Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, May 10, 2015
ခင်ဆိုတဲ့ ကိုယ့်အမေ
ခင်ဆိုတာ အမေက သူ့ ကိုယ်သူ သုံးတဲ့ နာမ်စားပေါ့။
အမေ့သူငယ်ချင်းတွေ ကဆိုဒ်စုံဆိုတော့ အမေ့ကိုခေါ် ကြတာကလည်းမျိုးစုံ။
ရွယ်တူတွေက ခင်၊ ငယ်သူတွေ က မမခင်၊ တော်တော်ငယ်သူတွေက အန်တီခင်၊
ဒက်ဒီကလည်း ခင် ပါဘဲ။ ဒက်ဒီ့ကို အမေခေါ်တာ တော့ ဒက်ဒီ့အကြောင်းရေးမှ ထဲ့ရေးမယ်လေ။
အမေ့အကြောင်း ပြောရမယ်ဆိုရင် ကို်ယ်တစ်ထောင့်တစ်ည တိုင်အောင်မရပ်မနားပြောနိုင်တယ်။
အမေက ကိုယ်နဲ့ တူတယ်လို့ လူတွေက ပြောကြပေမဲ့ ကိုယ်ကမလှဘူး။ အမေက လှတယ်။
အမေက ဖက်ရှင်လည်းကျတယ်။ အမေကြိုက်တဲ့ အရောင်တွေက ကိုယ်ကြိုက်တဲ့ အရောင်တွေနဲ့ နီးစပ်တယ်။ အမေက ကြားရောင်တွေ ဖြစ်တဲ့ မီးခိုးတို့ မရမ်းနုတို့ ဗေဒါရောင်တို့ နံ့ သာရောင်တို့ လိုမျိုးတွေကို  နှစ်သက်တယ်။ ကိုယ်လည်း အဲလို ကြားရောင်တွေ ကိုနှစ်သက်တယ်။
အမေ က လည်ပင်းမှာ စကပ်ဖ် ချည်ရတာ နှစ်သက်တယ်။ ရန်ကုန်မှာ တော့ နောက်ပိုင်း ရာသီကပူလာတော့ အမေလည်း အဲဒီဖက်ရှင် မလုပ်နိုင်တော့ပါဘူး။
အမေက နှုတ်ခမ်းနီဆိုးရတာ သိပ်နှစ်သက်တယ်။ ကိုယ်ဟာ ငယ်ငယ်က ဘရန်းတွေ ကိုမသိခဲ့ပါဘူး။ ခု ကိုယ်ပြန်စဉ်းစားတော့ အမေ့နှုတ်ခမ်းနီဘူးတွေ ဟာ မက်စ်ဖက်တာ (Max Factor) နဲ့  ရယ်ဗလွန် (Revlon) တွေ ဆိုတာ ပြန်သတိရမိတယ်။ အမေ က တော်တော်ခေတ်မှီခဲ့တာ ငါမသိခဲ့ပါလားလို့ တွေးမိတယ်။
အမေဟာ သိပ်အလုပ်လုပ်တယ်။
အိမ်ထောင်ရှင်မပီသစွာ ချက်ရေးပြုတ်ရေးတွေ ကို ကောင်းကောင်းမွန်မွန် စီမံချက်ပြုတ် နိုင်ခဲ့သလို တစ်ဖက်တစ်လမ်း က ရတနာ လေးတွေ လည်း ရောင်းတတ်သေးတယ်။ ကိုယ်မှတ်မိတာတွေ ကိုယ်ပြန်ချရေးကြည့်နေတာပါ။ အမေတို့ ခေတ်က ဘ၀စတိုင်ပေါ့။
အမေချက်တဲ့ဟင်း ဟာ ကိုယ်တို့ အတွက် အကောင်းဆုံးဟင်းတွေ ဖြစ်တယ်။
ကို်ယ်ဟာ ဒီလို နဲ့ အစားအသောက် ချေးများသူ လား အကောင်းကြိုက်သူလား ဇီဇာကြောင်သူလား ဖြစ်မှန်းမသိ ဖြစ်ခဲ့တယ်။ ကိုယ် ဟင်းချက်တော့ အမေက ဒီလိုမှ ကြိုက်တာ။ အမေက ဒီအချိန်မှ ချတာ။ ဒီအချိန်မှ ထဲ့တာ စသဖြင့် တွေးတွေး ပြီး အမေ့လို လိုက်ချက်တယ် ခုချိန်ထိ။ အမေက ဟင်းချက်ကောင်းရုံတင်မဟုတ်ဘူး။ ဟင်းစပ်လည်း ကောင်းတယ်။ ကိုယ်တို့ အိမ်က ထမင်းဝိုင်း ဟာ အမြဲတမ်း လိုက်ဖက်တဲ့ အရည်ဟင်း အသားဟင်း အရွက်သုတ် သို့ မဟုတ် အကြော် အချက် ငပိရည် သို့ မဟုတ် ငပိချက် သို့ မဟုတ်  ငံပြာရည်ချက်နဲ့ တို့ စရာ သို့ မဟုတ် အစပ်ထောင်းတစ်ခုခု  နဲ့ အမြဲစိုပြေနေခဲ့တယ်။ အစားမညီတဲ့ သားသမီးတွေ အတွက် တစ်ဦးချင်း အတွက် လုပ်ပေးတယ်။
အမေက အင်္ဂလိပ်ရုပ်ရှင်လည်း သိပ်ကြိုက်တယ်။ ဒက်ဒီနဲ့ အမေ က ညဖက်ရှိုးတွေသွားကြည့်တာများတယ်။ အမေ့ကို ဒက်ဒီက အကုန် ဘာသာပြန်ပေးတာလေ။
ရုပ်ရှင်ပြီးတော့ အဲတုန်းက ရန်ကုန်မှာ လေဟာပြင်ဈေးရှိတယ်လေ။ လေဟာပြင်ဈေးက နေ ဖာလူဒါ နဲ့ ခေါက်ဆွဲကြော် တို့ ဝက်သားလိပ်ကြော်တို့ ဝယ်လာပြီး သားသမီးတွေ ကို နှိုးကြွေးတတ်ကြတယ်။ ကိုယ်ဟာ အချိုသိပ်မနှစ်သက်ပေမဲ့ အဲဒီငယ်ဘ၀ ကြောင့်လားမသိ၊ ဖာလူဒါသိပ်ကြိုက်တယ်။ ဒါပေမဲ့ သိပ်ကောင်းတဲ့ ဖာလူဒါ တွေစားခဲ့ရတော့ မကောင်းလို့ ကတော့ နည်းနည်းမှ ဆက်မစားဘူး။
အမေဟာ အသန့် သိပ်ကြိုက်တယ်။
ဆေးရုံဆေးခန်း ဘူတာ လိုမျိုးနေရာတွေ သွားရတဲ့အကြောင်းတွေ ရှိလို့ သွားရရင် လှေခါးလက်ရမ်းတို့ ဘေးကနံရံတို့ ကို ဘယ်တော့မှ လက်နဲ့ မကိုင်ဘူး။ ကိုယ်တို့ ကိုင်ရင်လည်း တားမြစ်တယ်။ လူပေါင်းမြောက်များစွာ ကိုင်ထားတဲ့ အရာတွေမို့ လို့ တဲ့။ ကိုယ့်မှာ ခုထိ အဲဒီအကျင့်စွဲသွားတယ်။ ကိုယ် လူအများထိကိုင်ထားတဲ့ အရာတွေ တတ်နိုင်သမျှ မထိမိအောင် ကြိုးစားတယ်။ မရှောင်နိုင်ခဲ့ရင် အခွင့်ရတာနဲ့ လက်ဆေးတော့တာဘဲ။
အမေ အလှကြိုက်တာ သပ်ယပ်တာကြိုက်တာ လည်းကိုယ်ဘယ်တော့မှ မမေ့ဘူး။ ကိုယ်ဟာအလှကြိုက်ပေမဲ့ သပ်ယပ်တာကြိုက်ပေမဲ့ တစ်ခါတစ်ခါ ကိုယ်စိတ်မပါရင် ကို်ယ့်ပစ္စည်းတွေဟာ ရှုပ်ပွနေတတ်တယ်။ မသိမ်းမချင်း။ သူများသိမ်းလိုက်ရင်လည်း ကိုယ်မကြိုက်ဘူး။ အရှုပ်ထဲမှာ ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိနေတတ်တယ်ဆိုတာ ကိုယ်သိတယ်။ ရှုပ်တာချင်းတူတူ ရှုပ်ပုံပြောင်းသွားရင် ကိုယ်သဘောမကျဘူး။ ဆိုးတဲ့ကိုယ်။ အမေ က အ၀တ်လှန်းရင်လည်း အဖြူဆို အဖြူတွေချည့် သပ်သပ်လှန်းမှ ကြိုက်တယ်။ လက်ရှည်ဆို လက်ရှည်တွေချည့် ကပ်လျက်လှန်းမှ ကြိုက်တယ်။ လက်ရှည် လက်တိုတွေ ရောထွေးနေရင် မကြိုက်ဘူး။ နော်က်ပိုင်း တီရှပ်တွေ ပေါ်လာတော့ တီရှပ်ဆို တီရှပ်သပ်သပ် အရင်တုန်း ကတော့ စွပ်ကျယ်တွေ သပ်သပ်ပေါ့။ ဘောက်ချိတ်နဲ့ လှန်းတဲ့အခါ ကျောဖက် ရှေ့ ဖက် တစ်ညီတည်းလှန်းမှ ကြိုက်တယ်။ ကျောဖက်တစ်လှည့် ရှေ့ ဖက်တစ်လှည့် မညီမညာ လှန်းတာမကြိုက်ဘူး။ ပုဆိုးတွေလှန်းရင် ပုဆိုးတွေချည့် ကပ်လျက်မှ ကြိုက်တယ်။ လက်သုတ်ပုဝါ လက်နှီးလိုမျိုး အင်္ကျီတွေကြားထဲ လာလှန်းရင် ပိုဆူခံရမယ်မှတ်။
အမေက စကားပြောရင် "  ပါ  " ထဲ့ပြောမှ သဘောကျတယ်။ ဟုတ်ကဲ့ပါ။ သွားပါအုန်းမယ်။ စသဖြင့်ပေါ့။ ရှင့် လို့ တော့ ထဲ့မပြောခိုင်း ဘူး။ မန်းသူ ဖြစ်ပြီးတော့။ ကို်ယ့်အမ က ဟုတ်ကဲ့ရှင့် လို့ ပြောရင် ပြင်ပြောခိုင်းတယ်။ ဟုတ်ကဲ့ပါ လို့ ။
အမေက ခေါင်းအုံးစွတ် အိပ်ယာခင်းဆို အဖြူမှ ကြိုက်တယ်။ ဒါမှ ပိုးကောင်မွှားကောင် မြင်နိုင်တာတဲ့။
မျက်နှာလိမ်းရင် ရှင်မတောင် သနားခါးမှ။ လက်ဆို နံ့ သာဖြူမှ။ ကရမက် မကြိုက်ဘူး အဖွားကြီးနံ့ နဲ့ တူလို့ တဲ့။ နံ့ သာဖြူကုန်နေရင် တောင်တံကတိုး တောင်တံကြီးလိမ်းတယ်။ ပေါင်ဒါဆို Yardley ကြိုက်တယ်။ အမြဲ အဲဒါပဲ သုံးတယ်။ ရေမွှေးကြိုက်တယ်။ Channel 5 ဘူးသေးသေးလေးတွ မြင်တိုင်း 4711 Au De Cologne ဘူးသေးသေးလေးတွေ မြင်တိုင်း အမေ့ကို အရမ်းလွမ်းတယ်။ အမေမူးရင် အဲဒီ 4711 အော်ဒီကလုန်းလေး ထုတ်ထုတ် ရှူတာဘဲ။ လူအများထဲ ရောနှောရောက်နေ ရင်လည်း အဲဒါလေးထုတ်ထုတ် ရှူတတ်တယ်။
ကန်စွန်းရွက်သင်ရင်  အရိုးလေးတွေသပ်သပ် အရွက်လေးတွေ သပ်သပ်သင်တယ်။ အရိုးကို ခွဲမှ ကြိုက်တယ်။ အထဲမှာ ပက်ကျိသေးသေးလေးတို့ တီကောင်တို့ ပါနေတတ်တယ် တဲ့။ ကိုယ်က တော့ မခွဲဘူး။ ထုမှ ကြိုက်တယ်။ ဒီတစ်ခုတော့ ကို်ယ်အမေနဲ့ မတူပါလား။ အမေကထမင်းပျော့နေရင် မကြိုက်ဘူး။ ထမင်းကို စင်းကော့နေမှ ကြိုက်တယ်။
အမေက စေတနာ အရမ်းကောင်းတယ်။
အိမ်လာတဲ့သူမှန်သမျှ ထမင်းကျွေးတာဘဲ။ ဧည့်သည်အတွက်ဆို ပြီး ထမင်းကလည်း အမြဲပိုချက်ထားတတ်တယ်။ ဘယ်ကဘယ်သူလာမယ်ဆိုတာလည်း မသိပဲနဲ့ ။
အမေ က သူ့ ပစ္စည်းကျရင် တော့ အမေ့ကောက်လို့ မရဘူး။ ငှားရင် ချေးရင် ပြန်ပေးမှ ကြိုက်တယ်။
အမေက သတ္တိလည်း ရှိတယ်။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ပြောတယ်။ မြုံစိမြုံစိသမား သိပ်မုန်းတယ်။
အမေ က အပင်စိုက်တာ လည်းဝါသနာပါတယ်။
ကိုယ် ငယ်ငယ်လေးတုန်း က ရှမ်းပြည်မှာ။ တစ်ခြံလုံး ပန်းပင်တွေ စားပင်တွေချည့်ပဲ။ ကိုယ် ရေးရေး ပဲမှတ်မိတယ်။ တကယ်မှတ်မိနေတာ တွေက ဓါတ်ပုံတွေထဲက ပန်းပင်တွေ။ မျက်နှာလောက်ကြီးတဲ့ နှင်းဆီပန်းကြီးနဲ့ အမေ့ဓါတ်ပုံ ကိုမှတ်မိနေသေးတယ်။ ရှက်စရာဘဲ အခုတော့ အဲဒီပုံ မရှိတော့ပါဘူး။ အမေ့ လက်ထဲမှာ ကတည်းက ပျက်သွားတာပါ။ ခြကိုက်တဲ့ထဲပါသွားတာ။
ရန်ကုန်မှာကျတော့ နှင်းဆီတွေစိုက်တယ်။ ကိုယ်တို့ ငယ်ငယ်ကပေါ့။ ညဖက်ဆို ဖယောင်းတိုင်ထွန်းပြီး ပိုးကောင်လေးတွေနဲ့ ခရုတွေ လိုက်ဖမ်းရတယ်။ မနက်အိပ်ယာထရင် ရတဲ့ပန်းနံ့ လေးတွေကို သိပ်သဘောကျတယ်တဲ့။ နောက်ပိုင်း အသက်ကြီးလာတော့ ပိန်းပန်းပင် နဲ့ သစ်ခွလေးတွေ စိုက်တယ်။ ကိုယ် ကွင်းဆင်းပြီးပြန်လာရင် အမေ့အတွက် သစ်ခွ လေးတွေ စု ၀ယ် ပြီး ပြန်လာတာဘဲ။ အပင်တစ်ပင်ချင်းစီ ကို မနက်တိုင်း သေသေချာချာကြည့်ပြီး အဖူးတံ အရွက်တံ အသစ်ထွက်တာတွေကို ကိုယ့်ကို ပြောပြတတ်တယ်။
အမေက ကော်ဖီနဲ့ လက်ဖက်ရည်သိပ်ကြိုက်တယ်။
အမေတို့ ခပ်ငယ်ငယ်က အင်္ဂလိပ်တွေ နဲ့ ဒက်ဒီက အလုပ်လုပ်ရတာဆိုတော့ အဲဒါမျိုးတွေပေါတယ်လေ။
အချိုပေါ့မှ ကြိုက်တယ်။
အမေ က ကောက်ညင်းပေါင်းဆို အဖြူမှကြိုက်တယ်။ ခေါပုတ် သိပ်ကြိုက်တယ်။
မုန့် ဟင်းခါးထက် အုန်းနို့ ခေါက်ဆွဲပို ကြိုက်တယ်။
ကုလားစာထက် တရုပ်စာပို ကြိုက်တယ်။
အမေ က စည်းကမ်းကြီးတယ်။
ကိုယ်တို့ ငယ်ငယ် က သူငယ်ချင်းတွေနဲ့ ညဖက် အပြင်ထွက်လည်ချင်တာမျိုးတို့ ဟိုသွားဒီသွားသွားချင်တာမျိုးတို့  ခွင့်မပြုဘူး။
ကို်ယ်တို့ ကိုပြောထားတယ်။ ကိုယ့်ကိစ္စ ကိုယ်တစ်ခါတည်း ဖြတ်ထားတဲ့။ အိမ်လာပြောခိုင်းရင် မျက်နှာပျက်မယ်နော်တဲ့။ ဒါကြောင့် ကိုယ်တို့ က ဗိုင်းကောင်းကျောက်ဖိ ကြီးခဲ့ရတာ။ ခုခေတ်နဲ့ တစ်ခြားစီ။
အမေက ခရီးသွားရတာ ၀ါသနာပါတယ်။
ကိုယ်လည်း အဲဒီဝါသနာ အမေ့စီက ရတာဖြစ်ရမယ်။
ကိုယ်တို့ ငယ်ငယ်က နွေကျောင်းပိတ်တိုင်းလိုလို မန္တလေး မေမြို့ သွားလည်ကြတယ်။
အမေကလက်သည်းဆို တိနေမှ ကြိုက်တယ်။
အမေက လက်သည်းကို ဘလိတ်ဒါး နဲ့ ညီနေအောင် လှီးပြီးဖြတ်တာ။ ကိုယ်တို့ ကို သာ လက်သည်းညှပ်နဲ့ ညှပ်ပေးတာ။ လက်သည်းရှည်နေရင် သိပ်ရှက်တယ်တဲ့။
အမေ က သဘောကောင်းသလောက် စိတ်ကြီးတယ်။
စိတ်မှတ်ကြီးတယ်။
ကိုယ်ဟာ အမေ့အရည်အချင်းတွေကို မမှီဘူး။
အမေ့ ကျေးဇူးတွေ ကိုတော့ တစ်နေ့ မှ မမေ့သလောက်ပဲ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
၂၀၁၅ အမေများနေ့ မှာ မှတ်မှတ်ရရ။
အမေရှိနေသေးသူများ အမေ့ကို စိတ်ချမ်းသာအောင်စောင့်ရှောက်ပြုစု နိုင်ကြပါစေလို့ ....
အိုင်အိုရာ
13 comments:
  1. မမအိုင်အိုရာ အမေဆီက သင်ယူစရာတွေ အများကြီးပဲ...Happy Mother Day !
    ReplyDelete
    Replies
    1. Happy Mother Day San Htun Lay!!!
      ဟုတ်လား။ ဘာတွေလဲ စန်းထွန်းလေး။
      ကိုယ်တို့ တူတူသင်ကြတာပေါ့။
      မမအိုင်အိုရာ
      Delete
  2. မမအိုင်အိုရာရဲ့ အမေက စူးနွယ်မေမေနဲ့ တချို့အချက်တွေတူတယ်။ လှတာ၊ ဖက်ရှင်ကျတာ၊ ကြားရောင်လေးတွေ ကြိုက်တာ၊ ဟင်းချက်ကောင်း၊ ဟင်းစပ်ကောင်း၊ အရမ်းအလုပ်လုပ်၊ အိမ်ထောင်ထိန်းသိမ်းရင်း ရတနာလေးတွေ ရောင်း၊ သစ်ခွကြိုက်၊ နှုတ်ခမ်းနီကြိုက် (လက်သည်းနီလည်းကြိုက်တယ်)
    အမေတွေမှာ တူတာလေးတွေတော့ ရှိနေကြတာပဲနော်.. :)
    ReplyDelete
  3. စူးနွယ်လေး..
    အဲဒါကြောင့်များလားမသိဘူးနော် ကိုယ်နဲ့ စူးနွယ်နဲ့ လည်း ဟင်းတွေကြိုက်တာတူကြတယ်နော်။
    အမေတွေက ဟင်းချက်ကောင်းလို့ လေ။
    အိုင်အိုရာ
    ReplyDelete
  4. ဖတ်ပြီးတာကတော့ နှစ်ရက်သုံးရက်ရှိပြီ အခုမှအေးအေးဆေးဆေးလာမန့်တာ။အစ်မအမေအကြောင်းကိုဖတ်ပြီး
    ရိုးရိုးအေးအေးနေတဲ့အမေ့ကိုလွမ်းလိုက်တာ။ကျနော့်အမေကတော့ခေတ်မမှီဘူးရယ်...တောမှာပဲနေပြီးသားသမီး
    တွေကိုလုပ်ကိုင်ကျွေးနေရတော့သနပ်ခါးဆိုရွာထွက်သနပ်ခါးတုံးပဲလိမ်းတာ။ပွဲလမ်းသဘင်ရှိရင်တော့ရေစိုမိတ်ကပ်
    ဆိုလားမသိဘူးအညိုရောင်ဘူးပြားအ၀ိုင်းလေးထဲကမိတ်ကပ်ကိုတို့ဖတ်လို့ရွာမှာခေါ်ကြတဲ့ဖော့ပြားအ၀ိုင်းလေးနဲ့
    ရေဆွတ်သနပ်ခါးမလိမ်းခင်အောက်ခံပါးပါးပွတ်ပြီးအပေါ်ကသနပ်ခါးထပ်လိမ်းတာမြင်ဖူးတယ်။ကျနော်ဘွဲ့ယူတုန်း
    ကလည်းရွာကနေအဖေနဲ့အမေလာကြတာအမေကသူ့ရှိတဲ့အင်္ကျီလုံချည်အသစ်လေးတွေလွယ်အိတ်လေးနဲ့ထည့်
    လို့သူ့ညီမတွေသူငယ်ချင်းတွေကထည့်ပေးလိုက်တဲ့ဆွဲကြိုးနဲ့လက်ကောက်လက်စွပ်တွေပါတဲ့ဗူးလေးလည်းပါတယ်။
    ဘွဲ့ယူမည့်နေကျတော့မှသစ်ခွပန်းစိုက်တဲ့အိမ်ကိုညီအစ်ကိုနှစ်ယောက်သွားပြီးအမေ့အတွက်သစ်ခွပန်းတစ်ခိုင်ဝယ်
    ပေးလို့သစ်ခွပန်းလေးပန်ရှာတယ်။အမေတွေအကြောင်းကတော့ပြောရရင်အများကြီးပါပဲအစ်မရေ...ကွန်မန့်ရှည်
    သွားရင်ခွင့်လွတ်ပါလို့ :) ခေတ်မှီတာမမှီတာတွေကွာပေမဲ့သားသမီးတွေအပေါ်ထားတဲ့မေတ္တာစေတနာကတော့
    အတူတူပါပဲနော်...အမေအကြောင်းပို့စ်လေးဖတ်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ...ပျော်ရွှင်ပါစေ
    ReplyDelete
  5. ရွှေညာသားလေးရေ..
    အမေအားလုံးကတော့မကုန်ခမ်းနိုင်တဲ့မေတ္တာကိုနည်းမျိုးစုံနဲ့ ကိုယ်တို့ ကိုကျင်လည်ရာနေရာဒေသအလိုက်ပေးကြတာအတူတူပါဘဲနော်။
    ရွှေညာသားလေးရဲ့ ကွန်မန့် တောင်အရမ်းဖတ်လို့ ကောင်းနေတာ ပို့ စ်တစ်ခုအဖြစ်နဲ့ သာရေးရင်ပိုတောင်ဖတ်လို့ ကောင်းအုန်းမှာ။
    ကွန်မန့် လေးအတွက် ဒို့ ကလည်းကျေးဇူးပါလို့ ..
    အိုင်အိုရာ
    ReplyDelete
  6. အမေများနေ့နဲ့ဆက်နွယ်ပြီ အိုင်အိုရာရဲ့ မေမေ့အကြောင်းအခုမှ ဖတ်ဖြစ်တော့တယ်။ အဲ့ဒီတစ်လောက မျက်လုံးပိုးကောင်ကိုက်ထားလို့ စာကြွေးတွေများသွားတယ်။ ဖတ်ရင်း တီတင့်ရဲ့မေမေ့ကိုသတိယသွားတယ်... တီတင့်တို့မောင်နှမတွေကျပြန်တော့ မာမီနဲ့ဖေဖေလို့ခေါ်ကြတာလေ နောက်မာမီရောက်လာတော့မှ ဒယ်ဒီဖြစ်သွားတာ။
    ReplyDelete
  7. တီတင့်..
    မျက်လုံးသက်သာသွားပြီလား။
    တီတင့် စာတွေဖတ်တုန်းကလည်း အိုင်အိုရာ က အမေနဲ့ ဒက်ဒီကို အရမ်းသတိရတာ။
    အိုင်အိုရာ
    ReplyDelete
  8. မရေ...
    တချိန်လုံးခရီးထွက်နေတော့၊
    ဘာစာမှမဖတ်ဖြစ်ဘူး...
    အခုမှဖတ်ပြီးအမေ့ကိုပြန်လွှမ်းနေမိသေးတယ်...
    စည်းကမ်းကြီးတဲ့နေရာမှာတော့
    အမေ့ကိုမှီတဲ့သူမရှိသေးဘူး...
    ဒါနဲ့..
    ရှမ်းပြည်ဘယ်နေရာမှာနေခဲ့ဖူးတာလဲဟင်!!
    မရဲ့အမေကစာဖတ်ပြီးလှပကျော့ရှင်းနေမယ်လို့ခန့်မှန်းရပါတယ်...
    ReplyDelete
    Replies
    1. မီးမီး..
      ပြန်ရောက်ပြီလား။
      ကလောမှာ။
      အမေငယ်ငယ်ကအရမ်းလှတယ်။
      အသက်ကြီးတော့ဝသွားတယ်။
      ဒါပေမဲ့ နှုတ်ခမ်းနီ ရေမွှေးဘာညာ သုံးတုန်းဘဲ ဆုံးတဲ့ထိ။
      အိုင်အိုရာ
      Delete
    2. ကလောဆိုလို့...
      ရန်ကုန်မှာကလောကမိသားစုအိမ်တအိမ်ကိုရောက်ခဲ့သေးတယ်
      သူငယ်ချင်းခေါ်သွားလို့ပါ
      ပြောဆိုကြတော့လည်း
      အကို့သူငယ်ချင်းဖြစ်နေတာ
      သူတို့အိမ်ကထမင်းချက်ကျွေးတာ
      ရှယ်ဘဲ...ရတနာဆိုင်ဖွင့်ထားတယ်
      မအိုင်အိုရာသိချင်သိမှာ..
      Delete
  9. ဂျက်မေမေနဲ့တူတာတွေရှိနေလို့မေမေ့ကိုလွမ်းသွားတယ်
    ReplyDelete
  10. ဂျက်..
    စာတွေကဗျာတွေ မရေးတော့တာလား။
    အသစ်ပြောင်းထားလို့ ကိုယ်မသိတော့တာလား။
    အမေတွေကတော့ အမြဲလွမ်းနေရတာပါဘဲနော်။
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။