အားရက်မို့ ငါးပိကြော်လည်းကြော်လိုက်ပါတယ်။ ကြော်နေရင်းနဲ့ ငါးခြောက်ကြော်လည်းစားချင်တော့ ကြော်နေတဲ့ထဲကို
အာပြဲခြောက်ဖုတ်တွေပါဖဲ့ထဲ့လိုက်ပါတယ်။ အာပြဲခြောက်လည်း ခုကောင်းကောင်းစားဖြစ်သွားပြီ။ ငတ်လို့ လေ။ ငါးပိကြော်ကတော့ ပျင်းလို့ ကြက်သွန်ဖြူပဲကြော်တယ်။ အနီကို ရယ်ဒီမိတ်ကိုခဏလေးပြန်ကြော်ပြီးဆယ်ထားလိုက်တယ်။ မဟုတ်ရင်လည်းဆီကမမွှေးဘူးလေ။ ဖြူ နီကြော်ပြီးတော့ ဆယ်ပြီးတော့ လက်ကျန်ဆီထဲကို ပုဇွန်ခြောက်မှုန့် ထဲ့၊ ငပိနဲနဲလေးထဲ့၊ ဆီနဲသွားရင်နဲနဲထပ်ထဲ့ ပုဇွန်ခြောက်တအားမခြောက်ခင်မှာ ငရုတ်သီးဖတ်လတ်တွေ ထဲ့။ မှန်မှန်မွှေပေး။ မီး မပြင်းနဲ့ လျှော့ထား။ ငရုတ်သီးကြွတ်ပြီးမွှေးလာတဲ့အချိန် ပုဇွန်ခြောက်လည်း ကြွတ် ကွက်တိချ။ အအေးခံထား။ အေးတော့ဖယ်ထားတဲ့ ဖြူနီကြော်ထဲ့မွှေ။ လေလုံတဲ့ပုလင်းထဲထဲ့။ ကြိုက်တဲ့အချိန်ထုတ်စား။ အဲဒါ ...အိုင်အိုရာ လုပ်နေကျ။း) အိမ်ဦးနတ်က ဒါမျိုးဆိုသိပ်ကြိုက်။
မြေပဲလတ်လတ်ဆတ်ဆတ်တွေတွေ့ လို့ ဝယ်လာပြီးပြုတ်စားတယ်။ ဆားထဲ့ ရေမြေပဲမမြုတ်အောင်ထဲ့။ ပေါင်းအိုးနဲ့ ၁၀ မိနစ်ပေါင်း။ ဒန်း။ |
အင်တာနက်လည်ရင်းစား။ |
သူကငါးသမားမဟုတ်တော့ သူ့ အတွက်က ၀က်သားလုံးကို အာလူးနဲ့ မဆလာနဲ့ ချက်ပေးပါတယ်။ |
ရှာဖွေလျှင်တွေ့ ရှိသည်ဆိုတော့ အိုင်အိုရာ ရှာဖွေတွေ့ ရှိထားတာလေးမျှလိုက်ပါအုန်းမယ်။ သိတဲ့အတိုင်းအိုင်အိုရာက မြန်မာထမင်းဟင်းကိုနှစ်သက်တယ်။ ရောက်နေတဲ့နေရာက အဖြူမြို့ ။ ဘိုကြိုက်ဆလတ်တွေ ဘိုစားပဲတွေ ခါဂျက်ဥတွေ ကလွဲရင် တခြားရတတ်တာလေးတွေ က ဂေါ်ဖီထုတ်ဖြူ နီ၊ ပန်းဂေါ်ဖီ (ဈေးကြီးလို့ ဝယ်ကိုမစားဘူး အမြင်ကပ်ပုဒ်မနဲ့ ) မုန်ညင်းစိမ်း၊ ဖြူ၊ (ဈေးလည်းပေါ ကြိုက်လည်းကြိုက်လို့ မှန်မှန်ဝယ်ဖြစ်တာလေးပေါ့။ ကြိုက်သော်ငြားလည်း အမြဲဒါဘဲတော့အိုင်အိုရာကဘယ်စားချင်ပါ့မလဲ။နော့်။)Collared Green နဲ့  Kale။ ဒီနှစ်ခုကိုတော့ စမ်းသပ်စားရာက နေ သဘောကျသွားပါတယ်။ ကိုယ့်နည်းနဲ့ ကိုယ်လေ။ ကော်လာ့ဒ် ဂရင်းကို ရဲယိုရွက် အစားထိုး အနေနဲ့ ငါးနဲ့ ချက်စားတယ်။ ကောင်းတယ်။ ပြုတ်သုပ်စားတာလည်းကောင်းတယ်။ ခုတခါ ကေးလ်ကို စမ်းပြီး ဂွေးထောက်ရွက်တို့ ဂေါ်ရခါးညွန့် တို့ လိုမျိုးကြော်စားတာ။ အလွန့် အလွန်သဘောကျသွားပါတယ်။ ဒီအရွက်ကကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဗက်ဂျီထဲမှာပါတယ်။ ကင်ဆာဖြစ်ခြင်းကိုဟန့် တားနိုင်တဲ့ဓါတ်လည်းပါတယ်တဲ့။ စိတ်ဝင်စားရင် ဒီမှာ http://www.whfoods.com/genpage.php?tname=foodspice&dbid=38 ကြည့်နော်။ ဒီလို (bladder, breast, colon, ovary, and prostate) cancer မျိုးတွေအတွက်အလွန်ကောင်းတယ်တဲ့။ အိုင်အိုရာတော့ဖတ်လိုက်မေ့လိုက်ပါဘဲ။ |
အလယ်ရိုးကမာလို့ ဖယ်ပစ်ပြီးထိပ်နားလေးပဲယူပါတယ်။ |
ကြက်သွန်ဖြူ၊နီ ဆီသတ်ခရမ်းချဉ်သီးတွေများများထဲ့။ အိအောင်ထား။ ခြေ။ လုံးဝမကြေသွားခင်လေးမှာ ခပ်ထူထူလှီးထားတဲ့ မုန်လာတွေထဲ့၊ ဆားထဲ့ ငံပြာရည်ထဲ့။ လုံးထား။ ရေကုန်ရေဆူလေးနဲနဲထဲ့ပြန်အုပ်ထား။ |
ကဲ...ငါးဇာတ်လမ်းပြန်ဆက်လိုက်အုန်းမယ်နော်။ ချက်နည်းတွေက ပုံမှာရေးပေးထားပါတယ်။
မုန်လာဥကရှားရှားပါးပါးအင်ဒီးယန်းဆိုင်သွားတုန်းကရလာတာ။ ကျမနေတဲ့မြို့ လေးကဘိုဆိုင်တွေမှာဆိုအလွန်ဈေးကြီးလို့ ဝယ်မစားဘူး။
မုန်လာချဉ်ရည်ချက်ရင် စားရရင်ငယ်ငယ်ကသူငယ်ချင်းရဲ့ ထမင်းဘူးကိုသိပ်သတိရတယ်။
သူ့ အိမ်ကကျောင်းနဲ့ နီးတော့သူ့ အဖွားကမုန့် စားကျောင်းလွှတ်မှခြင်းတောင်းကြီးနဲ့ သူတို့ ညီအမတွေ
အတွက်လာပို့ ပေးတာ။ ကျောင်းကဂိတ်ပေါက်မှာသူနဲ့ အိုင်အိုရာတို့ သူငယ်ချင်းတွေက သူ့ အဖွားကိုရောယောင်မျှော်ရတာလေ။
သူ့ ရဲ့ မုန်လာချဉ်ရည်ကပူပူနွေးနွေးနဲ့ အရည်လေးဆမ်းစားလို့ ရတော့ အိုင်အိုရာတို့ သူ့ ခွက်ပဲနှိုက်ကြတာပေါ့။ အိုင်အိုရာတို့ ဘူးတွေက ဟင်းအခြောက်တွေချည့်ပဲလေ။ ဘယ်အရည်ပါပါ့မလဲ။ သူကလည်းစားစားဆိုပြီးထဲ့ပေးတယ်။ အရမ်းစေတနာကောင်းတယ်။ အိုင်အိုရာတို့ ကလည်းကိုယ့်ဟင်းတွေသူ့ ထဲအတင်းထဲ့ပြီး အဲဒီမုန်လာချဉ်ရည်ကိုဘဲ မက်မက်မောမောစားခဲ့ကြတာ။ ခုလည်းသူကအဲလိုစေတနာကောင်းတုန်းဘဲ အိုင်အိုရာတို့ သူငယ်ချင်းတွေအပေါ်မှာ။ မုန်လာချဉ်ရည်ဘယ်ချိန်စားစားသူ့ ကိုသတိရတယ်။ အစားစားရင်သတိရဖြစ်တဲ့အထဲမှာသူက မုန်လာချဉ်ရည်အမြဲလိုပါတတ်လို့ ရယ်ကိုယ်တွေကလည်းစားခဲ့ရလို့ ရယ် သူ့ ကိုသတိရမိတယ်။ခုတော့သူက အောင်မြင်တဲ့စီးပွါးရေးသမားကြီးဖြစ်ပြီး တမိသားစုလုံးကိုတာဝန်ယူထားတယ်။ နောက်တစ်ယောက်ကတော့ တက္ကသိုလ်မှာတုန်း က လက်တွေ့  ၀င်ရတဲ့နေ့ တွေတိုင်း ကြာဆံကြော်ပလိန်းယူလာတတ်တဲ့သူငယ်ချင်းပါ။ လက်တွေ့ ဝင်ရတဲ့နေ့ တွေက စောတော့ အိမ်ကနေလည်းဘာမှကောင်းကောင်းမစားဖြစ်ခဲ့ကြ၊ ထမင်းဘူးလည်းမပါကြနဲ့ ။ အဲဒီသူငယ်ချင်းက ဘူးအပြည့်ကြီး ဘာအသားမှမပါပဲ ဂေါ်ဖီတစ်မျိုးတည်းနဲ့ ကြော်ထဲ့လာတာ ၀ိုင်းဝိုင်းစားကြလို့ သူ့ ကိုတော့ကြာ ဆံကြော်စားတိုင်းသတိရတယ်။ သူကတော့ အလယ်တန်းပြဆရာမလေးအနေနဲ့ နောက်ဆုံးတွေ့ ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။
ကိုယ်ကြိုက်သလောက်နူးရင် (အို်င်အိုရာကတအားနူးပျော့မသွားခင်ငါးထဲ့ပါတယ်) နယ်ထားတဲ့ငါးထဲ့။ ဒါကချဉ်ရည်ဟင်းပုံစံမျိုးပေမဲ့အရည်ကျဲမဟုတ်ပဲသောက်ဆမ်း လေးချက်ထားတာပါ။ |
အရည်ဆူတော့မကျည်းရည်ထဲ့၊ အပေါ့အငံမြည်း။ အရည်နဲနဲကျအောင်ဆက်တည်ထား။ အရည်လေးနဲနဲကျသွားရင် နံနံပင်အုပ်။ ချလို့ ရပါပြီ။ စားလို့ အရမ်းကောင်းတာဘဲ။ တကယ်။ |
ကိုရီးယားပဲပုတ်စေ့ချက်မယ်။ ငါးမုန်လာနဲ့ လိုက်အောင်လို့ ။ သူငယ်ချင်း လက်ဆောင်ပေးထားတာပါ။ အစိမ့်မျိုး။ ကောင်းတယ်။ |
ငါးမုန်လာကအစိုမို့ လို့ ဒါကိုခပ်ခြောက်ခြောက်ချက်ပါတယ်။ ကြက်သွန် ဖြူ၊နီ ငရုတ်သီးအကြမ်းဖတ်ဆီသတ်။ နွမ်းတော့ငရုတ်သီးစိမ်းထဲ့။ ဆားပေါ့လို့ ဆားပါးပါးထဲ့ပါတယ်။ ပြီးတော့ပဲပုတ်ထဲ့ မွှေ။ |
ရပြီ။ မြန်မှမြန်။ နံနံပင်လေးအုပ်။ မုန်လာချဉ်ရည်နဲ့ ဆိုတော့မိုက်မှမိုက်။ |
အဲဒီကေးလ် အရွက်ကိုအစိမ်း ပဲပုတ်နဲ့ တို့ စားတာလည်းအရမ်းစားလို့ ကောင်းတာဘဲ။ ငါးမုန်လာဟင်းက အနံ့ ပြင်းလို့ အလုပ်ထဲယူမသွားဘူး။ အိမ်မှာပဲအားပေးရတယ်။ |
ဒါကနောက်တစ်ရက်မှာ ဘူးသီးထပ်ကြော်ပြီး မုန့် ဟင်းရည်နဲ့ စားထားတာ။ ဟို..ဘယ်ဖက်ထောင့်က မုန့် ညင်းပေါင်း။ |
မုန်ညင်းပေါင်း ကြက်သားနဲ့ လုပ်ထားတာ။ သူငယ်ချင်းတွေကိုပေးချင်လို့ လုပ်လိုက်တာပါ။ မုန်ညင်းစိမ်းတွေလည်းအရမ်းလတ်ပြီးနုနေလို့ ။ ဒါတော့နောက်အလှည့်မှတင်တော့မယ်ကွယ်။ |
ပဲကြော်အရင်ကကြော်ထားတာလေးပါပြန်ကြော်ပြီးထဲ့စားလိုက်သေးတယ်။ |
စိတ်ထဲမှာထိခိုက်ခံစားနေရတာတစ်ခုရှိတယ်။
မြန်မာပြည်က ကင်ဆာအဖြစ်ဆုံးအဆင့်နှစ် နိုင်ငံထဲမှာပါနေတာ။
ကိုယ့်မိတ်ဆွေတွေ တဆင့်အသိတွေ လူကြီးလူငယ်တော်တော်များများမြန်မာပြည်မှာကင်ဆာနဲ့ ဆုံးပါးနေရတာတွေစိပ်နေတယ်။
ဘာလို့ လည်းဆိုတော့ အစားအသောက်တွေက စံနှုန်းမထားပဲဆိုးဆေး တွေသုံးနေကြတာအဓိကလိုဖြစ်နေတယ်။ အစာဆိုးဆေးကသုံးလို့ ရပါတယ်။ အစာဆိုးဆေးမဟုတ်တဲ့ ဆိုးဆေးသုံးစွဲတာတွေကို ထိထိရောက်ရောက်အရေးယူရပါမယ်။
ကျမဒါကိုအမျိုးသားရေးတစ်ရပ်လို့ မြင်တယ်။ အစိုးရမပါပဲဘယ်လိုမှ အောင်မြင်အောင်မလုပ်နိုင်ဘူး။
ဈေးသည်တွေကိုအင်တာဗျူးတာတွေကြည့်ပြီးအတော်တုန်လှုပ်စိတ်ဆင်းရဲမိတယ်။ တဆက်တည်းမှာပဲ ကျမတို့ အဲဒါတွေနဲ့ ကြီးပြင်းခဲ့ရတာ ကျမတို့ ကိုယ်ထဲမှာ ဘယ်လောက်ဝင်ပြီး ပျိုးနေပြီလဲ။
မျှစ်သည်အမျိုးသမီးက လုပ်နေကျပုံစံအတိုင်း မျှစ်ကိုဆေးဝါ ဆေးနီဆိုးတဲ့အကြောင်းပြောတယ်။ လူတွေက မျှစ်နီကို ပိုကြိုက်လို့ အနီကိုလည်းဆိုးရတယ်တဲ့။ စားသုံးသူတွေရော ရောင်းချသူတွေရောအသိပညာကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ဒီဓလေ့ပျောက်သွားတဲ့အထိအားလုံးပါဝင်ဆောင်ရွက်ရပါမယ်။
ငှက်ပျောသီးသည်ကလည်း အမှည့်မြန်အောင်လို့ ဆေးရည်တွေနဲ့ ငှက်ပျောခိုင်တွေကိုဆေးတာသုံးလေးရက်ဆိုအကုန်ဝါပြီးမှည့်လာရောတဲ့။
ကျမ အခုမြန်မာပြည်ကလာတဲ့ ငရုတ်သီးမှုန့် လေးတစ်ထုတ်ဝယ်ထားမိတယ်။ စားကြည့်တော့ယမ်းနံ့ ရတယ်။ မစားရဲလို့ ကိုယ့်ဖာသာပဲငရုတ်သီးတောင့်ကျော်ပြီး ထောင်းထားလိုက်တယ်။
ဒီကိစ္စကို ပညာပေးဘို့ လည်းလိုတယ်။ ကျမ အားတာနဲ့ ပညာပေးလုပ်ငန်းနဲ့ ပါတ်သက်တာလေးတင်ပါအုန်းမယ်။ (ဒီလိုစိတ်ဆောင်ထားပေမဲ့ကျမလည်း နေ့ တဒူဝအလုပ်ထဲမှာပဲအချိန်ကုန်နေအုန်းမှာပါ။ ....ဟင်း)
ဒီစာလာဖတ်တဲ့သူထဲမှာ မြန်မာပြည်ကလာလည်တဲ့သူပါရင် မိမိမိသားစုကိုဆေးဆိုးထားတဲ့အစာတွေမ၀ယ်ဖို့ မစားဖို့ အသိပေးစေချင်ပါတယ်။
One to one communication...ဆိုတဲ့ အရေးပါတဲ့သူတစ်ဦးကို တစ်ဦးချင်းပညာပေးနိုင်တာလည်း မိသားစု နဲ့ မိမိအသိုက်အ၀န်းမှာ အသုံးဝင်ပါတယ်။ ဆိုပါစို့ ..ကိုယ့်အိမ်မှာ အဓိကဟင်းချက်ဈေးဝယ်သူကို ဒီအသိပေးရပါမယ်။ မိသားစုက လည်း လက်ဝင်တာမျိုးကိုဝိုင်းကူရပါမယ်။
ရေးရင်းရှည်သွားပြီ။
သီးသန့် ပို့ စ်ကျမှ ဆွေးနွေးကြတာပေါ့...
ခင်မင်လေးစားသော...
အိုင်အိုရာ