သိပ်ပြီး ပညာရပ်ဆိုင်တဲ့ ပုံစံမျိုးမဆွေးနွေးဘဲ လူတိုင်းအလွယ်နားလည်နိုင်အောင် ပြောဘို့ လိုတယ်လို့ မြင်ပေမဲ့ နဲနဲတော့ ကျယ်ဝန်းပါတယ်။ သဘာ၀၀န်းကျင်ကလည်း ကျယ်ဝန်းတာကိုး။ အလုံးစုံသိဘို့ လည်းမလွယ်ပါဘူး။ အတတ်နိုင်ဆုံး တော့ အခြေခံ Concept လေးရအောင် တွေးခေါ်ယူဆပုံလေးကို ပြောပြချင်ပါတယ်။ ကျမတို့  နိုင်ငံကသူတွေအတွက်ပေါ့။ အထူးသဖြင့် လူငယ်များကို ပိုသိစေချင်ပါတယ်။ ဒါမှ တချိန်ချိန် စီမံဆုံးဖြတ် ရန်ရှိတဲ့အခါ ဒီလိုတွေးခေါ်ယူဆပြီး မှန်ကန်တဲ့ ဆုံးဖြတ်စီမံမှုများ ဖြစ်လာစေချင်ပါတယ်။
သက်ရှိရယ်လို့ ဖြစ်လာရင် ရှင်သန်နိုင်ဘို့ အတွက် စွမ်းအင်လိုပါတယ်။ ဒီစွမ်းအင် ကို အဓိက ပံ့ပိုးတာကတော့ နေရောင်ခြည်ပါ။ အပင်များ ရှင်သန်ဘို့ ရေ၊မြေဆီလွှာ နဲ့ နေရောင်ခြည်လိုပါတယ်။
|
Food Chain (Source: Google.com) |
ဒီပုံမှာ အခြေခံ ပြထားတာကတော့ Food Chain လို့ ခေါ်တဲ့
အစာကွင်းဆက်ပါ။ သဘာဝအရင်းအမြစ်ဆိုင်ရာ ထိန်းသိမ်းမှုတခုလုပ်ရန်လိုမလို သို့ မဟုတ် လုပ်ရန်လိုနေပြီဆိုရင် ဒီအစာကွင်းဆက်ကို အမြဲလေ့လာ စဉ်းစားရမှာဖြစ်ပါတယ်။ ပထမဆုံးအပင်အားလုံး ရှင်သန်ဘို့ နေရောင်ခြည်လိုပါတယ်။ ဒီအပင်တွေကို စားသုံးပြီးမှ ရှင်သန်ရတာကတော့ Herbivore ခေါ် အသီးရွက်စားသတ္တ၀ါ (ဥပမာ..သမင်၊ဒရယ်၊ဘောက်ဖတ်) တွေပါ။ အဲဒီ အပင်စားသတ္တ၀ါတွေတွေကို သားစားသတ္တ၀ါ (Carnivore) တွေက စားသုံးပြီး အသက်ရှင်သန်ရပါတယ်။ ကျားလို ခြသေ့င်္လို အကောင်မျိုးတွေပေါ့။ (တချို့ သတ္တ၀ါတွေက တော့ အပင်ရော၊ အသားရော စားပြီး ရှင်သန်ကြပြန်ပါသေးတယ်။ ကျမတို့ လို လူတွေပေါ့။ Omnivore ခေါ် အစုံစားသတ္တ၀ါတွေပေါ့။) ဒီထိတော့ ရှင်းမယ်ထင်ပါတယ်။ နေရောင်ခြည်ကြောင့် အပင်တွေဖြစ်ထွန်း၊ ဖြစ်ထွန်းတဲ့ အပင်တွေကို အပင်စားသတ္တ၀ါတွေက စားသုံးပြီး ရှင်သန်၊ အဲဒီရှင်သန်နေတဲ့ သတ္တ၀ါတွေကို အသားစားသတ္တ၀ါတွေကစားပြီး ရှင်သန်၊ အဲဒီ အပင်စားတွေကိုရော၊ အသားစားတွေကိုရော၊ အပင်တွေကို ရောစားတဲ့ အစုံစားသတ္တ၀ါက လည်း အဲဒါတွေကို စားသုံးပြီး ရှင်သန်။ ဒီတော့ အပင်တွေကို ကျမတို့ က primary producer ပင်မထုတ်လုပ်ပေးသူ လို့ သတ်မှတ်နိုင်ပါတယ်။ အပင်စားသတ္တ၀ါများကတော့ primary consumer ပင်မစားသုံးသူ၊ အသားစားသတ္တ၀ါများက secondary consumer ဒုတိယမြောက်စားသုံးသူ လို့ ယူနိုင်ပါတယ်။ ( လေ့လာတဲ့ range ပေါ်မူတည်ပြီး အဆင့်တွေ ကွဲမှာပါ။ တချို့ နေရာမှာ တတိယလယ်ဗယ်ရှိနိုင်သလို ဘေးတို က် ရော ထက်အောက်ရောဖြာနေတဲ့ food web (အစာကွန်ယက်)တွေလည်း ရှိပါတယ်။ ဒါကတော့ သိပ်အသေးစိပ်သွားလို့ ရှိသေးတယ်လို့ သိထားရုံဘဲမှတ်ထားစေလိုပါတယ်။)
အပင်တွေသေတော့ မြေဆီလွှာထဲပြန်ရောက်။ အပင်တွေကို စားတဲ့ အပင်စားတွေ သေတော့ မြေဆီလွှာထဲပြန်ရောက်။ အစုံစားတွေသေတော့မြှေဆီလွှာထဲပြန်ရောက်။ အသားစားတွေသေတော့ မြေဆီလွှာထဲပြန်ရောက်။ ဒီအဆင့်မှာ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပိုးမွှားအင်းဆက်တွေက (Detritivore) လည်း သေသွားတဲ့အပင်တွေ အကောင်တွေကို အားလုံး ကြေမွသွားတဲ့ ထိ စားသုံးကာ ရှင်သန်ကြပြီး သေသွားတော့ မြေဆီလွှာထဲပြန်ရောက်။ နေရောင်ခြည်ကြောင့် မြေဆီလွှာကနေ အပင်တွေ တဖန်ဖြစ်ထွန်းလာ။ အပင်တွေကို ပြန်စားကြ။ အပင်စားတွေကို အသားစားတွေက ပြန်စားကြ။ သေသွားကြ။
ပြန်ရှင်သန်လိုက်။ သေလိုက် နဲ့ သဘာဝချိန်ခွင်လျှာ (Nature balance)က ကမ္ဘာကြီး ကိုညီမျှနေစေပါတယ်။
ဒါကြောင့်မို့ လို့ ဒီကမ္ဘာကြီး ချိန်ခွင်လျှာညီမျှနေ ဘို့ အားလုံး ကမျှနေဘို့ လိုပါတယ်။ (ဘယ်အချိုးလည်းလို့ တော့မမေးနဲ့ နော်။ Common sense နဲ့ အချိုးအဆတမျိုး အနေနဲ့ မျှနေဘို့ လိုတယ်လို့ ယူဆဘို့ ပါ။ ဒါပေမဲ့ လိုအပ်လာရင်တော့ သီးသန့် ပညာရှင်တွေမှ လေ့လာပြီး တွက်ချက်ရမှာပါ။ အရင်တော့လေ့လာရအုန်းမှာပါ။) တခုခုကို အလွန်အကျွန် ထုတ်ယူသုံးစွဲစားသုံးဖျက်ဆီးပစ်မယ်ဆိုရင် ဒီချိန်ခွင်လျှာက မညီနိုင်တော့ဘဲ တဘက်စောင်းနင်း နဲ့ ကမောက်ကမ ပြိုကျပျက်စီးသွားမှာပါ။
|
တခုကိုတခုမှီကာတည်တံ့ညီမျှနေသော အခြေအနေ |
ဒါ့ကြောင့် မို့ လို့ အပင်တွေ၊ သတ္တ၀ါတွေ၊ သဘာဝအရင်းအမြစ်တွေကို
(Sustainable use) ရေရှည်ခံတဲ့နည်း နဲ့ အစဉ်သုံးစွဲ နိုင်အောင် ထိန်းသိမ်းဘို့ လိုအပ်တာပါ။ ဒီပုံမှာ လိမ္မော်သီးတွေ မပြိုမလဲ တည်တံ့နေပုံကို ကမ္ဘာကြီးထဲမှာ သဘာဝအရင်းအမြစ်တွေ (အပင်တွေ၊ သတ္တ၀ါတွေ၊ ရေတွေ၊ သတ္တုတွေ စသဖြင့်) သဘာဝချိန်ခွင်လျှာ မျှပြီး ညီနေသလို တွေးကြည့်ပါ။ ပြီးတော့ အလည်လို၊ အောက်ဆုံးလို က တလုံးလုံးကို (သစ်တောတခုခု သို့ မဟုတ် အကောင်တမျိုးမျိုး လို့ တွေးပြီး) ဆွဲထုတ်ယူကြည့်လိုက်မယ်လို့ တွေးကြည့်လိုက်ပါ။
ဟုတ်ပါတယ်။ မှန်ပါတယ်။ အားလုံး ပြိုဆင်းသွားမှာပါ။ မျှတတည်တံ့နေတဲ့အခြေပျက်သွားမှာပါ။ ဒီတော့ ဒီဥပမာ လေးနဲ့ ယှဉ်ပြီး ကျမတို့ တွေ သတ္တ၀ါတွေ၊ အပင်တွေ စုစည်းဖြစ်တည်နေတဲ့ သဘာဝချိန်ခွင်လျှာမျှနေမှု ကို မပြိုလဲ သွားအောင် ထိန်းသိမ်းဘို့ လိုအပ်တာပေါ့။ ဒါကြောင့် သဘာဝအရင်းအမြစ်တွေကို လူသားများက
သတိနဲ့ ဥာဏ်နဲ့ ဆင်ခြင်ထုတ်ယူသုံးစွဲသင့်သလို ကျန်းမာကြံ့ခိုင်တဲ့ ကမ္ဘာကြီး အဖြစ်တည်တံ့အောင် သဘာဝအရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းနေဘို့ လိုအပ်တာပါ။
ဒီလိုထုတ်ယူထိန်းသိမ်းတယ်ဆိုတာကလည်း တနေ့ ကို ရွှေဥတလုံးဥပေးနေတဲ့ ငန်းကို သတ်ပြီး ဗိုက်ထဲမှာ လောလောဆယ်ရှိတဲ့ဥကို ထုတ်ယူတာမျိုးမဟုတ်ဘဲ၊ ရွှေဥကို နေ့ စဉ် ရသွားအောင် ငန်းကိုစောင့်ရှောက်မွေးသွားသလိုမျိုး ထိန်းသိမ်းရင်းထုတ်ယူသွားရမှာပါ။ ဥပမာ..သစ်တောတွေကို အရှည်သဖြင့် သုံးစွဲသွားနိုင်အောင် စနစ်တကျ ထုတ်ယူရပါမယ်။ သူဆက်လက်ပြန့် ပွားနိုင်ဘို့  အခွင့်ရှိနေရပါမယ်။ အရင်တုန်းက ကျွန်းသစ်ထုတ်မယ်ဆိုရင် နှစ်သုံးဆယ်နေမှ အဲဒီသစ်ကွက်ကို တခါပြန်ထုတ်ပါတယ်။ သစ်တောတခုလုံး စက်ယန္တရားနဲ့ တိုက်ပြီး အပြောင်မရှင်းပစ်ပါဘူး။ နောက်ဆုံးတော့ ပြောမယ်ဆိုရင် လူသားများ အရှည်တည်တံ့အောင် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းနေရခြင်းဖြစ်ပါတယ်။ အားလုံးပျက်စီးပြုန်းတီးသွားပြီးရင်တော့..နောက်ပြုန်းတီးသွားမှာကတော့ ကျမတို့ လူသားများဖြစ်မှာပါ။
ကျမသိပ်အများကြီး ရှုပ်ထွေးအောင် မပြောချင်ပါဘူး။ ဘာကြောင့် သဘာဝအရင်းအမြစ်တွေ ကို ထိန်းသိမ်းရမှာလဲ ဆိုတဲ့ မေးခွန်း ကို အစာကွင်းဆက်ဆိုတဲ့ အခြေခံသဘောတရား စဉ်းစားပုံလေး သိစေချင်ရုံလောက်ပါ။ ဒီအစာကွင်းဆက်ကြောင့် တစုံတခု မရှိတော့ရင် ပျက်စီးသွားရင် တခြားတစုံတရာကို ဘယ်လိုသွားပြီး ပတ်သက်ထိခိုက်စေနိုင်တယ် ဆိုတဲ့ တွေးတောယူဆမှုမျိုးကို တွေးကြည့်ဘို့ ပါ။ တခုချင်းရဲ့ (role) အရေးပါမှုကို စဉ်းစားရပါမယ်။ ဥပမာ..ငှက်မရှိတော့ရင် ဘာဖြစ်မလဲဆိုတာ တွေးကြည့်ရင်ဒီလိုပေါ့။ ငှက်တွေက ပိုးမွှားအင်းဆက်တွေ စားတယ်။ တချို့ အသီးတွေစားတယ်။ ဒီတော့ ငှက် (Omnivore/Carnivore) မရှိရင် ပိုးမွှားအင်းဆက်တွေ ကိုစားမဲ့သူမရှိတော့ ပိုးမွှား အင်းဆက်တွေ (Herbivore) အလွန်အကျွန်များလာပြီး သီးနှံတွေကို အလွန်အကျွန်စားပြီးဖျက်ဆီးတဲ့အဆင့်ဖြစ်သွားပါမယ်။ ဒီတော့လူ တွေရဲ့ ရှင်သန်မှုကို ထိခိုက်လာပါလိမ့်မယ်။ အသီးတွေ စားပြီး အပင်တွေရဲ့ မျိုးစေ့တွေကို နေရာအနှံ့ မှာ အညစ်အကြေးအဖြစ်ပြန်စွန့် ထုတ်ရာကနေ အပင်တွေ မျိုးဆက်ပြန့် ပွားစေတဲ့ စနစ် (Seed dispersal) ကိုလည်း ထိခိုက်ပျက်စီးသွားစေမှာဖြစ်ပါတယ်။ ဒါလေးက သေးသေးလေးကွက်ပြီး တွေးကြည့်ရုံဘဲရှိပါသေးတယ်။ ထိန်းသိမ်းရေး သဘောတရား အခြေခံပေါ့။ တကယ့်လောကကြီးထဲမှာတော့ အဲဒီလို ဆက်စပ်တည်မှီနေတာတွေ ဟာများပြားလှပြီး ကွန်ယက်လို ယှက်နွယ်နေတာပါ။ သမုဒ္ဓရာထဲမှာလည်း Plankton လို့ ခေါ်တဲ့ရေမှော်အပင်သေးလေးတွေကနေ ဝေလငါးလို သတ္တ၀ါကြီးအထိဟာ အစာကွင်းဆက် တွေဆက်စပ်နေတာပါ။ တခုခုပျောက်သွားရင် တခြားတခုခု လည်းလိုက်ပျောက်သွားတာပါဘဲ။
ကြွက်တွေသိပ်များနေရင်၊ ကြွက်တွေကို စားတဲ့ကောင်တွေ နဲနေသလားလို့ စဉ်းစားကြည့်နိုင်ပါတယ်။ မြွေလိုမျိုး၊ သိန်းတို့ စွန်တို့ ဇီးကွက်တို့ လို သူ့ ကို စားတဲ့အကောင်တွေ နဲနေသလား။ တွေးရပါမယ်။ တခါက ဗီယက်နမ်မှာ စပါးတွေ အထွက်နှုန်းအရမ်းကျတာကြောင့်ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုပြီးသိရအောင် သုတေသနလုပ်တော့ မြွေတွေကို သတ်ပြီး ရောင်းနေကြလို့ ဆိုတဲ့ အဖြေကိုတွေ့ ရပါတယ်။ စပါးဖျက်တဲ့ ကြွက်တွေ(အသီးအရွက်စား)ကို မှန်မှန် စားနေတဲ့ မြွေ (သားစားသတ္တ၀ါ) နဲသွားတဲ့အတွက် (တနည်းပြောရမယ်ဆိုရင် ချိန်ခွင်လျှာမညီတော့လို့ ) ကြွက်တွေအရမ်းပေါများလာပြီး စပါးထွက်နှုန်းကို သိသိသာသာပျက်အောင် ဖြစ်စေခဲ့တာပါ။
ဒီလို တွေးယူရမယ်ဆိုတာ သိပြီးတဲ့နောက်မှာ တော့ ဘာဘဲဖြစ်ဖြစ် အဲဒီ ကွင်းဆက်လေး သိရအောင် စဉ်းစားလေ့ လာသုတေသနလုပ်ပြီး လိုအပ်တာတွေ လုပ်ဘို့ ရှိလာရင် နည်းပညာများ၊ မဟာဗျူဟာများ နဲ့ အကောင်အထည်ဖေါ်ကြရမှာပါ။ ဒါ့အပြင် သဘာဝအရင်းအမြစ်တွေတခုချင်းအလိုက် လည်း အရေးပါတဲ့ ကဏ္ဍတွေရှိပါတယ်။ ဥပမာ.. သစ်ပင်တွေက ကာဗွန်စုတ်ယူတာမျိုး၊ ဒီရေတောက ပုဇွန်တွေ မျိုးပွားတဲ့နေရာအဖြစ်ပံ့ပိုးပေးတာမျိုး၊ အင်းတွေအိုင်တွေက မိုးရေကို မြေအောက်မှာ စုဆောင်းထားပြီး ပူပြင်းတဲ့ရာသီမှာ စိမ့်ထုတ်ပေးတာမျိုး၊ မြစ်ရေကြီးတဲ့အရှိန်ကို လျော့နဲစေတာမျိုး စသဖြင့်တခုချင်းအလိုက် အရေးပါကြပါတယ်။ ဒါတွေကို ဖျက်ဆီးပစ်တဲ့အတွက် သူတို့ ရဲ့ ယန္တရားတွေပျက်ပြီး ကမ္ဘာကြီးပူနွေးလာတာ၊ ပုဇွန်တွေပေါပေါများများမစားနိုင်တော့တာ၊ ရေရှားလာတာ၊ မြစ်ရေတွေလျှံတာ စတဲ့ ဆိုးကျိုးတွေ ကိုခံစားကြရမှာပါ။ တကယ်တော့ ဆန်းစစ်လိုက်ရင် လူသာလျှင် အဓိကပါ။ သဘာဝအရင်းအမြစ်များကို အဓိက ဖျက်ဆီးနေတာ သူ့ ကိုအမှီပြုနေထိုင်နေတဲ့ ကျမတို့ လူသားများဘဲဖြစ်ပါတယ်ရှင်။ ဒါကြောင့်မို့ လို့ သဘာဝထိန်းသိမ်းရေး အတွေးအမြင်များ လူသားတိုင်းမှာ အထူးသဖြင့် ကျမတို့ နိုင်ငံသားတွေမှာ ရှိလာဘို့ အလွန်အရေးကြီးပါတယ်။ သိသောသူများက မသိသေးသောသူများကို တဆင့်ဖြန့် ဝေပေးဘို့ လည်း လိုပါတယ်။ ဒါမှလည်း ကျမတို့ ရဲ့ သဘာဝအရင်းအမြစ်တွေကို တန်ဘိုးထားရကောင်းမှန်း သိနားလည်လာမှာပါ။
အခုလောက်ဆိုရင် ကျမတို့ ရဲ့ သဘာဝအရင်းအမြစ်တွေကို ဘာကြောင့် ထိန်းသိမ်းသင့်တယ်ဆို တာ များများမဟုတ်သော်လည်း ရေးရေးတော့ ပေါ်လာမယ်လို့ ထင်ပါတယ်။
မပေါ်လာဘူးဆိုရင်တော့ ကျမရဲ့ ရေးသားမှုညံ့ဖျင်းတာကြောင့်သာဖြစ်ပါလိမ့်မယ်ရှင်။ ဒီအထိ သီးခံပြီးဖတ်လာတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
Citation:
Krebs, C. 2001. Ecology: the experimental analysis of distribution and abundance, 5th Edition
Notes from various training courses attended by the writer