|
လွန်ခဲ့တဲ့သုံးပါတ်လောက်က လုပ်စားဖြစ်ထားတာပါ။ အာလူးကက်တလိပ်ကြော် (၀က်သားနဲ့ ပါ) |
ချစ်ချစ်က မပြောစဘူး အာလူးကက်တလိပ်ကြော်စားချင်တယ်ဆိုတာနဲ့ လုပ်ပေးဖြစ်တာပါ။ (လွန်ခဲ့ တဲ့ သုံးပါတ်လောက်က လုပ်စားထားတာပါ။) ဒါတောင်အာလူးပြုတ်ထားတဲ့နေ့ မှာ မလုပ်ဖြစ်ဘူး။ နောက်နေ့ ကျမှ ထုထောင်းပြီးလုပ်ဖြစ်ပါတယ်။ မိမိလိုချင်သလောက် အာလူးကို ရေမြုပ်အောင်ထဲ့ပြုတ်။ အိမအိ ဒါးထိပ်လေးနဲ့ စမ်းကြည့်ပြီး အိတယ်ဆိုရင်ချပြီးရေအေးစိမ်ပြီး အခွံနွှင်လို့ ရပါတယ်။ ကျမကတော့ ပရက်ရှာကွတ်ကာနဲ့ ရေ အာလူးမမြုပ်တမြုပ်ထဲ့ပြီး တယ်လိုက်တော့ ခဏလေးနဲ့ နူးပါတယ်။ ဒါပေမဲ့ နောက်နေ့ ကျမှ အာလူး ကိုအခွံနွှင်ပြီး ကြက်သားမှုန့် ထဲ့၊ ဂျင်းရည်၊ ကြက်သွန်ဖြူရည်ညှစ်ထဲ့၊ ဆားပါးပါးထဲ့ပြီး ငရုတ်ဆုံနဲ့ ခဏထောင်းလိုက်ပါတယ်။ စီးစီးကြိုက်ရင်ကြာကြာထောင်းပေါ့။ ကျမကတော့သိပ်စေးတာမစေးတာ ပြသနာမရှိတော့ ခဏဘဲထောင်းပါတယ်။
အာလူးမထောင်းခင် ၀က်ကြိတ်သား၊ ကို ကြက်သွန်နီနုပ်နုပ်စင်း၊ ဂျင်းထောင်း၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သားမှုန့် နဲ့ နယ်ပြီး မိုက်ခရိုဝေ့ထဲ ရေ နဲနဲ လေးထဲ့ပြီး (အသားမခြောက်ယုံ) ၃မိနစ်လောက် ဟိ လိုက်ပါတယ်။ အသားကျက်ပြီးသားဖြစ်အောင်လို့ ပါ။ ( ဒီနေရာမှာ အသားမပါဘဲ၊ သတ်သတ်လွတ်နှစ်သက်ရာ၊ ဒါမှမဟုတ် ကြိုက်ရာအသားငါး ထဲ့နိုင်ပါတယ်။ အမွှေးအကြိုင်လည်း မိမိနှစ်သက်ရာ တရုတ်မဆလာ၊ ကုလားမဆလာ၊ အရွက်မျိုးစုံ နှစ်သက်ရာထဲ့နိုင်ပါတယ်။ မိမိသဘောနဲ့ နှစ်သက်ရာ စမ်းလုပ်လို့ ရပါတယ်ရှင်။ အာလူးထောင်းရတော့ အာလူးကို အသားထဲ့လုံးလို့ အဆင်ပြေနိုင်တဲ့ဆိုက်ကို နှစ်သက်သလို လုံးနိုင်ပါတယ်။ ကျမကတော့ လှလည်းလှ အချိန်ကုန်လည်းသက်သာ စားရင်လည်း ၀အောင်လို့ ပုံထဲကလောက် ခပ်ကြီးကြီးလုံးလိုက်ပါတယ်။
လုံးထားတဲ့ အာလူးကို လက်နဲ့ ဖိအပေါက်လေးလုပ်ပြီး အစာသွတ်။ အာလူးကို အပေါက်ပိတ်အောင်ပြန်ပိတ်။ ဒါလည်း လွယ်ပါတယ်။ လက်နှစ်ဖက်နဲ့ သေသေချာချာလေး မံလုံးလေးလုံးရင် ခဏလေးနဲ့ လုံးလို့ ရပါတယ်။ မပေါက်အောင်တော့ သေသေချာချာ ကြည့်ပါတယ်။ ပြီးတော့ ကြက်ဥတလုံးကို ပန်းကန်တစ်ခုထဲမှာ ခေါက်ထားပါတယ်။ ဂျပန်ထုတ် Panco bread crumbs ကိုပန်းကန်ပြားထဲမှာ ထဲ့ထားပါတယ်။ ဓါတ်ပုံရိုက်ထားချင်ပေမဲ့လက်မအားတော့ လက်ဆေးပြီး မရိုက်ချင်တော့တာနဲ့ မရိုက်ထားလိုက်မိပါဘူး။ ဓါတ်ပုံနဲ့ ဆိုရင်တော့ရှင်းနေမှာပါ။ ဆီအိုးတည်ပြီး ဆီဆူလာတော့ မီးပြန်ချပြီး မီးကို မီဒီယမ်လောက်ထားလိုက်ပါတယ်။ အစောကလုံးထားတဲ့အာလူးတွေကို ကြက်ဥခေါက်ထားတဲ့ထဲ နှစ်၊ ပြီးတော့ ပန်ကိုပေါင်မှုန့် ခြောက်မှုန့် ညီညီလူးပြီး ကြော်ပါတယ်။ ရွှေဝါရောင်အညိုဘက်သန်းလာရင် တော့ဆည်ပြီး
တစ်ရှူးနဲ့ ဆီစစ်ပါတယ်။ ဆီစစ်တော့ စားမဲ့ပန်းကန်ထဲပြောင်းထဲ့ပါတယ်။
|
ကျမအမြဲတွဲစားလေ့ရှိတဲ့ ချဉ်ငံစပ် နဲ့ တွဲစားပါတယ်။ (ငရုတ်စိမ်း၊ ကြက်သွန်ဖြူ၊ နံနံ၊ သံပုရာနဲ့ ငံပြာရည်)၊ ဒီဖက်ထောင့်က ငါးဖယ်ရိုးဟင်းခါးပါ။ |
|
သခွားသီးလှီးပြီးကပ်စားပါတယ်။ |
|
ပြီးတော့ ငါးဖယ်ကြော်ပြီး ငါးဖယ်ကြော်လည်းစားပါတယ်။ |
|
အအီပြေသံပုရာရည်ထဲကို စပျစ်သီးထဲ့သောက်ထားတာပါ။ |
|
ငါးဖယ်အရည်ခွံကြော် |
ငါးဖယ်နဲ့ တူတဲ့အကောင်တွေ့ လို့ ဝယ်ပြီးလုပ်စားထားတာပါ။ ငါးဖယ်အရည်ခွံတွေကို ညှပ်ပြီးဆားဆနွင်းနယ်၊ ကြက်သားမှုန့် နယ်ပြီး ကြွတ်အောင်ကြော်ပြီးစားကြပါတယ်။ အိမ်ကိုအရမ်းသတိရပါတယ်။ အိမ်မှာမမငါးဖယ်ခြစ်ရင် ငါးဖယ်အရည်ခွံတွေ အများကြီးထွက်တော့ အမြဲအပျော်ကြော်စားကြပါတယ်။ ငါးဖယ်ရိုးဟင်းခါးလည်း အိမ်မှာချက်လေ့ရှိပါတယ်။ အမေကတော့ အရိုးစူးမှာစိုးလို့ တချိန်လုံးသတိပေးပါတယ်။ ကျမရယ်၊ မမရယ်၊ မောင်လေးရယ် တူမလေးရယ်ကတော့ အရိုးတွေရယ်၊ ငါးဖယ်ခေါင်းတွေရယ်ပါဆည်ထဲ့ပြီး ကိုက်ကြပါတယ်။ ခဏခဏလည်းအရိုးစူးကြလို့ အဆူခံကြရပါတယ်။ ကျမတို့ အမေက သိပ်စိုးရိမ်တတ်ပါတယ်။ ဒါပေမဲ့ကျမတို့ ကလည်း သောင်းကျန်းကြပါတယ်။း)
|
ဒါကတော့ အမေ့အကြိုက်။ အမေကလည်း ငါးဖယ်ကြော်သိပ်ကြိုက်ပါတယ်။ ကြော်တိုင်းလည်း ဒီလိုပွနေတုန်းအမေကစားချင်တာဆိုပြီး အမေငယ်ငယ်က အမေ့အမေကြော်တိုင်းတောင်းစားတယ်လို့ ပြောလေ့ရှိပါတယ်။ ငါးဖယ်ကြော်တိုင်း အမေ့ကို အရမ်းသတိရလွမ်းမိပါတယ်။ |
|
နောက်တဒယ်ထဲ့တော့ ဒီလို ပွပွကြီးတွေပေါ့ပူနေတုန်းဆိုတော့။ အမေ့သမီးဆိုတော့ ကျမလည်း အဲဒီလိုပွပွကြီးကို နှိုက်စားပါတယ် အမေ့အလွမ်းပြေ။ |
|
မမကို အရမ်းသတိရပါတယ်။ ကျမ အိမ်မှာတုန်းက ငါးဖယ်မခြစ်ဖူးပါဘူး။ အလုပ်လုပ်တော့ သူငယ်ချင်းတွေ နဲ့ နေမှ စခြစ်ဘူးတာပါ။ အိမ်မှာဆိုရင်တော့ မမနဲ့ အမကြီးဘဲ ဒိုင်ခံခြစ်ကြတာပါ။ |
|
|
ကျမက ဟင်းတွေသာချက်တာ။ ငံပြာရည်နံ့ ၊ ငပိရည်နံ့ ၊ ငါးညှီနံ့ ၊ ပုစွန်ညှီနံ့ ကြက်သွန်နံ့ လက်မှာစွဲတာ လုံးဝမခံနိုင်ပါဘူး။ ဒါကြောင့် ဟင်းချက်ရင် အလွန်လက်ဆေးပါတယ်။ အသားငါးနယ်ပြီးတာနဲ့ လက်မြန်မြန်ဆေးပါတယ်။ ခုလည်း ငါးဖယ်ကို လက်အိတ်နဲ့ ခြစ်ပါတယ်။ ငါးဖယ်ရိုက်တော့ လက်အိတ်အပါးစွတ်ပြီး ရိုက်တော့ မတွင်ကျယ်ဘူး။ လက်အိတ်က ငါးဖယ်နဲ့ ကပ်ပြီးလျှောလျှောထွက်လာလို့ လက်ကောက်ဝတ်ကနေ သားရေကွင်းစီးပြီး ငါးဖယ်ကို ရိုက်ထားတာပါ။ ဒါကို မြင်တော့ သူကမေးပါတယ်။ ငါးဖယ်အကောင် လုပ်ရတာ နဲ့ ပေးရတဲ့ပိုက်ဆံနဲ့ ရတဲ့အရသာ တန်ရဲ့ လားတဲ့။ ပြန်တွက်ကြည့်တော့ ငါးဖယ်တစ်ကောင်လုံးကို ၁၂ ဒေါ်လာကျော်လာက်ကျပါတယ်။ ထွက်တာကတော့ ရယ်ဒီမိတ်အထုတ် တထုတ်ကျော်ကျော်သာဘဲ ရပါတယ်။ တပန်းကန်ပေါ့။ အင်း...အရသာကတော့ texture မှာတော့ လတ်လို့ လားမသိဘူး ထုတ်ထုတ် ထုတ်ထုတ် နဲ့ တော်တော်ကွာပါတယ်။ time consuming ဖြစ်တော့ တော်တော်စိတ်ပါမှ ဘဲလုပ်ဖြစ်မှာပါ။ အရင်ကြာလှပြီ ဟိုးတုန်းက လည်း အဲလို ရဘူးလို့ လုပ်စားဖြစ်လို့ တင်ဖြစ်ပါသေးတယ်။ ရိုက်ရတာကတော့ ရယ်ဒီမိတ်လည်း ရိုက်ရတာပါဘဲ။ ဘလင်ဒါ နဲ့ လုပ်ရင်လည်း ဘလင်ဒါပြန်ဆေးရတာ လက်ဝင်လို့ မသုံးချင်ပြန်ဘူး။ ပျင်းတယ် ဆေးရ သိမ်းရတာကို။း) အကြောင်းတွေ တော့တစ်ဖြည်းဖြည်းပေါ်လာပြီနော်။
ကဲ..ကဲ..ဘော်ဒါတို့ ရေ Mystery Spot မသွားခင် ဗိုက်ပြည့်အောင်စားထားကြအုန်းနော်။ လမ်းမှာ ဆာနေလိမ့်မယ်။း)
အစဉ်ခင်မင်လေးစားသော..
အိုင်အိုရာ