အမိုးရေ... ကြယ်တွေကြွေရဲ့ လား...
မနေ့ က အိမ့်ချမ်းမြေ့ရဲ့ ကြယ်မိုးကိုဖတ်မိပြီး ဒီအကြောင်းလေးကိုရေးချင်စိတ်တွေ တဖွားဖွားပေါ်လာပါတော့တယ်။ မတားနဲ့ တော့ ရေးပြီ......း)
ကြယ်ကြွေတဲ့ (ကြယ်မိုး) အကြောင်းကို စာကြီးပေကြီးရေးမယ်လို့ တော့မထင်လိုက်ပါနဲ့ ရှင်။ (ကျမလို လူပြိန်းသိတဲ့ ကြယ်ကြွေ တာဟာ ဒီနေရာမှာ ကြယ်မိုး လို့ အိမ့်ချမ်းမြေ့ ကတင်ပြထားပါတယ်ရှင်။)
ကျမအရင်တုန်းက သစ်တောလေးတခုမှာ အလုပ်လုပ်ပါတယ်။ သစ်တောဆိုတော့ မြို့ ပြနဲ့ လည်း နဲနဲတော့အလှမ်းဝေးတာပေါ့။ တနေ့ တော့ သူငယ်ချင်း ဘိုမလေး (အမေရိကန်မလေး) က ဖုန်းဆက်လာပါတယ်။ သူ ကျမနေရာကို လာပြီး ကြယ်တွေကြွေ (star shooting လို့ သူကပြောပါတယ်) တာလာကြည့်ချင်တယ်လို့ ပြောပါတယ်။ တောထဲမှာဆိုတော့ လျှပ်စစ်မီးရောင်တွေ အဆောက်အဦ တွေ မရှိတော့ မဲမှောင်ပြီး ကောင်းကင်ကျယ်ကြီး ကို စိတ်တိုင်းကျ မော့ကြည့်နိုင်တယ်လေ။ ကျမအမှတ်မမှားဘူးဆိုရင်တော့ အဲဒါ နိုဝင်ဘာ လဖြစ်ပါလိမ့်မယ်။ ကျမကသိတဲ့အတိုင်း ငှက်သမားပါ။ တယ်လီတွေ မှန်ဘီလူးတွေ နဲ့ တချိန်လုံး အလုပ်ရှုပ်နေပေမဲ့ ကြယ်တွေ လတွေကို ပျင်းရင်အပျော်ကြည့်တာကလွဲလို့  သေသေချာချာ စောင့်ကြည့်ဘို့ ဆိုတာ တခါမှတောင် မတွေးဘူးပါဘူး။
သူကပြောလာတယ်။ အဲဒီလထဲက အဲဒီရက်ပိုင်းတွေမှာ ကြယ်တွေအများကြီးကြွေလိမ့်မယ်တဲ့။ မြင်တွေ့ ဘူးနေကျလိုမျိုးမဟုတ်ဘူးတဲ့။ ကောင်းကင်ပြင်ကြီး ကနေ ဟိုကကြွေလိုက် ဒီကကြွေလိုက်အများကြီး မြင်ရမှာ။ သိပ်စိတ်ဝင်စားစရာကောင်းတယ်တဲ့။ တရက်က ပိုများမယ်တဲ့။ ဟုတ်ပါပြီ။ ဒီလောက်ပြောရင် ကျမကပါဝင်ဆင်နွှဲဘို့ အသင့်ဖြစ်နေပါပြီ။
သူပြောတဲ့ပိုများမယ်ဆိုတဲ့ တရက်ကလည်း ဖုန်းဆက်ပြီးနောက်တနေ့ ။ ဒါနဲ့ ကျမလည်း သူ့ ဆန္ဒလည်းဖြည့်ပေးချင်။ ကျမကိုယ်တိုင်လည်း အတွေ့ အကြုံသစ်တခုကို တောထဲသွားပြီး ယူရမယ်ဆိုတော့ စိတ်ဝင်စားမိနေပြီဆိုတော့ အစီအစဉ်မြန်မြန်လေးဆွဲပြီး လိုအပ်တာတွေလုပ်လိုက်ပါတယ်။
အထက်လူကြီးကို အသိပေး လိုအပ်တဲ့ခွင့်ပြုချက်ယူ။ ကျမတို့ စတည်းချဘို့ သစ်တောထဲက ရေကန်လေးဘေးက ဧည့်ဆောင်လေး ကိုသုံးဘို့ စီစဉ်။ သူငယ်ချင်းတွေ ရသလောက်စု။ ထုံးစံအတိုင်း မပါမဖြစ် အစားအသောက်တွေ ၀ယ်ဘို့ ၊သယ်ဘို့ ၊ချက်ဘို့ စီစဉ်။ ဧည့်ဆောင်လေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ကရင်အမျိုးသမီးကြီးအမိုးတို့ စုံတွဲ ကို ကျမတို့ လာမဲ့အကြောင်းအကြောင်းကြား။ တောထဲမှာ လူသူဝေးတဲ့နေရာမှာ နေရတဲ့ အမိုးတို့ ကလည်း ကျမတို့ လာမယ်ဆိုရင် သိပ်ပျော်တယ်။ ပျော်ပျော်ပါးပါး ချက်ကြ စားကြ သူတို့ ကို လည်း မုံ့ ဘိုးတွေပေး။ စကားတွေပြော။ သီချင်းတွေဆိုကြ။ အစားအသောက်တွေဆို လည်း သူတို့ အတွက်ပါပိုယူသွားပြီး၊ ပါသွားတာအကုန်ပေးထားခဲ့တော့ ကျမတို့ လာမယ်ဆိုရင် အရမ်းတက်ကြွပြီး ပျော်နေတာ။ အမြဲတမ်း လည်း စားစရာတွေက နောက်တပါတ်လောက်စားလို့ ရအောင်ပိုနေတတ်ပါတယ်။ အမိုးချက်တဲ့တောဟင်းလေးတွေကလည်း စားလို့ ကောင်းတော့ ကျမတို့ လာမဲ့ ညစာနဲ့ နောက်နေ့ နံနက်စာတွေ ကိုချက်ဘို့ အတွက် အမိုးကိုဟင်းလျာတွေလှမ်းပို့ ပြီး အဆင်သင့် စီစဉ်ထားလိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ က သီးစုံကုလားဟင်း၊ ဘဲဥခေါက်ကြော်၊ ငါးဖယ်ကြော်၊ ငါးကြော်၊ ငပိရည်ဖျော် တို့ စရာပေါင်းစုံနဲ့ ၊ ညစာစီစဉ်လိုက်ပါတယ်။ (ဘိုမကအကုန်စားတယ် ပူစရာမလို)။ အဲဒီနေ့ မနက်ပိုင်းကတည်းက လိုအပ်တဲ့ပစ္စည်းတွေ ကိုယ့်စီမှာရှိနေတဲ့ ငှက်ကြည့်တဲ့တယ်လီ တို့ ၊မှန်ဘီလူးတို့ ၊ သပနပေါင်းစုံကို အရင်တခေါက်ပို့ ထားပေါ့။
အဲဒီနေ့ ညနေစောပိုင်းကျတော့ကျမအိမ်မှာ အရင်စုရပ်လုပ်ပြီးမှ တောထဲကို ကျမသူငယ်ချင်းတွေ မိန်းခလေးတွေရော၊ ယောက်ျားလေးတွေရော၊ ကျမ မမ၊မောင် နဲ့ တူမလေးတွေရော (မမကအပျိုကြီးပါ) ဘိုမရောတပြုံကြီး အားလုံးကိုးယောက်လမ်းလျှောက်ပြီးချီတက်သွားကြပါတယ်။ အားလုံးကလည်း တခါမှ မမြင်ဘူးတာတွေ ကိုစောင့်ကြည့်ဘို့ အတွက် စိတ်တွေလှုပ်ရှားတက်ကြွလို့ ပျော်ပြီးဆူညံနေကြတာဘဲ။ စားစရာတွေလည်းစီစဉ်ပြီးသားဆိုတော့ တောထဲမှာ ပစ်ကနစ်ထွက်ရသလိုပေါ့လေ။ (အစားအသောက်တွေစီစဉ်ထားပြီးသားလို့ လည်း မျှားရသေးတယ်။ သူတို့ ကလည်းသိပါတယ်။ ကျမစီစဉ်ပြီဆိုရင် အနဲဆုံး လက်ဖက်သုပ်၊ထမင်းဖြူနဲ့ ကော်ဖီမစ်တော့ တ၀ကြီးစားသောက်ရမယ်ဆိုတာ။)
အလုပ်မရှိ ဗိုက်ဆာဆိုတဲ့ကျမတို့ အုပ်စုဟာ ဟိုရောက်တော့ အမိုးချက်နေတဲ့ ညစာကို စားချင်လှပါပြီ။ အမိုးလည်း တို့ စရာလေးတွေ အပြီးသတ်မြန်မြန်ဆန်ဆန်လုပ်ပေးပြီး ရော ကျမတို့ အားလုံး မစည်းရုံးရဘဲ ညီညီညာညာနဲ့ ထမင်းပွဲပြင်ကြပါတယ်။ စားချင်လှပြီလေ။ ရေကန်ဘေးမှာ ခုံရှည်ခင်းပြီး ပြင်ကြပါတယ်။ သိတဲ့အတိုင်း ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ..အဲလေ..ဆာလောင်နေတဲ့လူအုပ်ကြီးဟာ ခေါင်းမဖေါ်စတမ်း ညစာကိုအားပေးကြပါတော့တယ်။ စားပြီးတော့လည်း မာလကာသီးတို့ ၊ သဘောင်္သီးတို့ ၊လက်ဖက်တို့ ကော်ဖီမစ်တို့ နဲ့ အချိုလေးတည်း။ ဒါပေမဲ့ စားတာကလည်း အနှစ်နှစ်အလလကထမင်းမစားခဲ့ရသလို ခဏလေးနဲ့ စားလိုက်တော့ အချိန်တွေက ပိုနေပါတယ်။ မှန်းထားသလို စားပြီးတာ နဲ့ အချိုပွဲလေးနဲ့ ကြယ်တွေကြွေတာထိုင်ကြည့်ဘို့ ရာ လုံလောက်တဲ့အမှောင်ကမရောက်လာသေးပါဘူး။
ဒီတော့ ပိုကာလေးကစားရင်းစောင့်ကြမယ်ဆိုပြီး ဧည့်ဆောင်ပေါ်ကို အကုန်တက်သွားကြပါတော့တယ်။ ပိုကာမဆော့တဲ့သူတွေ ကလည်းဘေးမှာစားရင်းသောက်ရင်း လှဲတဲ့သူလှဲကြနဲ့ ပေါ့။ သူငယ်ချင်းဘိုမက ပိုကာသိပ်မကျွမ်းလို့ ပြန်သင်ပေးရသေးတယ်။ ကစားရင်း စောင့်လိုက်ကြတာ တကယ်မှောင်လာတော့ ပိုကာဝိုင်းက အရှိန်ရနေပြီ။ ပိုဆိုးတာက ဘိုမကလည်း ဘီဂင်နာဆိုတော့ ဖဲသမားတို့ ထုံးစံအတိုင်း ဘီဂင်နာက နိုင်စမြဲလေ။ သူကလည်း နိုင်နေတော့ သိပ်သဘောကျနေပြီး ကြယ်ကြွေတာကို သူ့ အလှဲ့ ပြီးတဲ့ အချိန်ဖဲလေးပစ်ချပြီးတဲ့အချိန်မှာ ကသုတ်ကရက်နဲ့ ထွက်ကြည့်။ အလှဲ့ ရောက်ပြီလို့ အော်ခေါ်လိုက်ရင် ပြေးလာထိုင်ကစားလိုက်နဲ့ တယောက်တလှဲ့ အဲဒီလို တက်သုတ်ရိုက် ထွက်ကြည့်ကြပါတယ်။ ကိုယ့်နေရာကကျန်နေခဲ့တဲ့ပိုက်ဆံလေးတွေ ကိုလည်း စိတ်ပူရသေးတယ်။ ဘယ်သူကနောက်ပြီး ဘုန်းလိုက်မလဲလို့ ။ ဒါနဲ့ ကြယ်ကြွေတာကို ရည်ရွယ်ထားသလို တချိန်လုံးစောင့်ကြည့်မနေကြတော့ပါဘူး။ နိုင်တဲ့သူကလည်းပိုနိုင်ချင်။ ရှုံးတဲ့သူကလည်း ရှုံးမဲမဲ နဲ့ ကိုယ့်ရဲ့နိုင်မဲ့အလှည့်လေးကိုမြှော်နဲ့ ပေါ့။ သူငယ်ချင်းမတယောက်ကလည်းတိုက်တိုက်ဆိုင် ၀မ်းတွေလျှောနေခဲ့သေးတော့ ရေအိမ်ကထွက်လာတဲ့အချိန်မှာ တော့ အပြင်ကိုထွက်ထိုင်ပြီး ၀တ်ကျေတန်းကျေတော့ကြည့်ပါသေးတယ်။ ဒါပေမဲ့လည်း သူ့ ဝမ်းနာသူသာသိဆိုသလိုဖြစ်နေတော့ သူ့ အာရုံကလည်း ကောင်းကင်ပေါ်မှာ အချိန်ပြည့် ရှိမနေခဲ့ပါဘူး။
ဒီတော့ လာရင်းကိစ္စအထမြောက်ရလေအောင် မှန်ဘီလူး နဲ့ ကောင်းကင်ကို စိတ်ဝင်တစားကြည့်နေတဲ့အမိုးကိုဘဲ စောင့်ကြည့်ဘို့ တာဝန်ပေးရပါတော့တယ်။ (အမိုးကလည်း တက်ကြွစွာ ဆင်နွှဲပါတော့တယ်။)ဟုတ်တယ်လေ။ ကိုယ်ကနောက်ဆံတငင်ငင်နဲ့ ထွက်ကြည့်တဲ့အချိန်မှာလည်း သူကကြွေချင်မှကြွေတာ။ သူစိတ်ရောကိုယ်ပါကြွေနေတဲ့အချိန်မှာလည်း ကိုယ်ကကြည့်ဖြစ်ချင် မှကြည့်ဖြစ်တာ။ ကံကောင်းတဲ့အလှည့်ဆိုရင်တော့ ဖဲလေးကလည်းနိုင် ထွက်ကြည့်တဲ့အချိန်မှာ ကြယ်မိုးတွေကလည်း အများကြီးရွာ ..အဲ..ကျမတို့ စကားနဲ့ ဆိုရင်တော့ ကြွယ်တွေကလည်း အများကြီးကြွေပေါ့။ ဒီလိုနဲ့ ကျမတို့ ရဲ့ကြယ်ကြွေများစောင့်ကြည့်ခြင်းမဟာစီမံကိန်းကြီး ဟာကနဦးလျာထားသလို မဖြစ်လာခဲ့ပါဘူး။ စီမံကိန်းကို အကောင်အထည်ဖေါ်မဲ့သူများ ရဲ့ လုံ့ လနည်းပါးမှု၊ အပျော်အပါးမက်မှု နဲ့ အချိန်မလုံလောက်မှုတို့ ကြောင့် စွမ်းစွမ်းတမံ အကောင်အထည်မဖေါ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့  တညလုံးနီးပါး အမိုးရေ....ကြယ်တွေကြွေရဲ့ လား လို့ တယောက်တလှည့်မေးသံကတော့ မှန်မှန်ကြီးကြားနေရပါတယ်။ အမိုးကလည်း ...မကြွေဘူးဆရာမရေ...ကြွေတယ်ဆရာရေ...ဆရာတို့ ဆရာမတို့ ရေ.အများကြီးကြွေနေပြီ... နဲနဲလေးကြွေတယ်ဆရာမရေ.. နဲ့ ကျမတို့ သူ့ ကို သုံးဆောင်ဘို့ ပေးထားတဲ့ မုန့် လေးတွေစား၊ ကော်ဖီသောက်၊ ရေနွေးဗူးတွေဖြည့် နဲ့ သူတယောက်တည်း ကြယ်ကြွေညကို ပျော်ပျော်ကြီး ဆင်နွှဲသွားခဲ့ပါတော့တယ်။ မနက်လင်းအားကြီးတော့ အားလုံးဒေါင်းကုန်ပြီး ကြုံသလို လှဲအိပ်ကြပါတယ်။ ဒါပေမဲ့ ဖဲမကစားဖြစ်ဘဲ ညတ၀က်လုံး ၀မ်းသွားနေတဲ့သူငယ်ချင်းက မနက်ကျတော့ ဗိုက်ဟာနေပြီလေ။ သူနဲ့ မမနဲ့ ဦးဆောင်ပြီး မနက်ခြောက်နာရီလောက်ကျတော့ ဧည့်ဆောင်လေး ရှေ့ မှာ ဖိုထားတဲ့ တညလုံး ဘယ်သူမှ အသိမှတ်ပြုခြင်းမခံရတဲ့ ထင်းမီးဖိုလေးမှာ အကြော်တွေ စတင်ကြော်နေကြပါပြီ။ ကျမကြိုတင်ပို့ ထားတဲ့ အကြော်မှုန့် တွေ ဘူးသီး တွေ ၊ ခရမ်းသီးတွေ၊ အာလူးတွေ၊ မြင်းခွာရွက်တွေ၊ အသင့်ဖျော်ပြီးသားအချဉ်ရည် တွေ ဆလတ်ရွက်တွေ နံနံပင်တွေ ဂေါ်ဖီတွေ ဟာ စီမံကိန်းကြီး မအောင်မြင်ခဲ့ပေမဲ့လည်း နဲနဲလေးမှ အလေအလွင့်မဖြစ်သွားခဲ့ပါဘူး။ ပူပူနွေးနွေး အကြော်စုံတွေနဲ့ ၊ ရေနွေးကြမ်းတွေ၊ ကော်ဖီပြင်းပြင်း (ကော်ဖီမစ်ကို အကုန်လုံး ၂ထုတ်ထဲ့ကြပါတယ် တခွက်ကို) တွေ ကိုကန်ရေပြင်ဘေးမှာ ထိုင်ပြီး စားသောက်ရင်း ညကမကြည့်လိုက်ရတဲ့ကောင်းကင်အလှ ကို မနက်စောစော ကန်ရေပြင်အလှ နဲ့ အစားထိုး ခံစား ပြီး ညကအကြောင်းစမြုံ့ ပြန်ကြပါတယ်။ အပြန်လမ်းတလျှောက်လုံးမှာ ညက လွတ်သွားတဲ့ကြယ်ကြွေတွေနဲ့ ပိုကာဝိုင်းက အရှုံးအနိုင်တွေ ပြန်စမြုံ့ ပြန်ကြရင်း..............
အမိုးရေ...ကြယ်တွေကြွေရဲ့ လား.. ဆိုတာကိုဘဲ သဘောကျနေကြပြီး၊ တတွတ်တွတ်ရွတ်လို့ တ၀ါးဝါးရယ်မောရင်း ပြန်လာကြပါတော့တယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
မှတ်ချက်။
ကျမကြည့်တဲ့အချိန်မှာတော့ သုံးလေးနေရာလောက် ကြယ်တွေကြွေတာကို မြင်ခဲ့ရလို့ စိတ်လှုပ်ရှားပြီး ပျော်ခဲ့ရပါသေးတယ်။ အမိုးလည်း တယောက်တလှည့်ပေးကြတဲ့ မုံ့ ဘိုးတွေနဲ့  ထားခဲ့တဲ့စားစရာတွေ နဲ့ ပျော်ပြီးကျန်နေခဲ့လေရဲ့ ။ ဆရာမတို့ ဘယ်တော့ထပ်လာအုန်းမလဲလို့ မေးပြီး ကျမတို့ နောက်ထပ်လာမှာကို မျှော်လို့ ကျန်နေခဲ့ပါတယ်ရှင်။
ဖတ်ရတာ ပျော်စရာ ကောင်းလိုက်တာ။
ReplyDeleteဒီပို့စ်လေးဖတ်ပြီး ငယ်ငယ်တုန်းက မောင်နှမတွေ တောထဲအလည်သွားတာ အမှတ်ရတယ်။
ပူပူနွေးနွေး အကြော်စုံတွေက မတင်တော့ ကြည့်ရတော့ဘူး။
စိတ်ကူးနဲ့ ပဲ မှန်းပြီး မြင်ယောင်လိုက်တော့တယ် :D
ညယံ..
ReplyDeleteပျော်စရာကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ်။ ကိုယ်တို့ လည်း တအားပျော်ခဲ့တာ အဲဒီညက။ အဲဒီ ပုံတွေမပါလာဘူး။ စိတ်မှန်းနဲ့ ဘဲ အကြော်စုံတွေ မြင်ယောင်လိုက်တော့ ညယံရေ။
ကြယ်တွေကြွေတာကို အာရုံမထားနိုင်တော့ ပေမယ့် အင်မတန် ပျော်စရာ ကောင်းခဲ့တဲ့ ညလေးဖြစ်မှာတော့ သေချာတယ်၊ အမိုးကတော့ တန်တယ်၊ အစားအသောက် အလျှံပယ်၊ မုန့်ဖိုးတွေ အပြင် ကြယ်ကြွေညကို အစအဆုံး ဆင်နွှဲလိုက် ရလို့..၊ မအိုင်အိုရာတို့လည်း တန်ပါတယ်၊ ကြယ်တွေဒေါင်းတာ ကို ပိုကာကြွေရင်း ထွက်ကြည့်ရတာ Two birds with one stone ပေါ့..။းD
ReplyDeleteကြယ်ကြွေတာခုထိမမြင်ဘူးဘူး။အပျော်တွေကူးစက်သွားပါတယ်။
ReplyDeleteကြယ်တွေကြွေတာကြည့်ချင်လိုက်တာနော်။ အင်း ပိုကာလဲဒေါင်းချင်တာပဲ။ ကိုယ့်မှာမရှိသေးတဲ့ ကင်မရာအကောင်းစားနဲ့ကြယ်တွေကိုလဲ ရိုက်ထားချင်တယ်။ အင်း စိတ်ကူးနဲ့တင်ဗျာများနေတာ တကယ်များဆိုရင်တော့ ဟင်း.....
ReplyDeleteဟုတ်တယ် ကြယ်ကြွေတာ တစ်ခါမှ မမြင်ဖူးသေးလို့ ကြည့်ချင်တာ အရမ်းဘဲ
ReplyDeleteဒီရက်ပိုင်း ဒီမှာ မိုးကလည်း သည်းကြီးမဲကြီးရွာ မိုးကြိုးတွေပစ်နဲ့
ကြယ်တောင်ဘယ်နားနေမှန်းမသိအောင် မမြင်ရဘူးရယ်
အော ပိုကာလည်းဒေါင်းတတ်တယ်ပေါ့..
အပြင်မှာ တွေ့ကြရင် တစ်ပွဲတစ်လမ်း စမ်းကြည့်ရအောင်နော
ရှုံးတဲ့သူ မုန့်ကျွေးကြေး ဟိဟိ
ပျော်စရာလေး... ဖတ်ပြီး အဲ့ဒီညရဲ့ အပျော်တွေ ကူးသွားတယ်း)ရို့စ်သာဆို ကြယ်ကြွေတာ စောင့်မကြည့်ဘဲ ၀င်အိပ်တယ်။ အအိပ်မက်တယ် ဒီက ဟိး)
ReplyDeleteဟယ် တကယ်ပျော်စရာကောင်းမှာပဲနော်
ReplyDeleteငယ်ငယ်က ခရစ္စမတ်ညတွေကို သတိရသွားတယ်
ဒီလိုပဲ တညလုံး လိုက်သီချင်းဆို မနက်ဆို တခုခုလုပ်စား
ပျော်စရာ အိုင်အိုရာမပြောနဲ့ ကိုယ်တောင် စာဖတ်ပြီး
ရောယောင်ပျော်သွားတယ်း)
ကိုညီလင်းသစ်..
ReplyDeleteဟုတ်တယ်..ကိုညီလင်းသစ်ရေ..တကယ်ပျော်စရာကောင်းခဲ့ပါတယ်။ အမိုးရေ..ကြယ်တွေကြွေရဲ့ လားဆို ပြီး ဟာသနှောတဲ့ မေးသံတွေကိုလည်း ကိုယ်ကိုယ်တိုင်ပြန်ကြားယောင်လာတယ်။ ရေးရင်းနဲ့ ။ မှန်လိုက်တာ..အမိုးကတော့အတန်ဆုံး။ သူတယောက်တည်း ကြယ်တွေကြွေတာ အများကြီး မြင်လိုက်ရတာကိုး။ ကျမတို့ လည်းတန်ပါတယ်။ ကြယ်တွေဒေါင်းတာကို ပိုကာကြွေရင်းထွက်ကြည့်ရတာ။ ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်။း))))
အန်တီဦး..
ဒါဆို ..အိမ့်ချမ်းမြေ့ရဲ့ ကြယ်မိုး ကိုသွားဖတ်ပြီး ကြယ်ကြွေမဲ့ရက်တွေ မှတ်ထားပြီး စောင့်ကြည့်လို့ ရပါတယ်။ ဒီရက်ပိုင်းမှာတောင်ရှိတယ်ထင်ပါတယ်။
မွန်..
တကယ်ကြည့်ချင်တာဆိုရင် အိမ့်ချမ်းမြေ့က ကြယ်ကြွေမဲ့ ရက်တွေ လစ်စ်လုပ်ပေးထားတယ်။ စောင့်ကြည့်ပေတော့။ စိတ်ကူးနဲ့ အကုန်လုပ်လို့ ရတာ လုပ်သာလုပ်။ ကြည့်မယ်ဆိုရင်တော့ ပိုကာထုတ် မယူသွားနဲ့ နော်။ ဒီကခင်လို့ သတိပေးတာ..ဟင်း..ဟင်း..
ချော..
ပိုကာကဒေါင်းတတ်တာပေါ့။ မျိုးနဲ့ ရိုးနဲ့ ။
ငယ်ငယ်တုန်းကဆို ဒက်ဒီတို့ အမေတို့ လူကြီးတွေကတ၀ိုင်း ကိုယ်တို့ ခလေးတွေက တ၀ိုင်း.. ၀ိကန်းဒ်ဆို အိမ်ကစုရပ်ဘဲ။ အစားအသောက်ကလည်း ပေါတဲ့ခေတ်။ စားလိုက် ကစားလိုက်။
ချော ရှုံးရင်..ကိုယ်တိုင်ချက်ကြွေးရမှာနော်..ဟင်း..
ရို့ စ်..
ဟုတ်မှာ..ဒါကြောင့် ရို့ စ်မျက်လုံးလေး က ဖေါင်းဖေါင်းလေးလှနေတာဖြစ်နေရမယ်။း))
ဘေဘီ..
တကယ်..တကယ်..ပျော်စရာကောင်းတာဘေဘီရေ..
ရောယောင်ပျော်သွားလို့ ရောယောင်ပျော်လိုက်ပါတယ်။ ဟီး..ဟီး..
ကြယ်တွေကြွေတာ ကြည့်ချင်သွားပြီ...ဖတ်နေရင်း ကြယ်ကြွေတာကို မျက်စိထဲ မြင်ယောင်ပြီး ကြည့်သွားပါတယ်။
ReplyDeleteပျော်စရာပဲ၊
ReplyDeleteအဲဒီလို သဘာဝထဲ သွားရတာ စိတ်ဝင်စားတယ်။
စန်းထွန်း..
ReplyDeleteကြည့်ချင်ရင် စောင့်ကြည့်လို့ ရတယ်နော်။ အိမ့်ချမ်းမြေ့ စီမှာ ကြည့်နိုင်တဲ့ရက်တွေ တင်ပေးထားပါတယ်။ ကုတ်ဒင်း.. သက်သာသွားပြီလား..း)
အပြုံးပန်း..
သဘာဝထဲမှာ နေပြီးသဘာဝရဲ့ အရသာကိုခံစားရတာ ကိုယ်လည်း သိပ်ကြိုက်တယ်။
ပျော်စရာကြီး။ ဖတ်ရတာ ကြယ်ကြွေတာထက် အိုင်အိုရာတို့ အုပ်စု အရမ်း ကြွတက်နေတဲ့ ပုံက ပိုသရုပ်ပေါ်တယ်။
ReplyDeleteး)
ွှိ
အိုင်အိုရာ လာလို့ကတော့ လက်ဘက်နဲ့ ကော်ဖီပါပြီးသားဆိုရင် ဘယ်သွားသွားလိုက်ချင်တယ်။
စကားမစပ်
ပို့စ်မရေးဖြစ်ဘူးဖြစ်နေတယ် အိုင်အိုရာ ရယ်။ ဘယ်လိုပြောရမှန်းမသိပါဘူး။ ဟိုလေ မအားပျင်း ရောဂါ။
ခွင့်လွှတ်ပါနော်။
မကောင်းမွန်ဝင်း..
ReplyDeleteဘ၀မှာ ၀မ်းနဲခဲ့ရတာတွေ အများကြီးရှိခဲ့သလို..အဲလို ပျော်စရာအတွေ့ အကြုံတွေလည်း အများကြီးဘဲ။
ဒီကလည်း အဲလိုလိုက်မဲ့သူမျိုး လိုချင်နေတာ နော်။ ဒီမှာတော့ လက်ဖက်ကပြတ်ပြတ်သွားတတ်လို့ မနဲ မပြတ်အောင်..ဖန်တီး...ရတယ်။ (ရန်ကုန်ကိုပူဆာရတာပါ။း))
သိနေတယ်လေ..မအားပျင်း..ကိုဘယ်သူမှဖိအားပေးလို့ မရဘူးဆိုတာ။ ဒီကလည်း အဲလိုဘဲလေ။း)
အိုင်အိုရာ
အလုပ်မရှိ ဗိုက်ဆာ ဆိုတဲ့ စကားကို အရမ်းကို သဘောကျသွားပါတယ်။
ReplyDeleteစားစရာကို စိတ်ဝင်စားတဲ့သူဆိုတော့ စားစရာနာမည်တွေကိုပဲ လိုက်ကြည့်လိုက်၊ မြင်ယောင်လိုက် ဖြစ်နေတယ်။ :D
ငယ်ငယ်ကတော့ ကြယ်ကြွေရင် အမြန် ဆုတောင်းပစ်လိုက်တာပဲ။
"စာမကြည့်ပဲ စာမေးပွဲ အောင်ပါစေ.."
"အလုပ်မလုပ်ပဲ ချမ်းသာပါစေ.."
"ဘာညာ ဆိုပြီး.."
စနိုး..
ReplyDeleteဆုတောင်းပုံလေးတော့သဘောကျသွားပြီ။
ဒီလိုဆုတောင်းမျိုးပြည့်မှ တန်တာသိလား။း)
အိုင်အိုရာ