 |
မြန်မာ့ရိုးရာဟင်းငါးရံ့ခြောက်ဆီလည်ရေလည်ချက်၊ ငါးရံ့ခြောက်ဖုတ်၊တို့ စရာစုံ၊သရက်သီးမှည့်ယွန်းပြင်းနဲ့ ပဲဟင်းချိုဂွေးထောက်ရွက်ခတ် |
 |
ကိုယ်တိုင်လုပ်ငါးရံ့ခြောက် (သုံးရက်မြောက်) |
 |
မီးသွေးမရှိတော့ ဂက်စ်မီးဖိုနဲ့ ဖြစ်အောင်ဖုတ်ရပါတယ်။း) |
 |
ထုတော့မယ်နော် |
 |
ဒါကအသားပိုင်းတစ်ခြမ်းကိုဖုတ်ထားတာပါ။ |
အရင်ပို့ စ်မှာငါးရံ့ခြောက်ခွဲတဲ့အကြောင်းထဲ့ထားတယ်လေ။ အဲဒါဒီငါးရံ့ခြောက်ပေါ့။ ဒါကပထမနေ့ မှာဖုတ်စားထားတာပါ။
 |
ဆားကိုကိုယ်နှစ်သက်သလောက်လေးဘဲထဲ့ထားတော့အရမ်းစားလို့ ကောင်းပါတယ်။ လတ်လည်းလတ်ဆတ်တော့ထုရတာလည်းမွနေတယ်။အပေါ်ကကြွတ်ကြွတ်လေးနဲ့ အတွင်းကမွမွလေးဆိုတော့အိုင်အိုရာ့အကြိုက်ပေါ့။း) |
 |
ထပ်တောင်စားချင်လာပြီနော်။ ဒါကကျန်တဲ့အသားပိုင်းကိုဒုတိယတစ်ခါထပ်ဖုတ်ထားတာပါ။ (သုံးရက်မြောက်မှာရတယ်။ လေးရက်မြောက်နဲ့ ငါးရက်မြောက်မှာဆက်တိုက်စားပစ်လိုက်တယ်လေ။) |
 |
ငါးရံ့ခြောက်ဗိုက်သားတွေနဲ့ အရိုးတွေကိုခရမ်းချဉ်သီးနဲ့ ဆီလည်ရေလည်ချက်ထားတာပါ။ (Salty Snake-head fish curry) |
ပထမနေ့ ကငါးခြောက်အသားပိုင်းတစ်ဝက်ကိုဖုတ်စားပါတယ်။ နောက်နေ့ ကျတော့ဖုတ်စားတဲ့အပြင်ဖုတ်စား
လို့ မကောင်းတဲ့ဗိုက်သားနဲ့ အရိုးပိုင်းတွေကို ခရမ်းချဉ်သီးများများနဲ့ ဆီလည်ရေလည်လေးချက်စားပါတယ်။ ချက်နည်းကတော့ မြန်မာဟင်းထုံးစံအတိုင်း ကြက်သွန်ဖြူနီအလောတော် (အနှစ်များများကြိုက်ရင်များများထဲ့)ကိုငရုတ်သီးမှုန့် နဲ့ ရောထောင်းပြီးဆီသတ်။
မွှေးပြီးကျက်လာတော့ခရမ်းချဉ်သီးလှီးထားတာတွေထဲ့ပြီးနှစ်သက်
သလောက်ခြေပေးပေါ့။ အိုင်အိုရာက ခရမ်းချဉ်သီးတွေအရမ်းကြေတာထက် ဖိုးလိုးဖတ်လတ်လေးတွေကိုပိုသဘောကျတော့ လုံးဝကြေသွားအောင်မခြေပဲ ပုံထဲကလောက်ကြေတဲ့အချိန်မှာ ရေဆေးပြီးတုံးတစ်ထားတဲ့ ငါးရံ့ခြောက်တွေကိုထဲ့ပါတယ်။ လုံးပြီးအဖုံးလေးခဏအုပ်။ ရေခမ်းတော့မှ ရေထပ်ထဲ့ပြီး ဆူတဲ့အထိထားပါတယ်။ ငါးရံ့ခြောက်အရသာလေးထွက်အောင် ခဏဆက်ပြီးဆူအောင်ဆက်တည်ထားပါတယ်။ ငါးခြောက်လည်းအလောတော်လေးနူး (သိပ်မပျော့သိပ်မမာလေးမှကျမကကြိုက်ပါတယ်)ရင်အပေါ့အငန်မြည်း။ ငါးရံ့ခြောက်ကချက်လိုက်တော့တော်တော်လေးပေါ့သွားလို့ ငံပြာရည်နဲ့ ဆားနဲနဲထဲ့ပါတယ်။ အားလုံးနှစ်သက်တဲ့အနေအရည်လည်းဆီလည်ရေလည်၊ ဖြစ်ပြီဆိုရင် ညှပ်ထားတဲ့ငရုတ်သီးစိမ်းတွေထဲ့ ပြီးတော့ နံနံပင်တွေ အများကြီးအုပ်ပြီးချလိုက်ရုံပါဘဲ။ ချက်နေတုန်းမှာကိုတအားမွှေးလို့ ဗိုက်ကအရမ်းကိုဆာလာတာပါဘဲ။း)
 |
Burmese taste: Burmese salty fish curry with tomatoes, green chili and cilantro |
ငါးရံ့ခြောက်ဟင်းချက်နေတုန်းမှာ တစ်ဖက်ကလည်း ပဲနောက်ဟင်းချိုကိုကြဲကြဲလေးတည်ထားပါတယ်။ အိုင်အိုရာက ပဲသိပ်မကြိုက်တော့ တမင်နောက်တယ်ဆိုရုံကြဲကြဲလေးချက်ပါတယ်။ ရေဆေးပြီးသဲမပါအောင်ကျင်ထားတဲ့ပဲကို ဆီနဲနဲလေးနဲ့ ကြက်သွန်နီနဲ့ ဆနွင်းနဲနဲ နဲ့ အရင်လုံးပါတယ်။ ခဏနေတော့မှရေထဲ့ပြီးဆူအောင်တည်ပါတယ်။ ပဲနောက်ဆိုတော့ နူးလွယ်ပါတယ်။ ခဏလေးနဲ့ နူးသွားပြီး အရည်လေးနောက်ရင် ဂျင်းရယ်၊ကြက်သွန်ဖြူနီရယ်ကိုဆီသတ်ပြီးပဲအိုးထဲထဲ့။ ပဲဟင်းရည်နဲနဲဆီသတ်ထားတဲ့အိုးထဲရှဲကနဲလောင်းထဲ့ပြီးပဲအိုးထဲပြန်ထဲ့။ ပဲဟင်းရည်လည်းမွှေးလာတော့ ဆား နဲ့ ငံပြာရည်ထဲ့ပြင်။ ကြက်သားမှုန့် နဲနဲထဲ့။ စားခါနီးကျတော့ ဂွေးထောက်ရွက်ခတ်လိုက်ပေါ့။ (ကျမကဂွေးထောက်ရွက်ကြိုက်လွန်းလို့ မြန်မာဆိုင်ကအခြောက်ထုတ်လေးဝယ်ထားတာထဲ့ရပါတယ်။ အာသာပြေလေးစားချင်တော့လည်း အရွက်ခြောက်လေးတွေကကြေမွနေပေမဲ့ ယုယုယယလေး သိမ်းထားပြီးချက်စားရပါတယ်ရှင်။း)
 |
ပဲဟင်းချိုဂွေးထောက်ရွက်ခတ် |
 |
အားလုံးခူးခပ်ပြီးပြီ။း) စားဘို့ အသင့်နော်။ ဓါတ်ပုံတောင်သိပ်မရိုက်ချင်တော့ဘူး အရမ်းစားချင်နေလို့ ။း) |
တို့ စရာစုံကိုတော့အဆင်သင့်ရှိနေတာတွေနဲ့ ပြင်လိုက်ပါတယ်။ မျှစ်ဘူးထဲကမျှစ်ကိုရေစင်စင်ဆေး၊ ဓညင်းသီးဆားရည်စိမ် (ထိုင်းကလာတာ)လေးထဲ့၊ ဆလတ်ရွက်၊ နံနံပင်၊ပူစီနံ၊ရှမ်းနံနံနဲ့ ပြင်ပြီးသွားတော့ထမင်းဝိုင်းကိုထိုင်ချင်လှပြီ။
 |
အဲဒီရက်ပိုင်းတွေမှာ Cheese cake ပဲလုပ်လုပ်ပေးဖြစ်နေလို
့အချိုတည်းရအောင်တင်ပေးလိုက်ပါတယ်ရှင်။
တိုက်တိုက်ဆိုင်အိုင်အိုရာထိုးထားတဲ့ပန်းအိုးက
ချိစ်ကိတ်ရယ်စတော်ဘယ်ရီရယ်နဲ့ သွားလိုက်ဖက်နေတာဓါတ်ပုံရိုက်ရင်းနဲ
့မှသတိထားမိလို့ ဘာရယ်မဟုတ်ကြည်နူးမိသွားသေးတယ်။း) |
အားလုံးလည်းအပျင်းပြေ သို့ မဟုတ် အလွမ်းပြေမြန်မာထမင်းဝိုင်းလေးကိုအားပေးသွားပါအုန်းလို့ ။
လာလည်တဲ့မိတ်ဟောင်း၊မိတ်သစ်၊သူငယ်ချင်းဟောင်း၊သူငယ်ချင်းသစ်၊တိတ်တိတ်လေးပဲဖတ်သွားသူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။ အားတဲ့အခါများနဲ့ ပျင်းတဲ့အခါများမှာလည်းထပ်လာလည်ပါအုန်းလို့ ဖိတ်ပါတယ်ရှင်။ ကျမဘလော့ကိုလာလည်တဲ့သူများစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ......
အားလုံးကိုခင်မင်လေးစားသော...
အိုင်အိုရာ
ငါးရံ့ခြောက်ဖုတ်တင်ပေးအုန်းနော်ဆိုတဲ့သူငယ်ချင်းလေးရေ။ တင်လိုက်ပြီနော်။း)