|
ကညွတ်အိုးကင်းပူတိုက် |
ဒါလည်း အရင်တုန်း က ချက်စားခဲ့တာတွေပါ။ မတင်ဖြစ်ခဲ့လို့ တင်လိုက်တာပါ။ တခါတခါ ညဖက် ထမင်းလွတ် စားချင်တဲ့အခါ ဒီလိုမျိုးလေး လုပ်စားဖြစ်ပါတယ်။ ကညွတ်ကို အရင်းပိုင်းအရင့်လေးတွေဖြတ် ရေဆေးပြီး ဆီလေးဖြန်းအိုးကင်းပူတိုက်ထားတာပါ။ အရသာ နှစ်သက်သလိုထဲ့ပေါ့။ ကိုယ်ကတော့ ချစ်ချစ်အကြိုက် ခရုဆီလေးနည်းနည်း နဲ့ လှိမ့်လိုက်တာပါ။ ကြိုက်ရင် နှမ်းဆီလေးနည်းနည်း ထဲ့ရင် ပိုမွှေးတာပေါ့။
|
ကညွတ်အိုးကင်းပူတိုက် နဲ့ ဖက်ထုတ်ကြော် |
ဒီလိုလေး ဖက်ထုတ်ကြော်နဲ့ တွဲစားတယ်လေ။
|
ဖက်ထုတ်ကြော် |
ဖက်ထုတ်ကြော်တာလည်း လွယ်ပါတယ်။ ကိုယ်နှစ်သက်ရာ အသားနဲ့ နှစ်သက်သလို အရသာထဲ့ပြီး အဆင်သင့်ရောင်းတဲ့ ဖက်ထုတ်ခွံလေးထဲထဲ့ထုတ်ပြီးကြော်ရုံပါဘဲ။ အိုင်အိုရာ က တော့ ၀က်သားကြိတ်သားနဲ့ လုပ်ထားတာပါ။ ၀က်သားကြိတ်သားကို ဂျင်းနည်းနည်း ကြက်သွန်ဖြူနည်းနည်း ထောင်းထဲ့ ကော်မှုန့် လေး နည်းနည်းထဲ့ ပဲငံပြာရည် နည်းနည်း ခရုဆီနည်းနည်း နဲ့ ကြက်ဥ ရောမွှေပြီး အစာလုပ်ထားတာပါ။ ပြီးတော့ လေးထောင့်ဖက်ထုတ်ရွက် အသေးလေးတွေထဲထဲ့ အထုတ်လေး လို ဆွဲစေ့ပြီး အသာပုံသွင်းပြီး ဆီပူထဲထဲ့ကြော်ပေါ့။ ဆီပေါကြော်ရတာပါ။
|
ဒီလိုမျိုးလေးပေါ့။ ဒီပုံကတော့ တခြားအချိန်တုန်းက ဖက်ထုတ်ကြော်ကြော်စားတုန်းက ရိုက်ထားမိတာ။ အခုကြော်ထားတာထက်နည်းတယ်။ |
|
ထမင်းလွတ်ညစာ |
အာမခြောက်အောင်လို့ ဝက်ကြိတ်သားနည်းနည်းထဲ့ပြီး ဟင်းချိုလေးလုပ်လိုက်တာပါ။ ဟင်းချိုကတော့ ကြက်သွန်ဖြူ နဲ့ ငြုပ်ကောင်းလေးခပ်ထားပြီး ကြေးအိုးအနံ့ မျိုးထွက်အောင် နှမ်းဆီလေးနည်းနည်း ထဲ့စားပါတယ်။ ဆန်ကြာဆံနဲ့  မုန်ညင်းစိမ်းခပ်ထားပါတယ်။
|
အချဉ် |
မြန်မာပြည်မှာတုန်း က ဆိုးဆေးကြောက်လို့ ဒီလိုငြုပ်ဆီ ကိုကြိုက်လျက်နဲ့ ရှောင်ခဲ့ပါတယ်။ ဒီမှာတော့ စိတ်ချလက်ချ စားနိုင်တော့ ကြက်ဖတံဆိပ် ငြုပ်ဆီမပြတ်ဆောင်ထားပါတယ်။ ငြုပ်ဆီနည်းနည်း ထဲ့ ငံပြာရည်နည်းနည်းထဲ့ သကြားလေးနည်းနည်းထဲ့ ကြက်သွန်ဖြူထောင်းထဲ့ ငြုပ်သီးစိမ်းဖြတ်ထဲ့။ မြန်မာပြည်ကသူတွေကတော့ ဆိုးဆေးရှောင်သင့်တော့ သံပုရာသီးလေး မန်ကျည်းရည်လေးနဲ့ ပဲ ဒီလိုလုပ်စားပေါ့နော်။
|
ကြာဆံနဲ့ မုန်ညင်းစိမ်း ဟင်းချို |
|
ဖက်ထုတ်ကြော်၊ ကြာဆံဟင်းချို နဲ့ ကညွတ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပြီ |
|
ချိစ်ကိတ် |
ထုံးစံအတိုင်း အချိုပွဲလေး နဲ့ ပိတ်လိုက်မယ်နော်။ ချိစ်ကိတ်က နှစ်ယောက်လုံးကြိုက်ကြတော့ မကြာခဏလုပ်စားဖြစ်တယ်လေ။ အိုင်အိုရာတို့ အကြိုက် လုပ်တဲ့
ချိစ်ကိတ်လုပ်နည်း တင်ထားပေးပြီးသားမို့ အဲဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အိုင်အိုရာလည်းတင်ထားမိတာ ၀မ်းသာနေတာ။ မလုပ်တာကြာသွားရင် အချိုးအစားတွေက မေ့သွားရော။ ဒီမှာပြန်ပြန်လာကြည့်ရတယ်လေ။ ကိုယ့် စာဖတ်သူတွေလည်း လုပ်နိုင် ကိုယ်လည်း ပြန်လုပ်နိုင်ဆိုတော့ မဆိုးဘူးဘဲ။ ဒီချိစ်ကိတ် က စပျစ်ခြောက်ထဲ့လုပ်ထားတာ။ အိုင်အိုရာ့အတွက်ဆိုရင် တော့ နည်းနည်း ချိုသွားတယ်။ စပျစ်သီးက ချိုတော့ နည်းနည်းပဲ ထဲ့ရင်ထဲ့ ကိတ်သားကို အချိုလျှော့ထဲ့ရင်ထဲ့ ပေါ့ ။
လာအားပေးသူများ အားလုံးကျေးဇူးတင်ပါတယ်ရှင်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ပျော်ရွှင်ကြပါစေ။
ခင်မင်လေးစားသော
အိုင်အိုရာ