Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, September 1, 2011
ဘလော့ဂါပွဲဈေးတန်းမှာ ယောင်လည်လည်
အခုတော့ခက်ပြီ။ ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိ။ သူမဇွဲမကောင်းမှန်း လူတွေသိကုန်တော့မည်။ ပွဲဈေးမှာခင်းကျင်းရတာ သွားလည်ရတာ အလွန်အချိန်ကုန်သည်။ ကုန်မှန်းမသိကို ကုန်သည်။ အရေးကြီး ကိစ္စများရှိနေရက်နဲ့  ပွဲဈေးကိုဘဲ စိတ်ကရောက်နေသည်။ ဘလော့ဂါပွဲဈေးတန်းကြီးထဲ သွားသွားလည်ပြီး ညနက်သန်ခေါင်မှ အိမ်ပြန်ရောက်။ အိမ်ပြန်ရောက်တော့လည်း မပြီးသေး။ ဈေးတန်းထဲက သူများက ဒေါ်အိုင်အိုရာ့ အိပ်မက်ထဲထိလိုက်လည်ကြသေးသည်။ အိပ်မက်ကနိုးတော့ အိပ်မက်ထဲလိုက်လည် သူများကို အိပ်မက်ထဲ ကရုပ်သွင်ပြင်ဖြင့် မှန်းဆရင်း ဆက်သတိရနေသေးသည်။ အလုပ်ပျက်ရုံနှင့်မပြီးသေးအိပ်ရေးဆက်ပျက်သေးသည်။ တွေးနေတော့ လွယ်လွယ်နဲ့ ပြန်အိပ်မပျော်။ တကယ်တော့ ဒေါ်အိုင်အိုရာတစ်ယောက် ပွဲဈေးတန်းကဲ့သို့ လူစည်သောနေရာများကို ပျော်မွေ့ တတ်သူမဟုတ်။ သို့ သော် ပွဲဈေးတန်းကို သွားလာနေကြသော သူများကို ငေးကြည့်ရသည်ကိုတော့ အတော်သဘောကျမိသည်။ ဒေါ်အိုင်အိုရာ က လူမသိသူမသိနေရသည်ကို အလွန်နှစ်သက်သည်။ မိမိကို မည်သူမှ မသိလေကောင်းလေ။ ဒါမှ မဟုတ်တာလုပ်မိလျှင် လူမသိမည်ဖြစ်သည်။
ပြောရလျှင် ဒေါ်အိုင်အိုရာတစ်ယောက် ပွဲဈေးထဲရောက်သည်က ပြန်ကြားရေးဌာနများမှ သတင်းများကို စတင်စိတ်ဝင်စားမိရာမှစသည်။ ဒီ့နောက်မှာတော့ ကျောင်းတက်နေတုန်း စာတွေကများ ဟင်းကောင်းကောင်းမချက်နိုင် ဟင်းကောင်းကောင်းမစားရတော့ ဘလော့ဂါ ပွဲဈေးတန်းမှာ ခင်းကျင်းထားသော ဟင်းလျာများကို သွားသွားသွားရည်ယိုရင်း စာကျက်ရန်အင်အားယူရသည်။ အဲသည်ကစပြီး စာမေးပွဲပြီးတိုင်း ပွဲဈေးသွားသွားလည်ပြီး ဟင်းလျာများကို ငေးသည်။ သို့ သော်အချိန်ရှားသူမို့ မှန်မှန်တော့မရောက်ဖြစ်။
ပွဲဈေးကိုရောက်လာပြီးတဲ့နောက် ကိုယ်လည်း ဆိုင်တစ်ဆိုင်ဖွင့်ချင်လာသည်။ ဆိုင်စခင်းဘို့ လုပ်တုန်းက ဆရာရင်းတယောက်က ငှက်နှင့်ပတ်သက်သည့် ပြခန်းလေးလုပ်ခိုင်းလို့ စနည်းနာရင်း ဆိုင်ခန်းတစ်ခန်း ကိုယ့်ဖာသာ တည်ဆောက်ခဲ့မိသည်။ ကိုယ်က သည်လိုဆောက်ဖူးတာမဟုတ်တော့ နည်းလမ်းများ တော်တော်ဖတ်ရသည်။ သည်လိုနဲ့ ဘဲ သူမဖာသာတစ်ဦးတည်း စမ်းသပ်ပြီး ချောချောမွေ့ မွေ့ ဆိုင်လိုလို ပြခန်းလိုလို လေးတစ်ခု ဖြစ်သွားသည်။ သို့ သော် အခန်းဟောင်းလောင်းကြီးနှင့်တော်တော်ကြာသွားပြီး ပြခန်းလည်းမဖြစ် ဆိုင်ခန်းလည်းမဖြစ် ဟိုလိုလိုသည်လိုလိုဖြစ်နေခဲ့သည်။ နောက်တော့ ကျောင်းပြီးမှ ဆိုင်ခန်းမကျ ပြခန်းမကျ ဖွင့်ဖြစ်ခဲ့သည်။
စတုန်းကတော့ ဒေါ်အိုင်အိုရာတစ်ယောက် သည်လိုတွေးခဲ့သည်။ သူမကသဘာ၀၀န်းကျင်ထိန်းသိမ်းရေးကို သည်းကြီးမည်းကြီးစိတ်ဝင်စားသူ၊ ငှက်များကိုချစ်သူ၊ ခရီးသွားခြင်းကိုနှစ်သက်သူ၊ စာဖတ်ဝါသနာပါသူ၊ ဟင်းချက်မုန့် လုပ်စသည်များကို အပျင်းပြေ လုပ်ချင်သူ၊ ပြည်တွင်းပြည်ပ ခရီးသွားအတွေ့ အကြုံများကို  မိတ်ဟောင်းမိတ်သစ်များအား ဝေငှချင်သူ၊ တခါတခါ ဘာရယ်မဟုတ် သူမခံစားတွေးတောမိသည်များကို ဖွင့်အံချင်သူ ဆိုတော့ ပြခန်းမကျ ဆိုင်ခန်းမကျလေးဖွင့်ပြီး လာသမျှရွှေပွဲလာပရိသတ်များကို ဈေးခွန်မပေးရလေတိုင်း အလကားပဲတင်း ပြခန်းလေးမှာ တင်ပြမည်ပေါ့။  ပြခန်းတဘက်၊ ဆိုင်ခန်းတဘက်ဆိုပါတော့။ ဆိုင်ခန်းမှာတော့ အိမ်ချက်ဟင်းလေးတွေ တင်ပြီး မိတ်သစ်မိတ်ဟောင်းတွေကို စားစေချင်လို့ ဈေးပေါပေါနဲ့ ရောင်းမည်ပေါ့။
တကယ်တော့ ဟင်းချက်ပြီးခင်းကျင်းရသည်ကလွယ်သည်။ ဦးနှောက်သုံးစရာမလို။ မဟုတ်လည်း ကိုယ်ကနေ့ တိုင်းထမင်းဟင်းချက်စားနေသည်ဘဲ။ ဘာမှအပန်းမကြီး။ ဓါတ်ပုံရိုက်မှတ်တမ်းတင်ရတာလည်း ၀ါသနာထုံတော့ ဟင်းလျာများကိုကြော်ငြာရသည်မှာလည်း မခက်ခဲ။ တစ်ခုဘဲ ခက်သည်က သူမ၏ ချစ်ချစ်က အစားအသောက်များဆို ပူပူလောင်လောင်မှ နှစ်သက်တော့ သူမ ဆိုင်အတွက် ဓါတ်ပုံရိုက်နေလျှင် ဟင်းတွေအေးကုန်တတ်၍ မျက်နှာမညိုအောင် ပြန်အပူပေးရသည်။ သို့ မဟုတ် သိသိကြီးနှင့်ပူပါသေးတယ်ဟု နွေးတေးတေးဖြစ်သွားသောဟင်းများကို ချော့ကျွေးရသည်။
သည်လိုနှင့် ဈေးသည်ကြီးဆန်နီ ဖြစ်မှန်းမသိဖြစ်လာသည်။ ပြခန်းတင်ဘို့ အကြောင်းအရာတွေ အတွက် စာဖတ်ရမည်။ ကိုးကားစာအုပ်များတင်ပေးရမည်။ တင်မည့်တင် ပြခန်းလာသူ၊ (ရည်ရွယ်လာသူရော၊ လမ်းမှားရောက်လာသူရော၊ ဘယ်လိုဘဲရောက်လာရောက်လာ ကံဆိုးသူများဟုပင်ဆိုရမည်။) အတွက် တစုံတခု အကျိုးရစေချင်သည်။ သည်လိုနှင့်ဘဲ လုံးလည်ချာလည်လိုက်ရင်း အတွေးများက အကောင်အထည်ပေါ်လာသည်ကနဲနဲ မသိချင်ယောင်ဆောင်ကာဟင်းတွေဘဲချက်ရောင်းနေတော့သည်။ ဟင်းတွေကလည်း အာဟာရနှင့် ပျော်ရွှင်မှုတော့ပေးသည်ဘဲလေ။ သည်လိုနှင့် လူတွေကလည်း သူ့ ကို ဈေးသည်ကြီးဆန်နီဘဲထင်နေကြတော့သည်။ အဲသည်မှာ ရွှေပွဲတော်လာ ပရိသတ်တွေ၊ ပြခန်းဆိုင်ခန်းရှင်တွေ နှင့် မျက်မှန်းတန်းရင်းခင်မင်လာတော့သည်။ ခင်မင်သော်ငြားလူချင်းက နီးနီးကပ်ကပ်မြင်ဘူးကြသည်တော့မဟုတ်။ အဝေးမှဝါးတားတားဖြင့်ခင်နေကြခြင်းသာဖြစ်သည်။ သည်တော့ ငယ်သူကို အမလို့ ခေါ်လိုခေါ် ကြီးသူကို ညီမလို့ ခေါ်လိုခေါ်။ သူမက တမင်ဟန်ဆောင်လိုသည်မဟုတ်သော်လည်း သူမကို လူမသိစေလို။ ထင်ပေါ်ကြော်ကြားမှုကိုမလိုချင်။ ထင်ပေါ်သူများ လွတ်လပ်မှုဆုံးရှုံးကြတော့သူမကမထင်ပေါ်ချင်။ လွတ်လပ်မှုကိုတော့ တန်ဘိုးထားသည်။ (မြန်မာပြည်ကလာသည်လေ။)  အေးအေးဆေးဆေးနေချင်သည်။ ပျော်ပျော်ရွှင်ရွှင်နေချင်သည်။ရန်သူမလိုချင်။ သို့ သော်မိတ်ဆွေများက တခုတ်တရ နှုတ်ဆက်သွားလျှင်သော်၎င်း၊ အဝေးမှ လက်လှမ်းပြသွားလျှင်သော်၎င်းစိတ်ထဲမှ သိပ်ကိုပျော်မိသေးသည်။ 
ဒေါ်အိုင်အိုရာက သူ့ ကို အထင်သေးမှာတော့ မပူပေမဲ့ အထင်ကြီးမှာ အလွန်ကြောက်သည်။ လူတွေက သူ့ ကို ရှိသည်ထက်ပိုတော်သည် တတ်သည်ဟုထင်မှာလည်း သိပ်ကြောက်သည်။ ဘလော့ပွဲဈေးတန်းထဲက သူအားလုံးကို လည်း မသိ။ သိရန်လည်းမကြိုးစား။ ရသည့်အချိန်လေးတော့ ပွဲဈေးထဲ သွားဈေးခင်း လျှောက်လည်လုပ်သည်။ မြန်မာတွေ အလွန်တော်ကြသည်ဟု ပွဲဈေးသွားလည်တိုင်း သူမဖာသာ ကျေနပ်ဂုဏ်ယူသေးသည်။ ပွဲဈေးမှာ ချိတ်ကြစောင်းကြလျှင် မိမိနှင့်ဘာမှမဆိုင်ပေမဲ့ စိတ်မသက်မသာဖြစ်တတ်သည်။ သွားသတိ စားသတိ နေမှ။ အသွားမတော်တစ်လှမ်း အရေးမတော်တစ်ကြောင်းဟု ကိုယ့်ကိုကိုယ်သတိပေးရသည်။ မိမိ၏ဆိုင်မကျ ပြခန်းမကျကို တစ်ဦးဦး ရောက်လာလျှင် ဧည့်ဝတ်မကျေမှာစိုးသည်။ ကိုယ်သွားလို့ ဆိုင်ရှင်က ဧည့်များလို့ ကိုယ့်ကို သတိမထားမိလျှင်လည်း တိတ်တိတ်ပြန်လာတတ်သူ။ ဒေါ်အိုင်အိုရာ တခုတော့စိုးရိမ်မိသည်။ တခါတရံ ဧည့်မှတ်တမ်းမှာစာသားမှတ်ချက်လေးတွေပေးသည့်အခါ လေသံ၏ tone ကိုမသိတော့ နောက်တောက်တောက်ရေးမိလျှင် တဘက်လူက နားလည်ခွင့်လွှတ်ပါ့မလားဟု။
ဘလော့ဂါပွဲဈေးတန်းကြီးကတော့ဖြင့် တနေ့ တခြားပိုလို့ ပိုလို့ စည်ကားလို့ နေသည်။ ပွဲဈေးလျှောက်ရင်း ဗျူတီဆလွန်းဆိုင်သစ်လေးတစ်ခု၊  အထွေထွေစတိုးဆိုင်လေးတစ်ခုပန်းချီကားတို့ ဓါတ်ပုံတို့ တင်တဲ့ဆိုင်လေးတစ်ခု၊ ကို စိတ်ဝင်စားဘွယ်ရာ တွေ့ မိသည်။ မိတ်ဆွေများကို သွားဘို့ တိုက်တွန်းရအုန်းမည်။ ဒေါ်အိုင်အိုရာတစ်ခုသတိထားမိသည်ကတော့ ပွဲခင်းကျင်းသူများ နှင့် ပွဲလာလည်သူများ သည် သူတို့ ၏ အရွယ်အလိုက်၊ ပညာအလိုက်၊ နောက်ကြောင်းအလိုက်၊ အသိုင်းအ၀ိုင်းအလိုက်၊ ၀ါသနာအလိုက်၊ ခင်းကျင်းရောင်းချပြသည့် ဟန်များကွဲပြားကြသည်။ တစ်ခါတစ်ရံ အသက်အရွယ်ကြောင့် အမြင်ချင်းမတူသည်ကို တွေ့ ရသည်။ တစ်ခါတစ်ရံ ၀ါသနာအလိုက် အကြိုက်ချင်းမတူကြသည်ကိုတွေ့ ရသည်။ တစ်ခါတစ်ရံ နောက်ခံပညာရပ်ချင်း မတူကြသောကြောင့် ညီးငွေ့ ခြင်းများ ရှိသည်ကိုတွေ့ ရသည်။ သို့ သော် လေးစားစရာ တစ်ခုကတော့ ဘလော့ဂါ အများစုဟာ ရင့်ကျက်သူများဖြစ်ပြီး အလွန် ဒီပလိုမေစီရှိကြသည်။ ယဉ်ကျေးစွာ ဖြင့် ကူးလူးဆက်ဆံကြသည်။ ဘောင်ကိုသိကြသည်။ စည်းမကျော်ကြ။ အလွန်နှစ်သက်စရာကောင်းလှသည်။ ဒါကြောင့်လည်း ဒီပွဲဈေးကြီးမှာ ဒေါ်အိုင်အိုရာတစ်ယောက် ယောင်လည်လည် နှင့် ဆိုင်မခင်းတောင် ပြခန်းမပြင်တောင် လည်မြဲလည်နေအုန်းမည်မှာသေချာလှသည်။
ဘလော့ဂါအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒများပြည့်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
28 comments:
  1. ဖတ်လို့ကောင်းလိုက်တာ အိုင်အိုရာ
    အဖြစ်အပျက်အတွေးလေးတွေကလည်းတူနေလို့...:P
    ဟင်းက မဟုတ်လည်းချက်နေရတော့ ဒါတွေပဲတင်ဖြစ်နေတာရယ်
    နောက်ဆုံးအပိုဒ်လေးရယ်
    စူးနွယ်လေး
    ReplyDelete
  2. ဟေး စူးနွယ်လေး..
    အိပ်ရေးပျက်အောင်လုပ်သူလေး။
    သတိရနေတာ။
    ဖတ်လို့ ကောင်းတယ်ဆို လို့ ကျေးဇူးတင်ပါတယ်။
    ဟင်းကတော့ ဆက်ရောင်းနေအုန်းမဲ့ပုံဘဲ..း)
    ReplyDelete
  3. အတွေးကောင်းလေးနဲ့ ရေးထားတာလေး သဘောကျမိတယ်....
    Happy Blog Day :)
    ReplyDelete
  4. ဘလော်ဂါပွဲဈေးတန်းမှာ ဒေါ်ချောတို့ရဲ့ ဒေသအစားအစာရောင်းတဲ့ဆိုင် မတွေ့ခဲ့ဘူးလား ဒေါ်အိုင်အိုရာ။
    ငါးပတ်မွှေဟင်းလေး လာမြည်းဖို့ ဖိတ်ပါတယ်
    ပွဲဈေးမှာ လျှောက်လည်လို့ ခြေထောက်ညောင်းရင် လာခဲ့နော်
    ရှယ်ကျွေးမယ် ဟိဟိ
    ReplyDelete
  5. ညီမရဲ့ ဗျူတီဆလွန်းဆိုင်လေးမှ အစ်မ အိုင်အိုရာကို အမြဲကြိုဆိုလျက်ပါ။ :)
    ReplyDelete
  6. ပွဲဈေးထဲ လည်ရင်းနဲ့ ကိုယ့်ဆိုင်လေးလည်း ခင်းပါအုံး။ ပြခန်းလေးလည်း ပြင်ပါအုံးလို့ အားပေးသွားပါတယ်။
    ReplyDelete
  7. Rose of sharon..
    သဘောကျတယ်ဆိုလို့ ကျေးဇူးတင် ၀မ်းသာရပါတယ်ရှင်။
    ချော..
    သိတယ်မှုတ်လား။ ဒေါ်ချောရဲ့ ဒေသစာတွေစားရုံတင်မက ဒေါ်ချောဖွင့်ထားတဲ့ စာကြည့်တိုက်လေး ကိုလည်းဗဟုသုတတွေရလို့ အမြဲေ၇ာက်ပါတယ်နော်။ ပွဲဈေးလျှောက်တာညောင်းပြီ..လာစားတော့မယ်။း)
    မြတ်ကြည်..
    ကျေးဇူးတင်ပါတယ်။ အထူးနှုန်းပေးမလားဟင်။
    ကိုမြစ်ကျိုးအင်း..
    ပွဲဈေးဖြစ်မြောက်ရေးကော်မီတီစီက ရီမိုင်ဒါ လာတယ်လို့ တွေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ဒီလိုရေးဖြစ်သွားအောင် စေ့ဆော်မှုပေးတဲ့ ကိုမြစ်ကျိုးအင်းရဲ့ မူလပထမ ဘလော့ဂါပွဲဈေးတန်း(၂) ကိုဖတ်ခွင့်ရခဲ့တဲ့အတွက်။
    ReplyDelete
  8. ဟန်ကြည်September 2, 2011 at 1:19 PM
    အခုမှပဲ ရောက်ဖြစ်တော့တယ်...အေးအေးဆေးဆေးမှပဲ စာတွေလာဖတ်ဦးမယ်...လောလောဆယ်တော့ ဆိုဒ်ဘားမှာတွေ့တဲ့ ဟင်းတွေနဲ့တင် လာရကျိုးနပ်သွားပြီ...
    ReplyDelete
  9. အိုင်အိုရာရေ
    ဖတ်ကောင်းလိုက်တာ။
    ဘလော့ဂါတွေအကြောင်း ဘလော့ဂ်တွေအကြောင်းလေးကို တင်ပြပုံလေးက ဆွဲဆောင်မှုရှိတယ်။
    အိုင်အိုရာ့ဆိုင်/ပြခန်းကို ခဏခဏလာမယ်နော်။ တခါတလေ မ၀ယ်ပဲနှိုက်စားသွားတယ်။ တခါတလေလည်း ၀င်းဒိုးရှော့ပင်းပဲ။
    ခင်မင်လေးစားလျှက်
    ReplyDelete
  10. ဦးဟန်ကြည်..
    လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ အချိန်အားရတဲ့အခါ အေးအေးဆေးဆေးလာဖတ်လှဲ့ ပါရှင်။ အစဉ်ကြိုဆိုပါတယ်။
    ဆိုဒ်ဘားက ဟင်းတွေနဲ့ တင်လာရကျိုးနပ်သွားတယ်ဆို လို့ ဝမ်းသာပါတယ်ရှင်။
    မကောင်းမွန်ဝင်းရေ..
    ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးတင် ၀မ်းသာကြောင်းပါ။
    ငါးချဉ်လေးကချဉ်တယ်နော်း)
    ခဏခဏလာတော့ပျော်တာပေါ့။ မလာရင်လည်း မအားလို့ လို့ ဆိုတာနားလည်ပါတယ်။ သူလည်း တကယ်အိမ်လည်သလို အချိန်ပေးရတာဘဲနော့။
    ReplyDelete
  11. ဆိုင် ခင်း ခင်း..မခင်း ခင်း အားပေးမှာပဲ...
    ReplyDelete
  12. စန်းထွန်း..
    ဒါဆိုရင်တော့ အမြဲကျေးဇူးတင်နေမှာပါ။း)
    ReplyDelete
  13. ပွဲဈေးတန်းအကြောင်း ရေးထားတာလေး ဖတ်ရင်းတောင် ပျော်လာတယ်။ ဒေါ်အိုင်အိုရာဆိုင်လေး ပိုမိုစည်ကားနေဦးမှာ မြင်သွားပါတယ်ရှင်.. (^^)
    လသာည
    ReplyDelete
  14. ချစ်ဖို့ကောင်းလိုက်တာ...
    အဲ့လိုရေးတတ်ချင်လိုက်တာနော် :))
    ဂငယ်ရဲ့ ပန်းချီနဲ့ဓာတ်ပုံဆိုင်က ကျိုးတိုးကျဲတဲလေးပါ :)
    မရဲ့ ဆိုင်ထဲမှာမှစုံနေတာ ခနခနသွားရေလာကျနေရတယ်လေ :D
    အသက်သိပ်မကြီးသေးတဲ့လူတွေက သူတို့ကိုယ်သူတို့ကြီးပြီလို့ခနခနပြောတတ်တယ်တဲ့ ဟုတ်လား :)
    ReplyDelete
  15. လသာည..
    လာလည်လို့ ကျေးဇူးးပါ။
    ဖတ်ရင်းနဲ့ ပျော်လာတယ်ဆိုတော့ တော်သေးတာပေါ့။ ဘာတွေရေးနေမှန်းလည်းမသိဘူးဆိုပြီး မထင်လို့ ။း)
    ခုလေးဘဲ ဧည့်ကောင်းဆောင်ကောင်း ရောက်လာခဲ့တယ်လေ။
    ဂငယ်..
    ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတာက ချစ်ဖို့ ကောင်းလိုက်တာ။
    အဲဒါဟုတ်ရင်ဟုတ်မယ်။ ဒါပေမဲ့ကြီးတဲ့သူတွေကလည်း ကြီးပြီလို့ ခဏခဏပြောတာတော့သေချာတယ်။း)
    ReplyDelete
  16. မမအိုင်အိုရာရဲ့ ဘလော့ဂါဈေးတန်းလေးဖတ်လိုက်ရတာ အရမ်းပီတိဖြစ်မိ
    တယ်။ မမရဲ့အရေးအသားလေးတွေက ချစ်ဖို့ကောင်းလိုက်တာ။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပူးပူးရဲ့ အထွေထွေစတိုးဆိုင်လေးကလဲ
    အမြဲတမ်း ထာဝရကြိုဆိုနေပါမယ်။ ကျေးဇူးများကြီးတင်ပါတယ် မမ။ :)
    ReplyDelete
  17. Iora ကိုရှာခဲ့တာကြာပေါ့ ဒီကနေ့မှ ညီလင်းသစ်-ဘလော့ဂ်မှာ တွေ့ခဲ့တယ်။ ဘလော့ဂ်ဂါပွဲဈေးတန်းမှာ ယောင်လည်လည်ဖြစ်နေပုံလေး ဖတ်ရင်းအာရုံမှာ ရုပ်လုံးဖော်သွားတယ်နော်။
    ဘလော့ဂ်ဂါတွေအကြောင်းကို ဘယ်တော့ဖတ်ဖတ် ကြည်နူးနေမိတယ်း)
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  18. ဘလော့ဂါ ပွဲဈေးတန်း ကို ပုံဖေါ်ထားတာ သဘောကျမိတယ်...
    ပျော်ရွှင်စွာ ဆက်လက် ရေးသား ဝေမျှနိုင်ပါစေ...
    ReplyDelete
  19. ပူးပူး..
    မမန့် ဖြစ်ပေမဲ့ ခဏခဏရောက်ပါတယ်။
    စိတ်ဝင်စားဘို့ ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်နော်။
    နောင်လည်း အားရင်လာလည်ပါလို့ ဖိတ်ပါတယ်။
    မကြီးအန်တီတင့်..
    အိုင်အိုရာ လည်း ကြိုက်၏မကြိုက်၏မှာ ကွန်မန့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ပြန်ကြည့်တော့မတွေ့ ဘူး။ အိုင်အိုရာ့မမနဲ့ တူလို့ မကြီးလို့ ခေါ်ပြီး နှုတ်ဆက်ခဲ့ပါတယ်ရှင်။
    ရှာခဲ့တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။
    မသက်ဝေ..
    သဘောကျတယ်ဆို လို့ ဝမ်းသာကျေးဇူးတင်ရပါတယ်။
    ဆက်လက်ရေးဘို့ တော့တွေးနေတာပါဘဲ။ ပြီးတော့သာ ဘာတွေတင်မှန်းမသိ။း)
    ReplyDelete
  20. ခရီးသွားနေတာနဲ့ ခုမှဘဲရောက်ဖြစ်တော့တယ်။ အိုင်အိုရာက ဖတ်ကောင်းအောင် တော်တော်ရေးတက်တာ။ ဆိုင်အတွက် ဓါတ်ပုံရိုက်နေရင် ဟင်းတွေအေးကုန်တတ်၍ မျက်နှာမညိုအောင် ပြန်အပူပေးရသည်တဲ့ ။ ဟိ :) ဖတ်ပြီးသဘောကျတာ။ ကိုယ်လည်း ဖဘမှာ တင်ချင်ဇောနဲ့  ဟိုချိန် ၊ ဒီချိန် နဲ့ စားခါနီး ပြန်နွှေးရတာ အလုပ်တခုကို ဖြစ်လို့ :)
    ဟင်းပူကြိုက်တက်သူတစ်ဦး
    ReplyDelete
  21. ညယံ..
    ခရီးသွားနေတာလား။ ဒါဆို ဓါတ်ပုံတွေ ပေးကြည့်အုန်းနော်။
    ဟင်းတွေဓါတ်ပုံရိုက်ဘို့ အလင်းရောင်ကောင်းတဲ့နေရာသယ်။ ရိုက်ပြီးရင် ထမင်းစားမဲ့နေရာကိုပြန်သယ်။ ဟင်းများများချက်လို့ များများရိုက်ရင် ပိုအေးသွားတော့ ပိုနွှေးရတယ်။ တခါတခါအဲလို လုပ်ပြီးရင် ပြန်မသယ်ချင်ဘူး။ သိပ်ပျင်းတယ်။း)
    ReplyDelete
  22. TT Iora,
    Still young,still beautiful,still share delicious dishes and wonderful knowledge.Wishing you many more years as blogger.....:)
    Gyidaw(not niece...:D)
    ReplyDelete
  23. Oh my gosh..you made my day Gyidaw!
    I can't stop smiling after reading your comment. So sweet. You just bring the beautiful and graceful morning. Thanksssssssssssss.
    TT Iora (not niece too :D)
    ReplyDelete
  24. ရေးထားတာလေး ချစ်စရာကောင်းလိုက်တာ :)
    ReplyDelete
  25. စုဘူးအိမ်..
    တကယ်?
    ကော်မန့် ပေးထားတာလေးက ချစ်စရာကောင်းလိုက်တာနော်..
    ReplyDelete
  26. ဈေးသယ်ကြီး ဆန်နီရေ ၊ ဆန်နီကြီးဈေးသယ်လာကြည့်သွားပါတယ်။ စားစရာလေးတွေရောင်းပါဦး။
    Mon Petit Avatar
    ReplyDelete
  27. Blog Day ကို ပုံစံတစ်မျိုးလေးနဲ့ ရေးထားတာ ချစ်စရာကောင်းလိုက်တာ..။
    စာတွေလာဖတ်ဖြစ်နေပေမယ့် ခြေရာတွေ မချန်ဖြစ်ခဲ့ဘူး။ အခု blogspot တွေ ပြန်ဖွင့်လိုက်တာမို့ စာတွေလာဖတ်ဖြစ်ပါတယ်။
    လင့်ခ်လည်း ချိတ်ထားလိုက်ပါတယ်ရှင်..။
    ReplyDelete
  28. မွန်..
    အမြန်စားစရာတွေ ရောင်းနေတယ်နော်။း)
    မြသွေး..
    လာလည်လို့ ကျေးဇူးတင်ပါတယ်။
    လင့်ချိတ်ထားလို့ လည်းကျေးဇူးတင်ပါတယ်ရှင်။
    အလုပ်များနေလို့ ဘလော့ကို မ၀င်ဖြစ်လို့ စာပြန်မရေးဖြစ်ခဲ့တာ နားလည်ခွင့်လွှတ်ပေးပါနော်။ အားတဲ့အခါ လာလည်ပါလို့ ဖိတ်ပါတယ်ရှင်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။