Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, November 1, 2014
အောက်တိုဘာရဲ့ ငြိတွယ်ခြင်း
ခုတလောနှစ်သက်ငြိတွယ်မိနေတာကသူများတွေနဲ့ တူမယ်မထင်ဘူး။
ဘာလို့ ဆိုကိုယ်နှစ်သက်မိနေတာလေးသုံးလေးမျိုးက
ရုံးသွားရုံးပြန်ကားလမ်းဘေးမှာဖူးပွင့်နေတဲ့အရိုင်းပန်းလေးတွေ။
ကားပေါ်ကဓါတ်ပုံဆင်းရိုက်ဖို့ လည်းအဆင်မပြေဘူး။
ဖြတ်သွားရင်းရိုက်ပြန်တော့လည်းမှုန်ဝါးဝါးတွေ။
အဲလိုဖြစ်နေတာကိုကကိုယ့်မှာမချင့်မရဲနဲ့ အဲဒီပန်းလေးတွေညှိုးနွမ်းလို့ မကြွေသွားခင်အားရပါးရကြည့်ချင်နေတာ။
ဒါပေမဲ့ကိုယ်သိပါတယ်။
အချိန်ရှားပါးတဲ့ဒီနိုင်ငံမှာသည်လိုနဲ့ ဘဲ
ဒီပန်းလေးတွေပျောက်ကွယ်သွားတာကိုပဲမြင်ရအုန်းမှာပါ။
ဒီနှစ်ပွင့်တဲ့အရိုင်းပန်းတွေထဲမှာ
အရင်နှစ်နှစ်ကမမြင်ဘူးခဲ့တဲ့ပန်းလေးတွေပါတယ်။
ကိုယ်သိပ်အံ့သြနေတာ။ ဒါဆိုသူတို့ မနှစ်ကဘာလို့ မပွင့်ကြတာပါလိမ့်လို့ အတွေးနယ်ချဲ့ မိတယ်။
ကိုယ်မမြင်တာတော့မဖြစ်နိုင်ဘူး။ ကိုယ်ကအရိုင်းပန်းလေးတွေသဘာဝအတိုင်းဖူးပွင့်နေတာကိုအမြဲရှာကြည့်နေတဲ့သူ။
ဒါဆိုသူတို့ ကနှစ်နှစ်တခါသုံးနှစ်တခါမှများအစေ့ကအပင်ပေါက်နိုင်သလားမသိ။
သေချာတော့ရှာမကြည့်ရသေးဘူး။
တချို့ ပန်းလေးတွေရဲ့ အပင်ကတစ်ထွာလောက်ပဲရှိပြီးပန်းလေးတွေက တစ်ပင်မှာထိပ်လေးမှာပဲသုံးလေးငါးပွင့်စုပွင့်နေတာ။ သဇင်ပန်းပွင့်လေးတွေလောက်ပဲရှိတယ်။ သေးသေးလေး။ ဒါပေမဲ့သူတို့ တွေစုပြုံပြီးပေါက်နေပွင့်နေကြတော့အဖြူအုပ်လေးတွေ အဖြူအုပ်လေးတွေကိုလမ်းဘေးမှာမြင်နေရတာကိုယ့်အတွက်တော့ဘယ်ပန်းချီနဲ့ မလဲနိုင်အောင်သဘောကျနေမိတာ။
သူတို့ ကိုတော့အရင်နှစ်တွေကမြင်ဘူးပါတယ်။
မမြင်ဘူးတဲ့အထဲမှာပါတာကအ၀ါရောင်သေးသေးလေးတွေနဲ့ အပင်သေးသေးလေးတွေ။
ကိုယ်လက်ထဲမှာကိုင်ပြီးသေသေချာချာကြည့်ချင်လိုက်တာ။ ဘယ်လိုပွင့်ဖတ်လေးတွေများပါလိမ့်လို့ ကိုယ်တွေးနေမိတယ်။ အနံ့ ကရောသင်းသင်းလေးလား။ နမ်းကြည့်မှမွှေးမှာလား  စသဖြင့်ပေါ့။
နောက်တမျိုးဒီနှစ်မှမြင်တာကတော့ကိုယ်တို့ မြန်မာပြည်မှာ ရွှေဝါပန်းလို့ ခေါ်တဲ့ဘုရားပန်းအဖြစ်ရောင်းတဲ့
ကိုင်းတောင့်တောင့်ရွက်စိမ်းစိမ်းတွေကြားမှာအဖျားကချွန်သွားတဲ့အ၀ါရောင်ပန်းလိုမျိုးအရိုင်းပန်းပင်အုပ်တွေ။ ဟိုင်းဝေးလမ်းဘေးတင်မကဘူး ရုံးကကွန်ကရိအုတ်ကြားထဲမှာတောင်လာပေါက်ပြီးပွင့်နေတယ်။ အဲဒီအပင်တော့ကိုယ်ဖုန်းနဲ့ ရိုက်ထားလို့ တင်ပေးလို့ ရတယ်။ ဒါပေမဲ့ကိုယ်နှစ်သက်တဲ့ သဘာဝမြေပြင်ပေါ်မှာတော့မဟုတ်လို့  မချင့်မရဲနဲ့ ပေါ့။ ဒါပေမဲ့သူ့ နားရောက်ရင်မကြည့်ပဲမနေနိုင်ဘူး။ တပင်ထဲရင်ထဲကနွယ်တော့မဟုတ်ဘူး။ တပင်ထဲ ကွန်ကရစ်ထဲကအရိုင်းပင်လေးပေါ့။
အဲလိုသဘာဝအရိုင်းပန်းလေးတွေဟာများသောအားဖြင့်ဖြူဖြူလေးတွေ။ ၀ါဝါလေးတွေနဲ့ ခရမ်းလေးတွေများတယ်။ တခါတလေလည်း ပန်းနုရောင်လေးတွေတွေ့ ရတယ်။
ကိုယ်ကအဖြူနဲ့ ခရမ်းကိုနှစ်သက်တော့အရိုင်းပန်းလေးတွေကိုသိပ်နှစ်သက်မိတာမဆန်းပါဘူးနော်။ တခါတခါမီးပွိုင့်မိနေရင် ကိုယ်သူတို့ နိမ့်နိမ့်လေးတွေနဲ့ လေထဲမှာယိမ်းနေတာ ကိုမျက်စေ့မလွှဲတမ်းကြည့်နေသေးတာ။ ဓါတ်ပုံရိုက်ဖို့ ကြိုးစားပြန်တော့လည်းသေးလွန်းတော့ ၀ါးနေပြန်ရော။ ဒီတော့ကိုယ့်မှာ သူတို့ ကိုမမေ့မလျော့ကြည့်ဖို့ ကလွဲလို့ ဘာမှမစွမ်းသာဘူး။
ကဲ...မချင့်မရဲလေးပေါ့..ကျမလိုပဲမြင်ကြည့်လိုက်ကြပါအုန်း။
အိမ်နားကဟောလ၀င်းအခင်းအကျင်းတွေ
သစ်ပင်မှာတွယ်နေတဲ့သူရဲရုပ်တွေ..
ချစ်ချစ်ကပြောတယ် ..ညကြီးရုတ်တရက်မြင်ရမယ်ဆို ကြောက်စရာကြီးနေမှာ..တဲ့..ကြည့်ကြည့်အုန်းနော်။
ကားဖြတ်ရင်းရိုက်ရတာ. ..အခင်းအကျင်းလေးတွေပေါ့
ရွှေဝါပန်းနဲ့ တူတဲ့အရိုင်းပန်းတွေ..
နောက်အရိုင်းပန်းလေးတွေက တော့အ၀ါရောင်အပွင့်လတ်လတ်တွေနဲ့ လမ်းဘေးမှာထိုးထိုးထောင်ထောင်နဲ့ ပါ။
အပွင့်ဝါတောက်တောက်ရဲ့ အလယ်မှာ အနက်လိုလိုအညိုရင့်လိုလိုအရောင်ရင့်တောက်တောက်နဲ့ သူတို့ ကခြုံတွေကြားမှာထင်းနေတာဘဲ။
နောက်အဖြူရောင်အရိုင်းပန်းတမျိုးကတော့အဆုပ်လိုက်သစ်ပင်တွေခြုံတွေပေါ်မှာအုပ်မိုးနွယ်တက်ပြီးအဖြူတွေနဲ့ လွှမ်းထားလိုက်တာ
မြန်မာပြည်မှာကလောတို့ ပျဉ်းမနားတို့ ဖက်သွားရင်လမ်းဘေးမှာ ခြုံတွေသစ်ပင်ကြီးတွေပေါ်မှာပွင့်နေတဲ့အရိုင်းပန်းတွေနဲ့ တထေရာတည်းဘဲ။
သူတို့ ကိုလည်းအခွင့်သာရင်အနီးကပ်ကိုင်ကြည့်ချင်လိုက်တာ။
အဲဒါကတော့ခုတလောကိုယ်နှစ်သက်နေမိတဲ့အရာတစ်မျိုးပေါ့။
နောက်တစ်မျိုးကတော့တိမ်တွေ။ ကိုယ့်သူငယ်ချင်းတွေလည်းသတိထားမိမလားမသိဘူး။
ကိုယ်တို့ နေတဲ့နေရာမှာ အခုနွေလည်းကုန် မိုးလည်းမရှိသလောက်ဘဲ။ ရာသီဥတုကစပြီးအေးလာပြီ။ သိပ်အအေးကြီးမဟုတ်ပေမဲ့တအားမပူတော့ဘူး။ အဲတော့ အပြင်မှာနေရင်နေကမျက်စေ့ကျိန်းနေလောက်အောင်ကိုသာတာ။ ဒါပေမဲ့ရာသီကအေးစိမ့်စိမ့်လေး။
ကောင်းကင်ကြီးကပြာလဲ့နေတာ မနက်ခင်းတွေဆိုရင်။
မနက်အစောပိုင်းတွေမှာတိမ်တောင်တိမ်လိပ်တွေမတွေ့ ရသလောက်ဘဲ။ ကောင်းကင်ကြီးကရှင်းပြီးပြာနေတယ်။
ညနေခင်းရုံးဆင်းချိန်က တိမ်တွေကျတော့ပိုပြီးပါဝါကြီးလာသလိုဘဲ။ ထူးခြားပြီးဘာမှန်းမသိနိုင်တဲ့ပုံမျိုးအကြီးကြီးကောင်းကင်ထဲမှာနေရာယူထားတာ။
ဒါလည်းကိုယ်နှစ်သက်နေမိတာလေးတွေ။
ညနေခင်းဆိုဒီလိုမျိုးကြီးတွေ
နောက်ဆုံးတစ်မျိုးကတော့ သဘာဝကြီးနဲ့ မဆိုင်တဲ့ အဲ...နဲနဲတော့ဆိုင်သေးတယ်။
ကလေးတွေက အိမ်တွေရှေ့ လာပြီး trick or treat ဆိုအော်ရင် ချိုချဉ်တွေပေးလွှတ်ကြတယ်။
အိမ်တွေမှာလည်း သူရဲ တစ္ဆေပုံတွေနဲ့ ကြောက်စရာကောင်းအောင် ပြင်ဆင်ထားကြတယ်။
မြန်မာသဘောဆိုရင်တော့မကောင်းဆိုးဝါးတွေမလာအောင်ကာကွယ်တဲ့သဘောလိုလိုဘဲ။
အမေရိကန်တွေက ခရစ်စမတ်ဆိုရင်လည်း သူတို့ ရဲ့ အိမ်တွင်းတင်မက ခြံရှေ့ မှာ အသားကုန်အလှဆင်ကြတာညဖက်တွေဆိုမီးရောင်စုံ နဲ့ သိပ်လှတယ်။ ခု Halloween မှာလည်းမရိုးရဘူး။
အိမ်ရှေ့ မှာသူရဲတစ္ဆေပုံတွေချိတ်ထားတာကြောက်စရာ စိတ်ဝင်စားစရာ။ တနေ့ ကအိုင်အိုရာတို့ အိမ်အနောက်ဖက်ကအိမ်ရှေ့ ကိုဖြတ်သွားတော့ သစ်ပင်တွေမှာ သူရဲပုံ လွင့်လွင့်လွင့်လွင့်တွေကိုချိတ်ထားရုံမကဘူး။ မြက်ခင်းထဲမှာပါ သချုင်္ိင်းပုံစုံလုပ်ထားတယ်။ အုတ်ဂူပုံတွေ နဲ့ ပြင်ဆင်ထားတယ်။
တချို့ အိမ်အ၀င်တံခါးမှာတော့ လိမ္မော်ရောင်တွေအစိမ်းတွေပါတဲ့ ပန်းခြင်းတွေ ပန်းခက်တွေ ပန်းဆိုင်းတွေချိတ်ထားကြတယ်။ ပြီးတော့လိမ္မော်ရောင်တောက်တောက်ဖရုံသီးတွေခင်းထားကြတယ်။
လှလည်းလှစိတ်ဝင်စားစရာလည်းကောင်းကြောက်စရာလည်းကောင်းနဲ့ ကျမရဲ့ အာရုံတွေကိုဖမ်းစားနေကြတယ်လေ။
သဘာဝကြီးနဲ့ ဘယ်လိုဆိုင်လည်းဆိုတော့..
ဒီလိုလေ..
အခုက fall ရာသီဆိုတော့သစ်ပင်တွေက အနီတွေအ၀ါတွေ ဖြစ်လို့ ကြွေတာတွေကြွေဝေတာတွေဝေနဲ့ လေ။
အဲဒီ fall season နဲ့ လိုက်ဖက်တဲ့ အရောင်တွေဟာ လိမ္မော်တွေ အ၀ါတွေ အနီတွေ စိမ်းဝါ၀ါတွေမို့ 
အိမ်တွင်းအလှဆင်တဲ့အရောင်တွေ ခန်းစည်းတွေ ပန်းတွေ ကော်ဇောတွေလည်း ဒီလိုအရောင်တွေနဲ့ အလှဆင်လာကြပြီလေ။
ဈေးဆိုင်စတိုးဆိုင်ကြီးတွေမှာလည်း ဖရုံသီးလိမ္မော်ရောင်တွေ ကောက်ရိုးတွေ ပန်းစည်းပန်းခက်တွေနဲ့ မြိုင်နေကြပြီ။
ကျမနှစ်သက်တဲ့ အရုပ်လေးနှစ်ရုပ်ဝယ်လာပြီး ကျမလည်းအိမ်မှာအလှဆင်ထားတယ်လေ။
ချစ်စရာမကောင်းဘူးလား။ ကြည့်ပါအုန်း။
အားလုံးကိုကျေးဇူးတင်လျှက်..
ချစ်ခင်လေးစားသော..
အိုင်အိုရာ
မြတ်ကြည်လေးရေ ပေါ့ပေါ့ပါးပါးနှစ်သက်မိနေတာလေးတင်ပေးပါဆိုလို့ တင်လိုက်ပြီနော်။
မြတ်ကြည်လေးနဲ့ သူငယ်ချင်းများအားလုံးအတွက်..
စာလာဖတ်သူအားလုံးကိုကျမသူငယ်ချင်းတွေလို့ သဘောထားပါတယ်ရှင်။
မှတ်ချက်..ပုံကောင်းမရှိလို့ ရိုက်ဖို့ ကြံရင်းခုမှပဲတင်ဖြစ်လို့ အောက်တိုဘာမကုန်ခင်မတင်လိုက်ဖြစ်ပါ။
ခုတော့ရှိတဲ့ပုံနဲ့ ဘဲ ..မှန်းကြည့်နိုင်အောင်လို့ တင်လိုက်ပါတယ်။
အောက်ကစားစရာတွေက ဒီနေ့ သူငယ်ချင်းတွေနဲ့ သွားစားဖြစ်တဲ့ Middle East ဆိုင်ကနေ့ လည်စာ။ ဘောနပ်စ်ပေါ့။း)
ဆိတ်သားကဘတ်နဲ့ ထမင်း အရွက်သုတ် ပဲဟင်း ဟမ်းမတ်စ် ပီတာဘရက်ဒ်လို့ ခေါ်တဲ့ နံပြားလိုလိုဟာ
Saturday, October 18, 2014
အနိုင်ကျင့်ခံရခြင်း
တကယ်တော့ခုတစ်လောကျမစိတ်မအားလူမအားဖြစ်နေပါတယ်။
ကျမစိတ်မအားတာကျမစိတ်မထားတတ်လို့ ဖြစ်ပါလိမ့်မယ်။
ကျမတစ်ခုခုလုပ်စရာရှိနေရင် မပြီးမချင်းစိတ်မအားဘူး။
လူကသာမလုပ်တာစိတ်ကမအားဘူး။း)
ပူပင်စရာတွေကို စိတ်ထဲမှာသိမ်းဆည်းမထားဖြစ်အောင်လေ့ကျင့်နေတယ်လေ။
အတွေ့ အကြုံတွေအရ စာတွေအရ ပူပင်ရတာတွေဟာ ဖြစ်လာလို့ ပူရတာထက်စိုးရိမ်မှုကြောင့်ပူပင်ရတာပိုများပါတယ်။
ဒါကိုသေသေချာချာနားလည်ခဲ့ပြီးသားပါ။ ဘ၀အတွေ့ အကြုံတွေအရ။
လူကလည်းအမြဲတမ်းအားနေတယ်ရယ်လို့ မရှိဘူး။
အပြင်ကိစ္စရှိရင်ရှိမရှိရင်အိမ်ကိစ္စရှိ။
အိမ်ရှင်မဆိုတော့လည်းရုံးပိတ်ရက်မှာမှလုပ်စရာတွေကလည်းများသား။
အဲလိုအချိန်မှာ ဒီနှစ်ရက်သုံးရက်မှာ ကျမဘလော့ကိုဖွင့်လိုက်ရင်
neocounter.neoworxblogtools.net/.....ဆိုတဲ့ဝက်ဆိုဒ်ကိုအလိုလိုဆက်ပြီးသားဖြစ်ပြီး
ရောက်ရောက်သွားတယ်။
တချို့ လည်းကြုံဘူးမယ်ထင်ပါတယ်။ သူတို့ တွေကြုံတုန်းကလည်းအတော်စိတ်ပျက်သွားကြမယ်ထင်ပါတယ်။ကျမနှစ်သက်တဲ့ဘလော့လေးတွေအဲလိုဖြစ်နေတုန်းက
စိတ်မကောင်းဘူးဖတ်မရလို့ ။ ဒါပေမဲ့ဘာကြောင့်အဲလိုဖြစ်သွားသလဲဆိုတာကိုတော့ နားမလည်ခဲ့ဘူး။ ဘလော့သက်တမ်းကုန်သွားလို့ များလားလို့ ပဲတွေးမိခဲ့တယ်။
ခုကျမကိုယ်တိုင်ကြုံတော့ ကိုယ့်ဘလော့လေးပျက်သွားမှာစိုးရိမ်သလို နှမြောစိတ်လည်းဖြစ်မိပါတယ်။
ကိုယ်ကကွန်ပြူတာသမားမဟုတ်တော့လည်းထဲထဲဝင်ဝင်လုပ်ရတာမျိုးတွေမလုပ်တတ်သလိုနားမလည်ပါဘူး။
ဒါပေမဲ့စိတ်ထဲမှာတော့ ခံပြင်းမိတယ်။
ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဖန်တီးထားတဲ့အရာကို တခြားသူတခြားအဖွဲ့ အစည်းက ခေါင်းပုံဖြတ်အနိုင်ကျင့်သလိုမျိုးခံစားရတယ်။
ဒီတိုင်းတော့ခေါင်းငုံ့ အရှုံးမပေးနိုင်ဘူး။ အစွမ်းရှိသရွေ့ တော့ပြန်ခုခံရမယ်။
ဘာလုပ်ရမလဲဆိုပြီး အင်တာနက်မှာ အဲဒီ ဆိုဒ်နံမည်ရိုက်ပြီးရှာကြည့်တယ်။
ဒီတော့မှ ကိုယ့်လိုခံထားရတဲ့လူတွေမေးထားတာတွေ 
ပြန်ဖြေထားတာတွေဖတ်ရတယ်။
အမေးအဖြေတွေအပြင် ဖြေတဲ့သူက ပေးထားတဲ့လင့်တွေကိုလည်းလိုက်ဖတ်ကြည့်လိုက်တယ်။
ပြည့်ပြည့်စုံစုံပိုသိရတာပေါ့။
ကိုယ့်အခြေအနေနဲ့ တူတာလေးကြည့်ပြီးသူတို့ ညွှန်းတဲ့အတိုင်းလုပ်လုပ်ကြည့်တယ်။
သုံးလေးမျိုးဖတ်လိုက်လုပ်ကြည့်လိုက်နဲ့ ..သိပ်လည်းမဖျက်ရဲ မနှိပ်ရဲဘူး။ သူ့ ဟာမပျက်ပဲကိုယ်လုပ်မှကိုယ့်ဟာပျက်သွားစိုးလို့ ။း)
ကျမမှတ်မိသလောက်
တစ်ခုက ကိုယ်သုံးတဲ့ ဘရောက်ဆာပေါ်မူတည်ပြီး တချို့ ဟာတွေရှင်းပစ်ရတယ်။
ကျမကFirefox သုံးတော့ အဲဒီ က Tools အောက်ကနေ Clear Recent History ကိုသွားပြီး Browsing & Download history ရယ် Cache ရယ်ကို Clear လုပ်ပစ်ရတယ်။ လုပ်ပြီးတော့ ရီစတာ့ပြန်လုပ်ခိုင်းတယ်။
အဲဒီအတိုင်းလုပ်ပေမဲ့ မထူးခြားသေးဘူး။
ဒါနဲ့ ဆက်စပ်တာတွေထပ်ဖတ်ကြည့်ပြန်တယ်။
အဲဒီဆိုဒ်ကိုမတွေ့ ဘူး။ တော်တော်လည်းစိတ်ပိန်လာပြီ။ 
နောက်ဆုံးတော့မှ 
အထက်မှာရေးပြခဲ့တဲ့ နီယိုကောင်တာ ဆိုတာ ကျမအရင်တုန်းက ကျမဆိုဒ်ကိုလာလည်တဲ့ ဧည့်သည်တွေကို ဖေါ်ပြပေးတဲ့ဆိုဒ်ဆိုတာသတိထားမိသွားတယ်။ ဒါနဲ့ ကျမဆိုဒ်ထဲမရမကပြန်ဝင် ပြီး 
သူများအနိုင်ကျင့်ခံရတာကိုပြန်လည်ဖြေရှင်းလိုက်နိုင်လို့ ရယ်
ကိုယ့်စိတ်တိုင်းကျဖန်တီးထားတဲ့ဘလော့လေးပြန်ကောင်းသွားလို့ ရယ်ပေါ့။
ဒါကြောင့်ကိုယ့်လိုခံရတဲ့သူတွေရှိရင် စမ်းကြည့်ရအောင်အထောက်အကူရတဲ့ လင့်လေးကို 
တကယ်လို့ များဒီလိုအဖြစ်မျိုးကြုံခဲ့ရင်
အဲဒီလင့်အောက်ကလင့်လေးတွေသွားပြီးဖတ်ကြည့်ရင်ပိုပြီးရှင်းရှင်းလင်းလင်းနားလည်ပါလိမ့်မယ်။
ရှာနေရမှာစိုးလို့ ပြန်ဖတ်ပြီး အောက်ကလင့်လေး ထဲ့ပေးလိုက်ပါတယ်။
ကိုယ်နဲ့ တူတာလေးတွေလိုက်ဖတ်ပြီး စမ်းကြည့်တာပိုကောင်းပါတယ်။
ဒီဆိုဒ် ကတော့ရှင်းပြထားတာပါ။
လာလည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
အားလုံးကိုကျေးဇူးတင်လျှက်...
အိုင်အိုရာ
Friday, September 5, 2014
ကိုယ်
ကိုယ်ဟာ ဖိစီးမှုကိုမုန်းသူ။
တွန်းအားပေးမှုကိုမခံစားနိုင်သူ။
သူများကိုဖိအားမပေးချင်သလိုကိုယ့်အပေါ်ရောက်လာမဲ့ဖိအားမှန်သမျှအတတ်နိုင်ဆုံးရှောင်သူ။
ကိုယ့်တာဝန်ကိုယ်ယူလိုသူ။
မဖြစ်မနေလုပ်ရမဲ့အလုပ်ဆိုရင်နောက်ဆုံးကျမှလုပ်သူ။
ဒါပေမဲ့ပြင်ဆင်မှုမရှိပဲဘာအလုပ်မှမလုပ်ချင်သူ။
ကိုယ့်ကိုပြင်ဆင်ချိန်မပေးပဲခုချက်ချင်းတွေးခုချက်ချင်းဖြေဆိုစိတ်မပျော်သူ။
ကိုယ်လုပ်တဲ့အလုပ်ဟာသေသေသပ်သပ်ထွက်လာတာပဲလိုလားသူ။
ကိုယ်ဟာအသက်ကြီးလာတာနဲ့ အမျှတတ်နိုင်သမျှအေးအေးဆေးဆေးရီလက်စ်လေးနေချင်သူ။
ကိုယ်ဟာလွတ်လပ်စွာနေလိုသူ။
အနှောင်အဖွဲ့ ကင်းလိုသူ။
အဲဒီလိုပွဲမျိုးတွေကိုလည်းညီးငွေ့ နေသူ။ အဲဒီလိုပွဲမျိုးတွေကိုတက်ရမှာပျင်းနေသူ။
ကိုယ်လုပ်ချင်တာက
လို့ စိတ်အတွေးနဲ့ တွေးမှန်ဘီလူးနဲ့ ကြည့်ပြီးအတည်ပြုချင်သူ။
ဒါမှမဟုတ်ရင်
မျက်စေ့တစ်ဆုံးမြင်နေရတဲ့သဘာဝပန်းရိုင်းခင်းကြီးကိုအနှောက်အယှက်မရှိအကြောင့်ကျမရှိထိုင်ငေးနေချင်သူ။
ကိုယ်ဟာခွင့်လွှတ်တတ်သူ။
ကိုယ်ဟာသူများဖက်ကအမြဲတွေးပေးသူ။
ကိုယ်ဟာကိုယ့်အပြစ်ကိုကိုယ်အရင်ရှာတတ်သူ။
ကိုယ့်ကြောင့်သူများစိတ်အနှောက်အယှက်လုံးဝလုံးဝမဖြစ်စေလိုသူ။
ကိုယ်ဟာအလွန်အားနာတတ်သူ။
ကိုယ်ဟာသံယောစဉ်ကြီးတတ်သူ။
ကိုယ်ဟာသက်ကြီးရွယ်အိုများကိုသနားတတ်သူ။
ကိုယ်လုပ်ချင်ပြီဆို
စနစ်တကျပလန်ဆွဲပြီးမှလုပ်တတ်သူ။
ကိုယ်ဟာပျော့ပြောင်းသလိုနဲ့ မာကြောသူ။
ကိုယ်ဟာမာကြောသလိုနဲ့ ပျော့ပြောင်းသူ။
ကိုယ်ဟာသတ္တိနည်းသလိုနဲ့ သတ္တိရှိသူ။
ကိုယ်ဟာသတ္တိရှိသလိုနဲ့ သတ္တိနည်းသူ။
ကိုယ်ဟာတော်သလိုလိုနဲ့ ညံ့ဖျဉ်းသူ။
ကိုယ်ဟာဝိရိယရှိသလိုလိုနဲ့ ဝိရိယနည်းသူ။
ကိုယ်ဟာကြိုးစားသလိုလိုနဲ့ မကြိုးစားသူ။
ကိုယ်မကောင်းတာတွေအများကြီးရေးလို့ ရသေးတယ်။
ခုတော့ဒီလောက်ဘဲ။
(အချွန်နဲ့ မသူစန်းထွန်းလေးနဲ့ သူငယ်ချင်းများအတွက်)
ချစ်သော
မမအို်င်အိုရာ
Sunday, August 31, 2014
ချစ်သူနှင့်ပတ်သက်သောအပိုင်းအစများ ၂
သူဟာကျောင်းသားဘ၀တုန်းကစိတ်ရှည်သလောက် ခုများတော့စိတ်ကိုမရှည်တတ်တော့ပြန်ဘူး။
"ဘာလို့ ဒီလောက်စိတ်တိုနေရတာလဲ
 ကြီးကျယ်တဲ့အပြစ်လုပ်ထားတာလဲမဟုတ်ဘူး။
စော်ကားမော်ကားပြောဆိုနေတာလဲမဟုတ်ဘူး။
ဘာဖြစ်လို့ စိတ်မရှည်ဖြစ်နေရတာလဲ။
ဟိုးတုန်းကတော့ စိတ်ရှည်လိုက်တာ။
စိတ်ရှည်အလိုလိုက်လွန်းလို့ ဘဲချစ်ခဲ့ရတာကို။"
အဲတုန်းက ဒီလောက်အရစ်ရှည်တတ်မှန်းမသိဘူးတဲ့။ ကြည့်စမ်းပါဦး။ ရက်ရက်စက်စက်ပြောရက်လိုက်တာ။ အရင်တုန်းကတော့ လုပ်တာကိုင်တာစိတ်ရှည်တယ်။ သေသပ်တယ်။ စနစ်ကျတယ်။ စည်းကမ်းရှိတယ်တဲ့။ မရမချင်းလုပ်လို့ ဇွဲကောင်းတယ်တဲ့။ ခုတော့အဲဒါတွေကအရစ်ရှည်ပေရှည်သတဲ့။
စိတ်ကောက်ရမှာကလည်း နှစ်ယောက်ထဲရှိတာ။
စကားမပြောဘဲ ၁၅ မိနစ်လောက်နေကြည့်လိုက်တာတောင် ပျင်းလာတယ်။
အသက်ကတော့ကြီးလာပြီ။
စိတ်ကူးယဉ်ဆန်သောချစ်မြတ်နိုးခြင်းအမှုတွေလည်းတဖြည်းဖြည်းနဲ့ ပျောက်ကုန်ပြီ။
ဒါပေမဲ့လက်တွေ့ ဆန်သောချစ်မြတ်နိုးခြင်းအမှုတွေတော့တစတစနဲ့ အစားထိုးဝင်ရောက်လာကြတယ်လို့ တော့
ပြောလို့ ရပြန်တယ်။ (ဒီလိုဘဲဖြေတွေးရတာပေါ့လေ။) ကော်ဖီဖျော်ပေးတာ။ ပေါင်မုန့် မီးကင်တာ။ အ၀တ်ခေါက်ပေးတာ။ အ၀တ်လျှော်တာ။ အမှိုက်ပစ်တာ။ အိပ်ယာသိမ်းတာ။ သန့် ရှင်းရေးလုပ်တာ။။ ပန်းကန်ဆေးတာ။သူအလုပ်သွားလို့ ကျမအိပ်နေရင် ကျမမနိုးအောင်တိုးတိုးတိတ်တိတ်လုပ်တတ်တာ။ ကျမကိုနှုတ်မဆက်ပဲ တိုးတိုးတိတ်တိတ် ထွက်သွားရင် ကျမကနိုးလာလို့ သူ့ ကိုမတွေ့ တော့ရင် နှုတ်မဆက်သွားလို့ ဆို ပြီးနောက်သွားရင်နှုတ်ဆက်သွားပါလို့ ပြော။
ဟော..အိပ်နေတုန်း နှုတ်ဆက်ပြန်တော့ပြန်အိပ်မရပြန်ဘူးပြော။ ဒီလိုနဲ့ ကျမပြောတဲ့အပေါ်မူတည်ပြီးနှုတ်ဆက်တလှဲ့ မနှုတ်ဆက်တလှဲ့ ။အမြဲအတူတူနေနေရတော့လည်း ကျမကိုလွမ်းတယ်ဆိုတာမျိုးတွေ သတိရမိတယ်ဆိုတာမျိုးတွေလည်း မကြားရတာကြာလှပေါ့။
ဟိုးတုန်းက လက်ဆောင်ပေးရင် သူ့ စိတ်ကူးလေးနဲ့ သူဝယ်လာတယ်။
ကျမနှစ်သက်တဲ့အရောင်တွေနဲ့ ပုံစံမျိုးတွေ အစစအရာရာ အကုန်သိတယ်။ မှတ်မိနေတတ်တယ်။ အစားအသောက်ဆိုလည်း ကျမနှစ်သက်တတ်တာတွေသိတယ်။ ဘယ်ခရီးကပြန်လာပြန်လာ ကျမအတွက် ခေါင်းကနေခြေအထိအစုံနီးပါး ပစ္စည်းအသေးအဖွဲလေးတွေကအစ၀ယ်လာတတ်တယ်။ ကျမက အိတိကွိစိလှတပတလေးတွေချစ်တတ်မှန်းသိလို့ ဘီးလေးကအစ အလှစိုက်ပန်းအိုးအထိဝယ်လာပေးတတ်တယ်။ ဘောင်းဘီဆိုလည်းကျမဆိုဒ်မှန်းဝယ်လာတာအတော်ဘဲ။
ချစ်သူတွေဘ၀တုန်းက သူကမလေးရှားတို့ ထိုင်းတို့ တရုတ်တို့ ကိုခရီးထွက်တတ်တယ်။
အဲတုန်းကနိုင်ငံခြားသွားတဲ့သူတွေဆိုတာလည်းရှားတော့စကော့ဈေးမှာ သင်္ဘောသားတွေလာလာရောင်းတတ်တဲ့ဆိုင်မျိုးတွေမှာ နိုင်ငံခြားကလာတဲ့ပစ္စည်းကိုယ်ကြိုက်တတ်တာလေးတွေ
သွားသွားကြည့်ရမေးရတယ်။ သူမလေးတို့ ထိုင်းတို့ ကပြန်လာရင် ကျမအတွက်ဆိုအများကြီးဝယ်လာတာ။ သူငယ်ချင်းတွေကတောင်သဘောကျကြတယ်။ တခါတခါ သူငယ်ချင်းတွေအတွက်ပါ အမှတ်တရလေးတွေဝယ်လာတတ်သေးတယ်။ မျက်နှာလိမ်းတဲ့ခရင်မ်တို့ လိုးရှင်းတို့ ရေမွှေးတို့ ဆိုတာပြတ်တယ်ကိုမရှိသလောက်ဘဲ သူဝယ်လာတာတွေနဲ့ ။ ခုများတော့ မွေးနေ့ တောင်မှ ကိုယ်ကြိုက်တာကိုယ်ရွေး သူကပိုက်ဆံရှင်းတယ်။ ဘယ်မှာလည်းရိုမန်းတစ်။ လူကိုအလိုလိုက်တာတောင်မှ ချစ်လို့ အလိုလိုက်တာမျိုးမပြောဘူး။ ကျမကြိုက်တာစား။ ကြိုက်တဲ့ဆိုင်ရွေး သူကချေး(ဂျီး)မများဘူးဆိုပြောလိုက်သေးတာ။ ဘာစားမလဲမေးရင်ကြိုက်တာချက်တဲ့။ ကျမချက်မှာကိုကြောက်လို့ တဲ့။ ဆေးစရာတွေထွက်လာတော့မယ် သူဆေးရတော့မယ်ဆိုပြီး။ ဘယ်လိုကြီးမှန်းကိုမသိဘူး။
တစ်နေရာရာသွားကြရင် ယုတ်စွအဆုံး တစ်ပါတ်တစ်ခါ နှစ်ခါ ဈေးသွားကြရင်တောင်မှ အနားမှာမနေဘူး။
ဒီမှာဈေးဝယ်တာကတော့ ဟင်းချက်စရာလည်းစတိုးဆိုင်ကြီးတွေမှာပဲဝယ်ကြရတာမဟုတ်လား။ အဲဒါ အဲလိုသွားကြရင်လည်းအထဲရောက်တာနဲ့ ဘယ်ဖက်ထွက်သွားမှန်းကိုမသိဘူး။ ပျောက်သွားရော။
အစကဆိုသိပ်ဒေါကန်တာ။ ဒီကသူပါတယ်မှတ်ပြီး စကားတွေပြော အနားကပစ္စည်းထဲ့တဲ့လှည်းကို ကိုယ့်လှည်းမှတ်လို့ မှားထဲ့။ နောက်နားကလူကိုကိုယ့်လူမှတ်လို့ ဆွဲမလိုလို ခဏခဏဖြစ်။
ခုတော့ အထာကျသွားပြီ။ ၀င်ကတည်းက တွန်းလှည်းကိုကိုယ့်ဖာသာယူပြီး ကိုယ်သွားချင်တဲ့လိုင်းကိုယ်သွားတယ်။ အချိန်တန်ရင် တစ်နေရာရာကနေပေါ်လာလိမ့်မယ်ဆိုပြီး။
ကိုယ်ကစိတ်ကူးနဲ့ စဉ်းစားပြီးပစ္စည်းတွေဖတ်ကြည့်ကိုင်ကြည့်လုပ်နေတုန်း နောက်ကနေ လူကိုပုခုန်းတိုက်ပြီး ဖြတ်လျှောက်သွားရင် အဲဒါသူလို့ သာမှတ်လိုက်တော့။ အဲဒါကိုကျမကလည်း မမှတ်ဘူး။
ပြုန်းဆို ကိုယ့်ကိုပုခုန်းတိုက်သွားရင်တို့ တွန်းလှည်းကိုဆွဲယူသွားရင်တို့ ဆို အမလေး..လန့် လိုက်တာ..ဆိုပြောနေကြ။ သူက ကျမအဲလိုပြောတာအတော်သဘောကျပုံရတယ်။ အမြဲပဲ ပြန်ပေါ်လာရင်ရိုးရိုးမပေါ်လာဘူး။ ပုခုန်းကိုတိုက်ချပြီးမှပေါ်လာတယ်။ ကျမကလည်း အမြဲ အမလေးလန့် လိုက်တာလို့ ပြောတယ်။ စဉ်းစားကြည့်တော့ကျမလည်းခုတော့အဲလိုလုပ်တာကိုတောင်အမြင်ကပ်ရာကနေချစ်တတ်နေပြီထင်တယ်။  လွှတ်ထားလိုက်တယ်။ တစ်ခါတစ်ခါဆို သူ ကျမပျောက်လို့ ဖုန်းကိုဆက်တိုက်ခေါ်နေပြန်ရော။ ကျမကလည်း အဲလိုနေ့ မျိုးဆို ရုံးမှာစည်းဝေးရှိလို့ ဖုန်းကိုအသံပိတ်ထားပြီးပြန်မဖွင့်ထားမိတဲ့နေ့ မျိုးတို့ ဖြစ်နေတတ်ပြန်တယ်။
စိတ်ထဲကတော့ အဲလို လွဲရင်ကြိတ်ပြီးဝမ်းသာနေတာ။ သွားချင်ဦး သပ်သပ်ဆိုပြီးတော့ပေါ့။ 
ခေါင်းကိုက်ဇက်ကြောတက်လို့ ကိုကို..ဒီနားလေးနည်းနည်းနှိပ်ပေးပါလားပြောရင် မျက်လုံးကအဲဒီပုခုန်းတို့ ဇက်တို့ မှာမရှိဘူး။ လေးငါးချက်နှိပ်ပြီး လက်မသန်တော့ဘူးလို့ ပြောတယ်။ သူ အကြောတက်နေမကောင်းဖြစ်ရင် ကျမကသိပ်နှိပ်ပေးချင်တာ။ ဒါမှကျမနှိပ်ပေးဖို့ တောင်းဆိုခဲ့ရင် သူတစ်လှဲ့ ကိုယ်တစ်လှဲ့ သဘောပေါ့။ သက်သာစေချင်တာလည်းတစ်ကြောင်းပေါ့။ အဲဒါ မနှိပ်ပေးနဲ့ တဲ့။ ဇွတ်နှိပ်ပေးရင် ရပြီရပြီဆိုပြီးကိုယ်ကိုတွန့် လိမ်ပြီးရုန်းထွက်သွားရော။
ခုလေကျမအကြောင်းတစ်ခုခုပြောဖို့ အစပျိုးရင် အလည်ကအကြောင်းကိုနားမထောင်ချင်ဘူး။ နောက်ဆုံးဘာဖြစ်သွားလဲတန်းမေးတယ်။ နောက်ဆုံးဖြစ်တာပြော
ပြီးပြန်တော့ ကြားထဲက သူများနဲ့ အပြန်အလှန်ပြောရတာတွေ ဖြစ်ပျက်တာတွေက ဟ နေတော့ ကိုယ်ခံစားရ ကြုံရတာကို ဘာကြောင့်ဘယ်လိုဆိုတာပြည့်ပြည့်၀၀နားမလည်ပြန်ဘူး။ စိတ်ကိုအပူမရှိအောင်ထားဖို့ ၊ အပူဆိုတာ အကုသိုလ်ဘဲ။ အဲဒီအကုသိုလ်ဖြစ်နေရင် ကောင်းတာတွေနဲ့ ပိုဝေးနေစေတယ်။ စိတ်အေးချမ်းမှ ကုသိုလ်ဖြစ်တာ။ ဒါမှအေးချမ်းပြီးကောင်းမွန်တာတွေဖြစ်မှာဆိုပြီး လန်ဘားကျောက်သတား အကြာကြီးပြောနေပြန်ရော။ ကြည့်...သူများပြောတုန်းကတော့ လိုတိုရှင်းပြောခိုင်းပြီးသူ့ ကျတော့ အင်ဒီးယန်းကားရိုက်နေတယ် ပေအရှည်ကြီး။
သူကလေဖျားခဲတယ်။ ဖျားရင်လည်းအပြုစုမခံတတ်ဘူး။ အေးအေးဆေးဆေးအိပ်ယာထဲလှဲနေတာဘဲ။
ကျမတို့ အိမ်မှာတစ်ယောက်ကိုတစ်ယောက်သိပ်ပြုစုကြတာ။ ကျမခေါင်းကိုက်လက်ကိုက်ဆိုအစ်ကိုတွေမောင်တွေကနှိပ်ပေးတာ အကြာကြီးစကားတပြောပြောနဲ့ ။ ကျမဖျားလို့ ကတော့အမေနဲ့ မမနဲ့ သေပြီဆရာပဲ။ ဟိုဟာလည်းမစားဒီဟာလည်းမစား။ ဟိုဟာလေးလုပ်ပေး ဒီဟာလေးလုပ်ပေး ကျမစားချင်မယ်ထင်တာလေးတွေ။ နဖူးကိုခဏခဏလာစမ်းရင်လည်းမကြိုက်ဘူး။ အကြာကြီးပစ်ထားရင်လည်းမကြိုက်ဘူး။ ကျမဖျားရင် ပေပေတေတေနေပြီးမှဖျားတော့ တစ်ခါတစ်ခါဖျားရင် ချက်ချင်းမပျောက်ဘူး။ အဖျားကောင်းကောင်းမပျောက်ခင်ရေချိုးခေါင်းလျှော်ချင်တယ်။ ပြန်အအေးမိပြန်ဖျား။ အမေနဲ့ မမနဲ့ ကပြန်ပြုစုရနဲ့ ။ ခုများတော့ပြုစုမဲ့သူမရှိလို့ မဖျားရဲပေါင်။ ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်တာ။ ဘယ်ပေပေတေတေနေရဲမလဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက စိတ်မရှည်တတ်တော့တဲ့ ချစ်ချစ်က ကျမဖျားရင် အရမ်းဂရုစို်က်ပြန်တယ်။ အိပ်ယာထဲ ကော်ဖီ ဆွတ်ပြုတ်ဘာညာယူလာပြီး ခွံ့ ကျွေးတိုက်ကျွေးတယ်။ ဆေးသောက်ချိုန်စောင့်ပြီးထပြီးဆေးတိုက်ပေးတယ်။ ဘာစားချင်လည်းပြော သွားဝယ်ပေးရှာတယ်။ မှတ်မှတ်ရရ ကယ်လီဖိုးနီးယားမှာတုန်းက ကျောင်းတက်နေတုန်းကပေါ့။ ကျမဖျားတာ သူ့ မှာစိတ်တွေပူလို့ ။
နလံထတော့ဘာစားချင်လည်းတဲ့ ။ ကျမ ကမုန့် ဟင်းခါးလို့ ပြောတော့ မြန်မာစားသောက်ဆိုင်ကိုသွားပြီး မုန့် ဟင်းခါးတစ်ပွဲ ၇ဒေါ်လာခွဲလား ၆ဒေါ်လာခွဲလားမသိဘူး ပေးရတယ်။ ၂ပွဲသွားဝယ်ပြီးကျွေးရှာတယ်။ ပြောရမယ်ဆိုရင်ကျမစားဘူးသမျှ မုန့် ဟင်းခါးထဲမှာ သူ့ ထက်ညံ့တာတောင် သူ့ လောက်မညံ့ဘူးလို့ ပြောရမယ်။ အညံ့တကာ့အညံ့ဆုံးဘဲ။
ကျမကတော့သူပြုစုတာကို သဘောတွေကျနေတာ။ ဖျားရတာမဆိုးဘူးလို့ တောင်ထင်မိခဲ့တယ်။
 ကဲ...ကိုယ့် သူငယ်ချင်းစာဖတ်သူများကော
 သူ့ လိုပြောင်းလဲသွားတဲ့သူများနဲ့ ဘ၀ဖေါ်ဖြစ်နေသလား။
ဘ၀ဖေါ်မရှိသေးရင်လည်းတချိန်မှာပြောင်းလဲသွားတတ်တာလေးတွေကြိုတင်မြင်ယောင်ထားနော်။
အရင်တုန်းနဲ့ ခုချိန်ထိအတူတူဘဲ..ဆိုရင်တော့ကိုယ်က ကွန်ဂရက်ကျူးလေးရှင်းလုပ်လိုက်ပါတယ်နော်။း)
အားလုံးကိုကျေးဇူးတင်လျှက်။
ချစ်ခင်သော
အိုင်အိုရာ
Sunday, April 13, 2014
အတောမသတ်တဲ့ကျမ
အတောမသတ်တဲ့ကျမ..
ကိုယ်တိုင်သွားရခဲတော့ လူကြုံရင်ကြုံတဲ့သူတွေက (ဖုန်းနဲ့ ဘာမှာမလဲမေးဖို့ လွဲနေကြရင်။) လိုမယ်ထင်တာတို့ ကျမကြိုက်တတ်တာတို့ အလျဉ်းသင့်သလိုလည်းဝယ်လာပေးကြပါတယ်
ကျမပြီးခဲ့တဲ့အပါတ်က ကိုယ်တိုင်ဝယ်ခဲ့တာရယ် အဲဒီအရင်လူကြုံချာတိတ်မအင်ဂျင်နီယာမလေးဝယ်ပေးခဲ့တာတွေချရေးကြည့်မယ်။ ဘာတွေဘယ်လို အရင်ချက်ရမလဲလို့ ။ ဘာတွေသုံးပြီးပြီး ဘာတွေရှင်းရမလဲလို့ ။
၁။ ဘူးသီး နှစ်လုံး (ချာတိတ်မ က ဘူးသီးကြော်စားချင်လို့ တဲ့။ အိုခေ...၀ယ်ခဲ့ ဆိုတော့ သူကကိုယ်လက်ကြီးမှန်းသိလို့ နှစ်လုံး တဲ့။ ပြီးတော့သူလည်းမအားကိုယ်လည်းမအားနဲ့ ဘူးသီးနှစ်လုံးကရေခဲသေတ္တာထဲမှာခုထိ၊)
၂။ နံနံပင် နှစ်စည်း လက်ကျန် (တ၀က်သုံးပြီး တ၀က်ပျက်လုဖြစ်နေလို့ ဒီနေ့ ချစ်ချစ်ပြန်လာရင် ၀ယ်ခဲ့ပါလို့ မှာထားတယ်။ ရိုက်ပေါက်။ အဲတော့ဒါကတော့လက်ကျန်ကုန်လုအသစ်ညနေလာမယ်။ အဲဒါတွေဝယ်လာတုန်းကအရမ်းလတ်တာ မုန့် ဟင်းခါးချက်ပြီးဘူးသီးကြော်နဲ့ စားမယ်ပေါ့လေ။ ချက်ဖြစ်ပါဘူး။ ဘူးသီးလည်းမကြော်ဖြစ်တာနဲ့ ။ ငါးဆီသတ်ပြီးသားအဆင်သင့်လုပ်ထားပြီးသား။)
၃။ ငရုတ်သီးအစိမ်း အနီ ၂ ထုတ်။ အဲဒီအရင် နှစ်ထုတ် (ကိုယ်တိုင်ဝယ် နဲ့ သူငယ်ချင်းဝယ်) ရှိနေလို့ ခုထိ အဲဒီနှစ်ထုတ်ကမထိရသေးဘူး။ ငပိချက်ချက်စားရင်ကောင်းမလား။ ရှာလကာရည်နဲ့ အချဉ်တည်ပစ်ရင်ကောင်းမလား။ ငပိထပ်ထောင်းထားရင်ကောင်းမလား။ ပဲပုတ်ထောင်းရင်ကောင်းမလား။
(အော်..ဖရုံသီးတစ်လုံးကျန်သေးတယ်။း(       )
အဲဒါပြီးတော့ကိုယ်တိုင်ဟိုဖက်ပြည်နယ်က၀ယ်လာတာက
အဲဒါကြီးတစ်ထုတ်အခေါက်အသားကင်လုပ်စားဖို့ ဝယ်ထားတာလည်းရှိသေးတယ်။
 ပြီးတော့ဝက်နံရိုးတစ်ထုတ်ချစ်ချစ်ကိုအချိုပေါင်းကျွေးမယ်ဆိုပြီးဝယ်ထားတာလည်းရှိသေးတယ်။သူငယ်ချင်းမမ ကတော့ တခါတခါ ဘိုဆိုင်ကနေ သုံးထပ်သားရရလာတတ်တယ်။ သူက ဆရာဝန်သူဌေး။ လက်ကြီးတာကတော့ အိုင်အိုရာတို့  ထက် အပုံတစ်ရာကြီးတယ်။ အဲဒါ အဲလိုတွေ့ ရင် မမ က အကုန် ကျုံးဝယ်သွားတာ။ အသံပဲသူ့ စီကကြားမှသိလိုက်ရတယ်။ သူက ကိုယ်ကြိုက်မှန်းသိလို့ ကိုယ့်ကို လက်ဆောင်ပေးတော့ အဲဒါ တစ်ခါ စားလိုက်ရသေးတယ်။ )
၅။ ငါးဖယ် သုံးထုတ် ( ငါးဖယ်နဲ့ အတူငါးမြင်းလိုလို ငါးပတ်လိုလို ဟာတော့တာဝန်ကျေစွာ
ချက်စားလိုက်လို့ ကုန်သွားလို့ တော်သေး။း)   )
၆။ ဆီတိုဟူး (ကယ်လီဖိုးနီးယားမှာဝယ်စားနေကျတံဆိပ်မမှတ်မိလို့ အသစ်စမ်းဝယ်လာတာ။ ချိုချိုကြီး။ ကောင်းဘူး။ အဲဒီတံဆိပ် မ၀ယ်ကြနဲ့ ။)
ရ။ မြန်မာလို ရေးထားတဲ့ ဓညင်းသီးအိုးစိမ် (မြန်မာစာတွေ့ တာနဲ့ ..၀ယ်မယ် ၀ယ်မယ်လေ။)
၈။ မတွေ့ ရတာကြာနေတဲ့ ဆူးပုတ်ရွက် ရေခဲရိုက်။ အို..ပျောက်နေတာကြာပြီ။ နှစ်ထုတ်လောက်ဝယ်ထားလိုက်မယ်။ ကြက်သားနဲ့ ပိန္နဲသီးနဲ့ ဆူးပုတ်နဲ့ ချက်စားမယ်။ ကြက်ဥလေးနဲ့ ကြော်စားမယ်။ ၀ယ်..၀ယ်။
၉။ ပိန်းရိုး...ဟင်းခါးချက်စားလည်းကောင်းတယ်။ ကုလားဟင်းချက်စားလည်းကောင်းတယ်။ ဒီရောက်တုန်းစားရတာ။ ၀ယ်လိုက်ပါမယ်လေ။ (ဖတ်ဖိုင် (ဖတ်ဖယ်) နဲ့ သရက်ကင်းရွက်လေးတွေလည်းဝယ်ခဲ့တယ်။ တို့ စား ထောင်းစား ခတ်စား ရအောင်လို့ ။ ကြုံတုန်းလေးပြောအုန်းမယ်။ ဒီကဗီယက်နမ်တွေက အဲဒီပိန်းရိုးနဲ့ သရက်ကင်းရွက်ကို တွဲရောင်းတယ်။ ဘယ်လိုစားလည်းနောက်မှလေ့လာလိုက်အုန်းမယ်။ ပြီးတော့ နံနံပင်၊ ပူစီနံ နဲ့ ဖတ်ဖိုင်တို့ ကိုလည်းတအိတ်ထည်းမှာတွဲထဲ့ပြီးရောင်းတယ်။)
မနေ့ ကကျတော့ တရုတ်ဆိုင် ဟိုဖက်ကမ်းမှာ (အားလုံးကမနေ့ ကရေးထားတာမပြီးသေးလို့ ဒီနေ့ ဆက်ရေးနေတာပါ။)
အသစ်ဖွင့်တယ်လို့ သူများပြောသံကြားလို့ အင်တာနက်ကနေ မနေမနားရှာလိုက်တာ။ တွေ့ ပါလေရော။ Yelp မှာ ညွှန်းထားတာ ဓါတ်ပုံတွေလည်းတင်ပေးထားတော့ ကျမသဘောကျပေါ့။ သွားမယ် သွားမယ် ဖြစ်ပါလေရော။ မနက်ပိုင်းလုပ်စရာရှိတာလေးတွေလုပ်ပြီး အိမ်ပြန်ဝင် ထမင်းစားသောက်ပြီး တစ်ကြော့ပြန်ထွက်ကြတယ်။ ၂၄ မိုင်ရှည်တဲ့ တံတားကြီးကိုရှည်လျားပျင်းရိစွာ ဖြတ်ပြီးရင်တော့ ...ဟဲဟဲရောက်ပါပြီ။ အိုင်အိုရာတို့ ငတ်နေတဲ့ အေးရှန်းစာတွေရှိတဲ့ တရုတ်ဆိုင်အသစ်စက်စက်ကို။
အိမ်မှာဘာတွေရှိသေးလဲ။ မစဉ်းစားဘူး။ ကြုံတုန်းလေး...(လာပြန်ပြီ) ၀ယ်မယ်..၀ယ်မယ်။
အသားတွေအရင်ရေးလိုက်မယ်။ ၀ိုင်းစဉ်းစားရတာလွယ်အောင်လို့ ။ ဘာတွေဘယ်လို တွဲပြီးချက်စားရင်ကောင်းမလဲ ၀ိုင်းပြီး သမသွားကြပါအုန်း ..အဲလေ..အကြံပေးသွားကြပါအုန်းလို့ ...း)
၉ ။ ၀က်နားရွက်
၁၀။ ၀က်အစာအိမ်
၁၁။ ၀က်သုံးထပ်သား (ခုမှသတိထားမိတယ်။ ၀က်ချည့်ပါဘဲလား။)
၁၂။ ကန်စွန်းရွက် (၀ယ်နေကျ။ မ၀ယ်မဖြစ်။ တွေ့ လည်းလွမ်း မတွေ့ လည်းလွမ်း)
၁၄။ ကြက်ဟင်းခါးသီး (သူငယ်ချင်းကလည်းကြိုက် သူငယ်ချင်းမမကလည်းကြိုက် ကျမလည်းကြိုက်ဆိုတော့ သုံးယောက်စာ။ ၀ယ်ရမှာပေါ့။)
၁၅။ ရုံးပတီသီး
၁၆။ ဆီတိုဟူး (မကျေပွဲ။ ထပ်ဝယ်ခြင်း။ တံဆိပ်က အကျွမ်းဝင်ဘူးသလိုဘဲ။ ဟိုစောင်းသည်စောင်း စောင်းကြည့်တော့လည်း ရွှေကပုံစံနဲ့ တူသလိုလို။ အိုင်အိုရာ ကလေ တစ်ခုခုကို ကြိုက်ရင် ဆင်တူသုံးလေးစုံဝယ်တတ်တယ်။ မကြိုက်တော့ဘူးဆိုရင်နော်..ဘီရိုထဲမှာအသစ်စက်စက်ရှိနေတာကိုတောင် မမြင်ချင်ဘူး။ အရွတ်တုံး။ ခုလည်း ချိုနေတဲ့ဆီတိုဟူးကို မုန်းစိတ်နဲ့ ဝယ်မှ ဖြစ်မယ်။ ဒင်းကိုလွှတ်ပစ်ချင်နေတာ မြည်းကြည့်ပြီးကတည်းက။ စကားချပ်..အသစ်ဘူးကကောင်းပါတယ်။ )
၁၇။ ရွှေပဲညွန့် ..ဘယ်လိုလုပ်လုပ်ကြိုက်တာ ၀ယ်ထားမှ။
အခြောက်အခြမ်းတွေအကြောင်းမပြောတော့ဘူး။ သူကပုတ်သိုးမှာမှမဟုတ်တာ။
အဲဒီကပြီးတော့ သွားနေကျ အင်ဒီးယန်းဆိုင် ကိုသွားရသေးတယ်။ ပဲပြုတ်ပဲတို့ ကုလားပဲတို့ ပလာတာ ဘာညာအတွက်။
ဒါတွေက အင်ဒီးယန်းဆိုင်က...
၁၈။  မုန်လာသီး လား မုန်ညင်းသီးလားမသိဘူး။ အဲဒီအသီးလေးတွေ။ ဒါကတော့နည်းနည်းပါဘဲ။ ချစ်ချစ်ကစားမှာမဟုတ်တော့။
၂၀ ။ ကဆစ်သီးနဲ့ တူတာနောက်တစ်မျိုး ..(လာပြန်ပြီ..ဒီကဆစ်သီးလို့ မကျိန်ဆဲကြနဲ့ နော်။ စမ်းကြည့်အုန်းမယ်။ ရွှေညာသားလေးကိုလည်းပုံပြပြီးမေးရအုန်းမယ်။ ၀ယ်လိုက်ပါမယ်လေ။)
၂၁။ ဟိုတစ်ခါ    မိုးကျလက်ဖက်လိုလို ဘာလိုလို နဲ့ ကြိုက်တယ်ဆိုတဲ့အရွက်တစ်မျိုး Fenugreek တစ်စည်း...(တစ်စည်းထည်းပါ..၀ယ်မယ်နော်။)
၂၂။ ခရမ်းချဉ်သီး (ပြီးခဲ့တဲ့အပါတ်က ခရမ်းချဉ်သီးချက်ချက်ဖို့ ဆိုပြီး ပုတ်ကုန်မှာစိုးလို့ ခရမ်းချဉ်သီးတွေခြေပြီးလုံးထားတာ။ရေခဲသေတ္တာထဲမှာ မေ့သွားလို့ မနေ့ ကသွန်လိုက်ရတယ်လေ။ ဒါကြောင့်ခုမသွန်ရအောင်လို့ ဒီမှာစာရင်းပြုစုနေတာ။ အရေးတကြီး။ အထင်ကြီးစရာ) ကျမလေအလေအလွင့်ဖြစ်တာမျိုးဆိုမကြိုက်ဘူး။ ဒါပေမဲ့ဆက်တိုက်လည်းမစားနိုင်ဘူး။ ဒီနိုင်ငံမှာကပေါတော့ (ပစ္စည်း။ ပို်က်ဆံမဟုတ်) ရေခဲသေတ္တာထဲမှာသိပ်ရှုပ်တာ။ သံယောစဉ်မတွယ်ပဲပစ်စရာရှိတာပစ်မှ။ သိမ်းနေရင်သူ့ ကိုသိမ်းရတာနဲ့ ရှင်းရတာနဲ့ အချိန်ပိုကုန်အလုပ်ပိုရှုပ်တယ်။ အပိုအလုပ်လုပ်ရတာအမုန်းဆုံး။ ဒီနိုင်ငံမှာ အရှားဆုံးက အချိန်။
၂၃။ ငွေပဲသီး နည်းနည်း (သုတ်စားရလောက်အောင်တော့မများဘူး။ ချဉ်ဟင်းထဲထဲ့ချင်ထဲ့ ပြုတ်တို့ ရင်တို့ ပေါ့။ ၀ယ်..၀ယ်)
၂၄။ ခ၀ဲသီး (ဗုံလုံသီးလိုဟာယူရင်ကောင်းမလား ခ၀ဲသီးယူရင်ကောင်းမလား။ ခ၀ဲသီးကချက်စားကြော်စားပြုတ်စား ပိုအသုံးတည့်တယ်။ ခ၀ဲသီးပဲယူလိုက်မယ်။ ၀ယ်ပြန်ပြီ။)
၂၅။ ကဲ အစိုမကျ အခြောက်မကျတွေလာပြီ။ ပလာတာရေခဲရိုက်။ မတ်ပဲကြော်၊ ပကော်ဒါကြော်၊ ကြက်သွန်ကြော်၊ အသင့်စားရေခဲရိုက်။
အခုချက်ထားတာက ငါးဖယ်ကြော်ချက် (တစ်ထုတ်ပဲ)၊ အရင်အပါတ်က၀ယ်ထားတဲ့ ၀က်သားကိုအချိုပြုတ်ကြော်လေးလုပ်ထားတယ်။ ငါးဖယ်ကအနှစ်ပါတော့လေ။ ကန်စွန်းရွက်ကိုမနက်ကကြော်စားတယ်။ ငါးဖယ်ကြော်နဲ့ တွဲစားတယ်။ မနေ့ က၀ယ်လာတဲ့ ဆီတို့ ဟူးလေးနဲ့ ငရုတ်သီးစိမ်းလေးကိုက်စားတာ တော်တော်စားလို့ ကောင်းတယ်။ မိုးတွေဆက်နေလို့ ကန်စွန်းရွက်ကအရမ်းသန်ပြီးနုနေတာဘဲ။ကန်စွန်းရွက်ချဉ်ရည်ချက်ထားတယ်။
(ဒီမှာခုတစ်လောနေပူလိုက်မိုးရွာလိုက်နဲ့ ဘာရာသီမှန်းလည်းသိပါဘူး။ လူတောင်မှိုထွက်လာမှာစိုးရတယ်။ ပူလိုက်စိုစွတ်လိုက်နဲ့ ။ ညဖက်တွေကျတော့ ဗြုန်းဆို ဒီဂရီ ၃၀ လောက်ကျသွားပြန်ရော။)
မနက်ဖြန်တော့ ကြက်ဟင်းခါးသီးကြော်မယ်လေ။ (ကြော်ပြီးသွားပြီ ဒီနေ့ ရောက်နေပြီလေ ပို့ စ်ကမတင်ရသေးဘူး ဖျင်းချက်က) ဒါမှ သူငယ်ချင်းတွေကို တနလာင်္နေ့ ပေးလို့ ရမှာ။ နှစ်ယောက်စာပဲကြော်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်ကခရမ်းသီးပါမှကြိုက်တာ အစိမ်းပဲပေးလိုက်မယ်။ သူချက်တာပိုစားကောင်းတယ်။)
ရေးရင်းနဲ့ မစဉ်းစားချင်တော့ဘူး။ ဟင်းစပ်ပေးသွားကြပါအုန်း ဘော်ဘော်တို့ ရယ်။
သရက်ကင်းနဲ့ တူတာလေးတွေအခွံသင်ပါးပါးလှီးရေစိမ်ထားပြီး ချဉ်ဖတ်တည်ထားတယ်။ အဲဒီသရက်ကင်းလေးကိုလွမ်းနေတာ။ မနေ့ ကလည်း ငံပြာရည်ဖျော်နဲ့ တို့ စားတယ်။ အရမ်းကောင်းတယ်။ အလွမ်းလည်းပြေ အာသာလည်းပြေသွားတာဘဲ။
အမယ် ဒီလိုဆိုတော့လည်းအမေရိကန်ကနေပျော်သားလို့ ။ ကျေနပ်သွားတယ်။ ဖလံတောင်ဝေးလေးပါစိုက်ပြီးရောင်းကြရင်ကောင်းမှာဘဲ။း)
ပုံတွေကြည့်ပြီးမေးချင်တာမေးတော့ ဘော်ဒါတို့ ရေ။
မေးမှပဲဖြေတော့မယ်။ နို့ မို့ တင်ဖြစ်တော့မှာမဟုတ်ဘူး။း)
ဝယ်လာတာတွေ
ဒါတွေကအင်ဒီးယန်းဆိုင်က။ ဘရဏီလေးကိုအားကျလို့ ဂျလေဘီလုပ်စားမလားလို့ 
အသင့်စားမတ်ပဲကြော် ကြက်သွန်ကြော် ပကော်ဒါကြော်
ရေသရက်ကင်းနဲ့ တထပ်တည်းတူတယ်လို့ ခံစားရတယ်။ လှီးရင်တော့နဲနဲအစေးရှိသလိုဘဲမသိမသာလေးဘဲ။ စု နဲ့ ရွှေညာသားလေးရေ အလည်က ဖရဲသီးလိုမျိုးက အညာက ကဆစ်သီးနဲ့ တူလားပြောပြပါအုန်းနော်။
Fenugreek ခရမ်းချဉ် ခ၀ဲ
မုန်လာသီး လား မုန်ညင်းသီးလား။ အညာမှာ မုန်ညင်းဖူး မုန်လာဖူးတွေပေါ်ပြီးသွားရင် ငပိလေးနဲ့ နှပ်ချက်စားကြတယ်။
တရုတ်ဆိုင်က
ရွှေပဲညွန့်  ပဲတောင့်ရှည် ဆူးပုတ်ရေခဲရိုက်
ဂျင်းကုန်ခါနီးပြီ များများဝယ်သွားမယ် ဘိုဆိုင်ကဈေးကြီးတယ်။ ညာဖက်ကရုံးပတီသီး
ဒီကြက်ဟင်းခါးသီးထက် ခါးတဲ့အသီးမျိုးကိုပိုကြိုက်တယ်။ အင်ဒီးယန်းဆိုင်မှာ ၀ယ်ချင်သေးတယ်။ သိပ်မလတ်တာနဲ့ ထားခဲ့တယ်။
မျှစ်ဘူး။ ညာဖက် က ကျမကြိုက်တဲ့ဆီတိုဟူး
လက်ကျန်ဖရုံသီး။ ကြုံတုန်းလေး လိမ္မော်သီးသုံးဆောင်သွားပါအုန်း အရမ်းအရသာရှိတယ်။ ချိုချဉ်လေး ပေါ့ရွှတ်ရွှတ်ကြီးဟုတ်ဘူး။
ထွက်လာပြန်ပြီ။ လက်ကျန်တွေ မုန်ညင်းဖြူ ဘိုဆိုင်က။ ပိန်းရိုး ရှမ်းနံနံ
ငါးဖယ်ကြော် မရှိလို့ သာစားရတာ ရွှေကငါးဖယ်နဲ့ တစ်ခြားစီ
ဒီငရုတ်သီးတွေ သုံးပါတ်လောက်ရှိပြီ လတ်တုန်းဘဲ
ငါးဖယ်ကြော်ချက် ချစ်ချစ်က ဒီလိုဆိုသိပ်ကြိုက်တယ်။ ကျမက အကြော်လေးပိုကြိုက်တယ်။
ငါးဖယ်ဟင်း နံနံပင်အုပ် ရှမ်းနံနံအုပ်
တရုတ်ဆိုင်က အစိုမကျအခြောက်မကျ ပဲပြားကြော် အသုတ်စုံလုပ်စားရင်ထဲ့မလားလို့ 
ဝက်အချိုချက် ရေကျန်သေးတယ်။ ဆီပြန်သွားတာမရိုက်နိုင်တော့ဘူး
ဒီမှာကြည့်ကြပါ အိုင်အိုရာလွမ်းနေတဲ့ ရေသရက်ကင်းအတက်လေးမျိုး
ထောပတ်သီးပန်ထွေလုပ်မလို့ ( Guacamole)
မနယ်ခင်
နယ်တော့မယ်
အဆာပြေ စားလို့ ရပြီ သူတို့ က Tortilla chips နဲ့ တွဲစားတယ်။ အိုင်အိုရာက အဲဒီချစ်ပ်စ်ကိုသိပ်မကြိုက်တတ်လို့ ။ အမေရိကန်ကိုလာလည်ရင် မက်ဆီကန်ဆိုင်က Salsa တို့ Guacamole တို့ ကကျမတို့ ရွှေပါးစပ်နဲ့ တဲ့မယ့်ဟာတွေမို့ ဘာစားရမှန်းမသိသေးရင်စမ်းစားကြည့်ပါ။ မက်ဆီကန်ဆိုင်တွေမှာသူက ဖရီးပေးတာ။ ကယ်လီဖိုးနီးယားမှာများသောအားဖြင့် ကြိုက်သလောက်တောင်းလို့ ရတယ်။ အိုင်အိုရာတို့ ကျောင်းတက်တုန်းက လက်ဘ်ထဲမှာ အကြာကြီးလုပ်ရတဲ့နေ့ တွေဆို ဒါတွေပဲစားဖြစ်ကြတယ်။
အာလူးကြော်ထပ်ဖြည့်ပေးထားတယ် နည်းမှာစိုးလို့ ။အထုတ်ထဲမှာရှိပါသေးတယ်။
ထောပတ်သီးပန်ထွေ ( မက်ဆီကန်အစားအစာပါ Guacamole လို့ ခေါ်တယ်။ အိုင်အိုရာက ဆားအပြင် မြန်မာကြိုက်ဖြစ်အောင် ငံပြာရည်ထဲ့ထားပါတယ်။)
ငါးအိုးကပ် နဲ့ ငံပြာရည်ဖျော် သရက်ကင်းရွက် သရက်သီးစိမ်း ခါဂျက်ဥ တို့ စရာ ဟင်းရည်တော့မရိုက်ထားဘူး မုန်ညင်းဟင်းချိုချက်တယ် အဲတုန်းက။
ဒီမြို့ လေးက လမ်းဘေးမှာအရိုင်းပန်းလေးတွေ နေရာအနှံ့ ပွင့်နေကြတာလေး ကြုံတုန်းလေးမြင်ရအောင်
ကြာဆံကြော်
ကြာဆံကြော်
ခရမ်းသီးနှပ်စိုစိုလေးရေချန်ထားတယ်။
ဝက်သားလုံးကြော်
လာလည်လို့ အမြဲကျေးဇုူးတင်ပါတယ်ရှင်။
နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ...
ချစ်ခင်လေးစားသော...
အိုင်အိုရာ