘွယ်ရာမိုးမြင်ကွင်း မိုးအသံ မိုးရနံ့ တွေကိုကျမရဲ့ စိတ်အာရုဏ်ကသယ်ဆောင်လာခဲ့လို့  သည်မိုးတမနက်လေးကိုကျေးဇူးတင်မိသွားပါတယ်။ ပြီးတော့သူနဲ့  ငယ်ဘ၀ကမိုးရာသီအကြောင်းတွေဆက်ပြောဖြစ်သွားတာလည်း ကြည်နူးစရာကောင်းပါတယ်။ နှစ်ယောက်သားကော်ဖီသောက်ရင်းတယောက်တလှဲ့  ပြောနေကြတာလည်းပျော်စရာပါ။ တကယ်ကိုဆွတ်ပျံ့ ကြည်နူးလိုက်ရတဲ့မိုးနံနက်ခင်းလေးပါ။
တကယ်တော့ဒါတွေဟာအတိတ်မှာကျန်နေခဲ့ပါပြီ။ ကျမနဲ့ မဆိုင်တော့တာမဟုတ်ပေမဲ့ ကျမကအခုပစ္စုပ္ဗန်မှာပါ။ ကျမရဲ့  စိတ်အာရုဏ်တွေဘယ်ရောက်သွားတယ်ဆိုတာလေးကိုတော့သတိချပ်လိုက်မိလို့  ပထမစိတ်လေးကိုဒုတိယစိတ်လေးနဲ့  အမိအရကြည့်လိုက်နိုင်လေသလားလို့ တွေးလိုက်မိပါသေးတယ်။ ဒါပေမဲ့အတော်ကြာကြာ်တော့သတိမရှိဘဲတွေးချင်ရာတွေး ဆွေးချင်ရာဆွေးနေခဲ့တာပါ။
မိုးတမနက်ရဲ့ ခံစားမှုလေးကို ချရေးချင်တာနဲ့ ရေးလိုက်ပါတယ်။
မှတ်မှတ်ရရ ဒီနှစ်ချစ်သူများနေ့ ရဲ့  ညဘက်မှာလည်းမိုးတွေမမျှော်လင့်ဘဲရွာလာပြန်တော့အပေါ်ကစာလေးကိုသတိရပြီးပြန်ဖတ်မိပါတယ်။ သူနဲ့ ကျမကြိုက်တာလေးတွေပါနေတော့ဒီစာလေးကို ချစ်သူများနေ့  အမှတ်တရတင်လိုက်ပါတယ်ရှင်။
သူနဲ့ ခွဲနေခဲ့ရဘူးကတည်းကကျမဘေးမှာသူရှိနေခဲ့တာနဲ့ တင်ကျမကျေနပ်နေတတ်ပါပြီ။ ဘယ်သူအရင်လောကထဲကထွက်ခွာသွားရမယ်ဆိုတာမသိနိုင်တဲ့ဘ၀မှာနှစ်ယောက်အတူရှိ နေရတာနဲ့ တင်ဘဲကံကိုကျေးဇူးတင်လှပါပြီ။
ချစ်သူများအားလုံးစိတ်ချမ်းမြေ့ကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ